သြဂုတ်(၁)ရက်နေ့တွင် ဝင်ဘလေကွင်းအတွင်း ကျင်းပရန်စီစဉ်ထားသည့် FA ဖလားဗိုလ်လုပွဲ၌ ပရိသတ်(၂၀၀၀၀)ကို ဝင်ရောက်ကြည့်ရှုခွင့်ပြုဖွယ်ရှိ

သြဂုတ်(၁)ရက်နေ့တွင် ဝင်ဘလေကွင်းအတွင်း ကျင်းပရန်စီစဉ်ထားသည့် FA ဖလားဗိုလ်လုပွဲ၌ ပရိသတ်(၂၀၀၀၀)ကို ဝင်ရောက်ကြည့်ရှုခွင့်ပြုဖွယ်ရှိ
Published 2 June 2020

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)တာဝန်ရှိသူများသည် ယခုရာသီ FA ဖလားဗိုလ်လုပွဲအား သြဂုတ်(၁)ရက်နေ့တွင် လန်ဒန်မြို့ရှိ ဝင်ဘလေကွင်း၌ကျင်းပရန် စီစဉ်ထားပြီး ယင်းပွဲတွင် ပရိသတ်(၂၀၀၀၀)ကို ကွင်းအတွင်း ဝင်ရောက်ကြည့်ရှုခွင့်ပြုသွားဖွယ်ရှိကြောင်း Mirror သတင်းစာက ဖော်ပြခဲ့သည်။

ဝင်ဘလေကွင်းမှာ ပရိသတ်(၉၀၀၀၀)ကျော်ဆံ့သည့် ကွင်းတစ်ခုဖြစ်ပြီး FA တာဝန်ရှိသူများက ဗိုလ်လုပွဲရောက် အသင်းနှစ်သင်းမှ ပရိသတ်(၁၀၀၀၀)စီကို ကွင်းအတွင်း ဝင် ရောက်ခွင့်ပြုရန် စဉ်းစားနေခြင်းဖြစ်သည်။

သို့သော် ယင်းနေ့ရက်မရောက်မီ အင်္ဂလန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွားမှုနှုန်း ကျဆင်းလာမှသာ ယင်းအစီအစဉ်ဖြစ်ဖွယ်ရှိကြောင်း သိရှိရသည်။

ယင်းကဲ့သို့ခွင့်ပြုရန်အတွက် ဗိုင်းရပ်စ်ပိုးကူးစက်မှု ကျဆင်းမှုနှုန်းမှာ (၀.၅)အောက်ရှိရန် လိုအပ်သည်ဟုလည်း Mirror သတင်းစာက ဖော်ပြခဲ့သည်။

ဝင်ဘလေကွင်းမှာ ပရိသတ်မြောက်မြားစွာဝင်ဆံ့သည့်ကွင်း ဖြစ်ခြင်းကြောင့် ပရိသတ်များကို အကန့်အသတ်ဖြင့်ဝင်ရောက်ခွင့်ပြုသည့်စနစ်အား စမ်းသပ်ရန် တာဝန်ရှိသူများက စဉ်းစားနေခြင်းလည်းဖြစ်သည်။

ကြီးမားကျယ်ပြန့်သည့် ဝင်ဘလေကွင်း၏ တည်ဆောက်မှုပုံစံကြောင့် ကွင်းအတွင်းသို့ ပရိသတ်များ အစုလိုက်အပြုံလိုက် မဝင်ရောက်စေဘဲ အန္တရာယ်ကင်းစွာဖြင့် စနစ်တကျ ဝင်ရောက်စေရန်အတွက် ထိန်းသိမ်းနိုင်မည်ဟု FA တာဝန်ရှိသူများက ယူဆလျက်ရှိသည်။

FA တာဝန်ရှိသူတစ်ဦးက ''အားကစားပြိုင်ပွဲတွေကို ပရိသတ်တွေ ပြန်လည်ကြည့်ရှုခွင့်ရဖို့အတွက် မကြာခင် ခွင့်ပြုချက်ပေးသွားမှာပါ။ ဘောလုံးအားကစားနည်းတစ်ခုတည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ကွင်းတစ်ကွင်းလုံးအပြည့် ပရိသတ်တွေ ဝင်ရောက်ကြည့်ရှုတဲ့အနေအထားမျိုးတော့ မဟုတ်ဘူးပေါ့။ အစိုးရရဲ့ ကျန်းမာရေးဆိုင်ရာ အကြံပြုညွှန်ကြားချက်တွေနဲ့အညီ ပရိသတ်တွေကို အားကစားပွဲတွေပြန်ကြည့်ခွင့်ပေးဖို့အတွက် ကျွန်တော်တို့ ဆွေးနွေးနေပါတယ်။ ဒါကြောင့် နည်းပါးတဲ့ ပရိသတ်အရေအတွက်၊ နိုင်နိုင်နင်းနင်းထိန်းသိမ်းနိုင်တဲ့ ပရိသတ်အရေအတွက်နဲ့ စမ်းသပ်ဖို့ စီစဉ်နေပါတယ်။ ဝင်ဘလေကွင်းဟာ ဒီနိုင်ငံထဲက အကြီးဆုံးကွင်းတစ်ကွင်းဖြစ်တာကြောင့် ဒါကို စမ်းသပ်ဖို့အတွက် အလွန်ကောင်းတဲ့နေရာတစ်ခုပါပဲ''ဟု ပြောကြားခဲ့သည်။

ယခုရာသီ FA ဖလားပြိုင်ပွဲမှာ ပဥ္စမအဆင့်ပွဲစဉ်များကစားပြီးချိန်တွင် ရပ်နားသွားခဲ့ပြီး ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲများကစားရန် ကျန်ရှိနေသေးသည်။

ကွာတားဖိုင်နယ်ပွဲစဉ်များကို ယခုဇွန်(၂၇၊ ၂၈)ရက်တွင် ကစားရန် စီစဉ်ထားပြီး ယင်းပွဲများကို ပရိသတ်မပါစေဘဲ ကွင်းပိတ် ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။

Most Read

Most Recent