၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို COVID-19 ရောဂါထိန်းချုပ်နိုင်မှုအပေါ် မူတည်ပြီး သတ်မှတ်ကြေညာသွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ပြောကြား

၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို COVID-19 ရောဂါထိန်းချုပ်နိုင်မှုအပေါ် မူတည်ပြီး သတ်မှတ်ကြေညာသွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ပြောကြား
ဓာတ်ပုံ - ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်
ဓာတ်ပုံ - ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်
Published 3 June 2020
ပြည့်ဖြိုးအောင်

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို လက်ရှိဖြစ်ပေါ်နေသည့် COVID-19 ရောဂါ ထိန်းချုပ်နိုင်မှုအပေါ် မူတည်ပြီး သတ်မှတ်ကြေညာသွားမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ပြောကြားသည်။

ဇွန် ၂ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်နှင့် မဲရုံများ သတ်မှတ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ အမှာစကား ပြောကြားရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ယင်းကဲ့သို့ ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲက သတင်းထုတ်ပြန်ထားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ယခုအချိန်ကာလသည် ကမ္ဘာတစ်ဝန်း COVID-19 ရောဂါ ဖြစ်ပွားလျက်ရှိပြီး မြန်မာနိုင်ငံတွင်လည်း COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသနိုင်ရေးအတွက် အားလုံးဝိုင်းဝန်း ကြိုးစားနေသည့် အချိန်ဖြစ်ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် လက်ရှိအချိန်တွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ COVID-19 ရောဂါနှင့် ပတ်သက်၍ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရ တတိယအကြိမ် လွှတ်တော်သက်တမ်းအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ် နှောင်းပိုင်းကာလတွင် ကျင်းပပေးရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များအရ ဆောင်ရွက်သင့်သည့် လုပ်ငန်းများကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားသည်။

ရွေးကောက်ပွဲ ကျင်းပမည့်ရက်နှင့် စပ်လျဉ်း၍ ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ရွေးကောက်ပွဲ မကျင်းပမီ ၂ လနှင့် ၂၄ ရက် အလိုတွင် ကြိုတင်ကြေညာပေးခဲ့ပြီး ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပမည့် ရက်ကိုလည်း ၄ လ ကြိုတင်ကြေညာ ပေးခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို လက်ရှိဖြစ်ပေါ်နေသည့် COVID-19 ရောဂါ ထိန်းချုပ်နိုင်မှုအပေါ် မူတည်ပြီး သတ်မှတ်ကြေညာသွားမည် ဖြစ်ကြောင်း၊ ကော်မရှင်အဖွဲ့ခွဲများ အနေဖြင့် သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲ ဥပဒေများနှင့်အညီ မဲဆန္ဒနယ်များ လျာထားသတ်မှတ်နိုင်ရန် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ရရှိသည့် လူဦးရေစာရင်းများကို ကော်မရှင်က ပေးပို့ထား၍ ကြိုတင်ပြင်ဆင်ထားရန် မှာကြားထားပြီး ဖြစ်ကြောင်း၊ ကော်မရှင်အဖွဲ့ခွဲများက တင်ပြသည့် လျာထားမဲဆန္ဒနယ်များကို ကော်မရှင်က စိစစ်ပြီး သက်ဆိုင်ရာ လွှတ်တော်အလိုက် မဲဆန္ဒနယ်များ အတည်ပြုပေးမည် ဖြစ်ကြောင်း၊ တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်များ သတ်မှတ်နိုင်ရန်အတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည့်စုံမှန်ကန်သည့် မဲဆန္ဒရှင်စာရင်း ဖြစ်စေရေးအတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရရှိပြီးဖြစ်သည့် အခြေခံမဲဆန္ဒရှင် စာရင်းများကို လစဉ်စိစစ် ပြင်ဆင်ရာတွင် မဲစာရင်းများ ထပ်နေခြင်း၊ မှားယွင်းခြင်းများ မရှိစေရေး စနစ်တကျ စိစစ်ဆောင်ရွက်ရမည် ဖြစ်ကြောင်း ဥက္ကဋ္ဌ ဦးလှသိန်းက  ပြောကြားသည်။

လက်ရှိအချိန်တွင် COVID-19 ရောဂါ ဖြစ်စဉ်ကြောင့် ပြည်ပနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများမှ မြန်မာနိုင်ငံသားများနှင့် ရွှေ့ပြောင်းအလုပ်သမားများသည် ၎င်းတို့၏ နေရာဒေသ အသီးသီးသို့ ပြန်လည် ဝင်ရောက်လျက်ရှိပြီး ၎င်းမဲဆန္ဒရှင်များကို အခြေခံ မဲဆန္ဒရှင်စာရင်းတွင် စိစစ်ထည့်သွင်းသွားရန် လိုအပ်ကြောင်း၊ တပ်မတော်သားများနှင့် အတူနေ အိမ်ထောင်စုဝင်များ၏ အခြေခံ မဲဆန္ဒရှင်စာရင်း ရရှိရေး အတွက်ကိုလည်း ညှိနှိုင်းဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း၊ ပြည့်စုံမှန်ကန်သည့် မဲဆန္ဒရှင်စာရင်းများ ရရှိထားမှသာ မဲရုံအရေအတွက် လျာထားသတ်မှတ်ရာတွင် မှန်ကန်မှုရှိမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရန် ကော်မရှင်အဖွဲ့ခွဲရုံးများအတွက် ရုံးသုံးစက်ကိရိယာ ပစ္စည်းများကိုလည်း ဖြည့်ဆည်းပေးလျက်ရှိပြီး ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲရုံသုံးပစ္စည်းများကို သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲများသို့ အချိန်မီရောက်ရှိစေရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း၊ ယခုကာလမှစ၍ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ စဉ်ဆက်မပြတ်ရှိနေမည် ဖြစ်သည့်အတွက် လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကို ချမှတ်ထားသည့် စံ (၅) ချက်နှင့်အညီ ကျင်းပသွားမည် ဖြစ်ကြောင်း၊ ကော်မရှင် အဖွဲ့ခွဲများ အနေဖြင့် ပြည့်စုံမှန်ကန်သည့် မဲဆန္ဒရှင်စာရင်း ရရှိရေးနှင့် မဲပေးခွင့်ရှိသည့် နိုင်ငံသားအားလုံး မဲပေးပိုင်ခွင့်ရရှိအောင် မဲစာရင်းတွင် ပါဝင်စေရေး သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန် ဥက္ကဋ္ဌ ဦးလှသိန်းက ပြောကြားသည်။

ထို့နောက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ လွှတ်တော်အလိုက် မဲဆန္ဒနယ်များ၊ မဲရုံများ လျာထားသတ်မှတ်နိုင်ရေးနှင့် စပ်လျဉ်း၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent