အိမ်ထောင်ရှိရက်နှင့် နောက်ထပ်မိန်းမ နှစ်ယောက်ဖြင့် ပေါင်းသင်းနေထိုင်ခဲ့သည် ဟုဆိုကာ ကျောက်ဆည်မြို့နေ အမျိုးသား တစ်ဦးအား တစ်လင်တစ်မယား ဥပဒေပုဒ်မဖြင့် အရေးယူပေးပါရန် ဇနီးဖြစ်သူမှ မိတ္ထီလာမြို့ မြို့မရဲစခန်းတွင် အမှုဖွင့်လှစ် တိုင်တန််းထားကြောင်း သိရသည်။
၂၀၁၅ ခုနှစ် ဇန်နဝါရီ ၂၄ ရက်တွင် မိတ္ထီလာမြို့ အောင်ဆန်းမြို့သစ်ရပ်နေ မနွယ်နွယ်ဝင်း (၂၂ နှစ်) သည်ကျောက်ဆည်မြို့ ဘောဂဝတီရပ်ကွက်နေ ကိုနိုင်မျိုးလင်း (၃၀ နှစ်) ဖြင့် လက်ထပ်ပေါင်းသင်းခဲ့ရာ သမီးတစ်ယောက် ထွန်းကားခဲ့ကြောင်း သိရှိရပြီး ကိုနိုင်မျိုးလင်းမှာ ကုမ္မဏီယာဉ်မောင်း ဖြစ်သဖြင့် အများအားဖြင့် ခရီးသွားနေလေ့ရှိကာ မနွယ်နွယ်ဝင်းမှာ၂၀၁၉ စက်တင်ဘာတွင် ခင်ပွန်းဖြစ်သူဖုန်းအား မသင်္ကာသဖြင့် ဖွင့်ကြည့်ရာ အမျိုးသမီးတစ်ဦးပုံအား တွေ့ရှိရသဖြင့် မေးမြန်းရာ အမျိုးသမီးမှာ ခင်ပွန်းဖြစ်သူနှင့် လွန်ခဲ့သော လေးလခန့်တွင် ရည်းစားဖြစ်ခဲ့သော မန္တလေးမြို့နေ အမျိုးသမီးတစ်ဦး ဖြစ်ကြောင်း သိရှိရပြီး မန္တလေးမြို့တွင် နေထိုင်ပေါင်းသင်းခဲ့ကြောင်း ခင်ပွန်းဖြစ်သူမှ ပြောပြခဲ့သဖြင့် မိဘများနေထိုင်ရာ မိတ္တီလာမြို့သို့ ပြန်လည်နေထိုင်ခဲ့ကြောင်း သိရသည်။ ထို့သို့ နေထိုင်စဉ်၂၀၂၀ ပြည့်နှစ် ဧပြီတွင် ခင်ပွန်းဖြစ်သူ ကိုနိုင်မျိုးလင်းမှ ပြန်လာခေါ်သဖြင့် မနွယ်နွယ်ဝင်းမှာ ခင်ပွန်းဖြစ်သူ အလုပ်ရှိရာ ကလောမြို့သို့ လိုက်လံနေထိုင်စဉ် ခင်ပွန်းဖြစ်သူမှာ ရန်ကုန်မြို့နေ အမျိုးသမီးတစ်ဦးအား ကလောမြို့တွင် နေထိုင်ပေါင်းသင်းခဲ့ကြောင်း မိတ်ဆွေများမှ ပြောပြသိရှိရသဖြင့် အိမ်ထောင်ရှိလျက်နှင့် နောက်ထပ် မိန်းမနှစ်ယောက်နှင့် ထပ်မံပေါင်းသင်း ဖောက်ပြန်ခဲ့သူ ကိုနိုင်မျိုးလင်းအား အရေးယူပေးပါရန် မနွယ်နွယ်ဝင်းက မြို့မရဲစခန်းတွင် မေ ၂၃ ရက်တွင် အမှုဖွင့် တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း ကနဦး စစ်ဆေးချက်အရ သိရသည်။
“တစ်လင်တစ်မယားနဲ့ အမှုဖွင့်ထားတဲ့လူကိုဖမ်းဖို့ ကျွန်တော်ဆီက အဖွဲ့တွေ ကျောက်ဆည်ကို လိုက်သွားတယ်။ အဲဒီအမျိုးသားကို မတွေ့ခဲ့လို့ မဖမ်းခဲ့ရဘူး။ သူမိဘတွေကိုတော့ မှာခဲ့တယ်။ လာဖြေရှင်းပေးဖို့နဲ့ စခန်းကို လာခဲ့ဖို့ မှာထားခဲ့တယ်။ မြို့မရဲစခန်းကနေ ကျောက်ဆည်ရဲစခန်းကို အဲဒီလူကို ဖမ်းဆီးပေးဖို့ အကြောင်းကြားဖို့ လုပ်နေတယ်” ဟု မိတ္ထီလာမြို့နယ် ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
အဆိုပါအမှုအား မိတ္တီလာမြို့မရဲစခန်းမှ (ပ)၂၆၆/၂၀၂၀၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၃ ဖွင့်လှစ်ကာ ဒုရဲအုပ်မြင့်လွင်က စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။















