မန္တလေးမြို့တွင် ဆိုင်ထိုင်စားသောက်ခွင့်ပြုခဲ့သည့် ဘီယာဆိုင်အား မေ ၂၄ ရက်က အရေးယူခဲ့ကြောင်း ချမ်းအေးသာစံမြို့နယ် ရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။
မေလ၂၄ရက် ည ၈ နာရီခွဲခန့်က ချမ်းအေးသာစံမြို့နယ်၊ ၃၃x၇၃ လမ်းထောင့်ရှိ j & j ဘီယာဆိုင်တွင် ဆိုင်ထိုင်စားသောက်နေကြောင်း သတင်းရရှိသဖြင့် ရဲတပ်ဖွဲ့ပါဝင်သော ပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာဆိုင်အတွင်းရှိ စားပွဲ ၃ ခုခန့် တွင် ဘီယာထိုင်သောက်နေသော လူ ၆ ဦးတွေ့ရှိခဲ့သောကြောင့်အရေးယူရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ချမ်းအေးသာစံမြို့နယ်ရဲတပ်ဖွဲ့မှူးထံသို့ ဆက်သွယ်မေးမြန်းခဲ့ရာ " မန်နေဂျာကိုပဲ အရေးယူဖို့လုပ်ထားပါတယ်။ လာသောက်သူတွေကိုတော့ အရေးယူဖို့မရှိပါဘူး"ဟု ရဲမှူး ဇော်မိုးအောင်က ပြောကြားခဲ့သည်။
ထိုကဲ့သို့COVID-19ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ပါဆယ်ရောင်းချခြင်းစနစ်ဖြင့် ရောင်းချရန် ထုတ်ပြန်ထားသော အမိန့်အားလိုက်နာခြင်းမရှိဘဲ ဆိုင်ထိုင်ရောင်းချသူ J&J စည်ဘီယာဆိုင် မန်နေဂျာ အား ၁၉၉၅ ခုနှစ်၊ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေအရအရေးယူ ပေးရန် မေ ၂၅ ရက်နေ့တွင် ချမ်းအေးသာစံမြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သိရသည်။















