လယ်ယာမြေပုံစံ (၇) ရရှိရေး တိုင်းတာခြင်းအတွက် တစ်ဧကလျှင် ကျပ်တစ်သောင်းနှုန်း တောင်းခံသည့် ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်မှူး အပါအဝင် သုံးဦး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူခံရကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က သတင်းထုတ်ပြန်သည်။
ကော်မရှင်၏ သတင်းထုတ်ပြန်ချက်အရ ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် ပဒဲကောကျေးရွာအုပ်စု ကော်သဇင်ကျေးရွာရှိ တောင်သူများသည် လယ်ယာမြေ ပုံစံ(၇) ရရှိရေး တိုင်းတာဖော်ထုတ်မှုအတွက် တစ်ဧကလျှင် ကျပ် ၁၀၀၀၀ နှုန်း တောင်းခံ၍ ပေးခဲ့ရခြင်းအား အရေးယူပေးပါရန် ကော်မရှင်သို့ တိုင်ကြားခဲ့သည်ဟု ဖော်ပြထားသည်။
တိုင်ကြားစာအရ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် လယ်ယာမြေ စီမံခန့် ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးရဲထွဋ်အောင် (ယခု မြို့နယ်ဦးစီးမှူး၊ နမ့်စန်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ရှမ်းပြည်နယ် တောင်ပိုင်း)၊ လက်ထောက် ဦးစီးမှူး ဦးနွယ်မင်းသန်း နှင့် မြေတိုင်း (၄) ဦးသန်းဇော်မင်းတို့သည် ပဒဲကောကျေးရွာအုပ်စု၊ ကော်သဇင်ကျေးရွာ ကွင်းအမှတ် (၃၄) (ဧက တစ်ထောင်ကွင်း) ရှိ လယ် ၉၈၇ ဒသမ ၇၁ ဧက အတွက် ပုံစံ (၇) များ ပြုလုပ်ပေးရာတွင် လယ်တစ်ဧကလျှင် ကျပ် ၁၀၀၀၀ နှုန်း ပေးသွင်းရန် ပြောဆို၍ တောင်သူလယ်သမားများထံမှ ကောက်ခံရရှိသည့် ကျပ် ၉၂၀၀၀၀၀ တိတိအား လက်ခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သသည်ဟု ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
ယင်းကြောင့် ၎င်းတို့သုံးဦးအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့မ ရဲစခန်းတွင် မေ ၂၂ ရက်၌ ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်ဟု ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။















