ဂျပန်နိုင်ငံသို့ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအတွက် ဒုတိယအကြိမ် ကယ်ဆယ်ရေးလေယာဉ်အား ဇွန်လတတိယပတ်တွင်ပျံသန်းရန် ဂျပန်နိုင်ငံအခြေစိုက် ANA လေကြောင်းလိုင်းဖြင့် ညှိနှိုင်းဆောင်ရွက်နေ

ဂျပန်နိုင်ငံသို့ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအတွက် ဒုတိယအကြိမ် ကယ်ဆယ်ရေးလေယာဉ်အား ဇွန်လတတိယပတ်တွင်ပျံသန်းရန် ဂျပန်နိုင်ငံအခြေစိုက် ANA လေကြောင်းလိုင်းဖြင့် ညှိနှိုင်းဆောင်ရွက်နေ
ANA လေကြောင်းလိုင်းမှ လေယာဉ်တစ်စီးအားတွေ့ရစဉ်
ANA လေကြောင်းလိုင်းမှ လေယာဉ်တစ်စီးအားတွေ့ရစဉ်
Published 15 June 2020

ဂျပန်နိုင်ငံသို့ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအတွက် ဒုတိယအကြိမ် ကယ်ဆယ်ရေးလေယာဉ်အား ဇွန်လ တတိယပတ်တွင် ပျံသန်းရန် ဂျပန်နိုင်ငံအခြေစိုက် ANA လေကြောင်းလိုင်းဖြင့် ညှိနှိုင်းဆောင်ရွက်နေကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

တိုကျိုမြို့ရှိ မြန်မာသံရုံးအနေဖြင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ မေတ္တာရပ်ခံချက်အရ တိုကျိုမြို့မှ ရန်ကုန်မြို့သို့ ဒုတိယအကြိမ် ကယ်ဆယ်ရေးလေယာဉ်ကို ၂၀၂၀ ပြည့်နှစ် ဇွန်လတတိယပတ်တွင် ထပ်မံပြေးဆွဲနိုင်ရန် မြန်မာအစိုးရထံ တင်ပြထားပြီး ခွင့်ပြုချက်ရရှိပါက ဂျပန်နိုင်ငံအခြေစိုက် ANA လေကြောင်းလိုင်းရုံးချုပ်နှင့် ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

တိုကျိုမြို့မှ ရန်ကုန်မြို့သို့ ဒုတိယအကြိမ် ကယ်ဆယ်ရေးလေယာဉ်တွင် ခရီးသည် ၁၈၀ ခန့် လိုက်ပါနိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလိုသူများအနေဖြင့် မြန်မာသံရုံး၏ အီးမေး labour@ Myanmar-embassy-tokyo.net သို့ လိုအပ်သည့် အချက်အလက်များအား စာရင်းပေးပို့ရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာသံရုံးအနေဖြင့် COVID-19 ကူးစက်မှုကို ကန့်သတ်ထိန်းချုပ်နိုင်ရန် ချမှတ်ထားသည့် အစီအမံများကြောင့် ဂျပန်နိုင်ငံတွင် အခက်အခဲများ ရင်ဆိုင်နေကြရသော မြန်မာနိုင်ငံသားများနှင့် မိသားစုဝင် ၁၉၅ ဦးအား မြန်မာအစိုးရ၏ ခွင့်ပြုချက်ဖြင့် မေ ၂ ရက်က ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီးဖြစ်သည်။

ANA လေကြောင်းလိုင်းက ဂျပန်နိုင်ငံသို့ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအတွက် ကယ်ဆယ်ရေးခရီးစဉ်များအား မေ ၉ ရက်နေ့အထိ ပျံသန်းခဲ့ပြီး နာရီတာ-ရန်ကုန် ပုံမှန်ခရီးစဉ်ပျံသန်းမှုအား ဇူလိုင် ၃၁ ရက်အထိ ရပ်နားထားကြောင်း သတင်းရရှိသည်။

“ ANA လေကြောင်းလိုင်းအနေနဲ့ ဂျပန်နိုင်ငံကိုရောက်နေတဲ့ မြန်မာနိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံကနေ ဂျပန်နိုင်ငံကို ပြန်လည်ထွက်ခွာလိုတဲ့ ဂျပန်နိုင်ငံသားတွေအတွက် ကယ်ဆယ်ရေးခရီးစဉ်တွေကို ၂၀၂၀ ပြည့်နှစ် မေလ ၉ ရက်နေ့အထိ ပျံသန်းခဲ့ပါတယ်။ ခုလက်ရှိမှာတော့ ကယ်ဆယ်ရေးခရီးစဉ်တွေ ပျံသန်းမှု ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။ နာရီတာ-ရန်ကုန် ပုံမှန်ခရီးစဉ်ပျံသန်းမှုကိုတော့ ဇူလိုင် ၃၁ ရက်နေ့အထိ ရပ်နားထားပါတယ်” ဟု ANA လေကြောင်းလိုင်းမှ တာဝန်ရှိသူက ပြောကြားသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နိုင်ငံတကာမှ ခရီးသည်တင်လေယာဉ်များ ပြေးဆွဲခွင့်ကာလအား ၂၀၂၀ ပြည့်နှစ် ဇွန် ၁၅ ရက်အထိ ထပ်မံတိုးမြှင့်သတ်မှတ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတို့၏ ထုတ်ပြန်ချက်များအရ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နိုင်ငံတကာမှ ခရီးသည်တင်လေယာဉ်များ ဆိုက်ရောက်ခွင့်ကို ၂၀၂၀ ပြည့်နှစ် မတ် ၃၀ မှစတင်ပြီး ယာယီရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။

Most Read

Most Recent