ကညန ကနဦးမှတ်ပုံတင်ခြင်း လုပ်ငန်းအတွက် ထောက်ကြံ့၊ ရွာသာကြီး၊ နေပြည်တော်၊ မန္တလေးရုံးများကို မေ ၁၁ ရက်မှစ၍ ပြန်လည်ဖွင့်လှစ်မည် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက မြန်မာနိုင်ငံ မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း (MAMDA) သို့ အကြောင်းကြားစာအရ သိရသည်။
“ကနဦး နံပါတ်ယူအတွက်ပဲ ဖွင့်မှာဖြစ်ပြီး သက်တမ်းတိုး၊ ယာဉ်မောင်းလိုင်စင်နဲ့ တခြားကိစ္စတွေ မဆောင်ရွက်နိုင်သေးပါဘူး။ ရုံးလေးရုံးပဲ ဖွင့်မှာဖြစ်ပြီး တခြားရုံးတွေ မဖွင့်သေးပါဘူး”ဟု မြန်မာနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်း က ပြောကြားသည်။
COVID-19 ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေးအတွက် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရှိ တိုင်းဒေသကြီး/ပြည်နယ်/ တိုင်းဒေသကြီး ရုံးခွဲ/တွဲဖက်ပြည်နယ်ရုံး/ပြည်နယ်ရုံးခွဲ/ခရိုင်ရုံးများတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး သင်တန်းများ၊ ၎င်းသင်တန်းနှင့် ဆက်စပ်လျက်ရှိသော ယာဉ်မောင်းလိုင်စင် ဖြေဆို၊ စစ်ဆေးခြင်း လုပ်ငန်းများကို ၂၀၂၀ ပြည့်နှစ် မတ် ၂၃ ရက်မှစ၍ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံး ကိုးရုံးကို ၂၀၂၀ ပြည့်နှစ် မတ် ၂၅ ရက်မှစ၍ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရုံး ရှစ်ရုံးကို ၂၀၂၀ ပြည့်နှစ် မတ် ၃၀ ရက်မှစ၍ လည်းကောင်း ဝန်ဆောင်မှုလုပ်ငန်းများ ခေတ္တရပ်ဆိုင်းစေခဲ့သည်။
ထို့နောက် COVID-19 ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါကို ပိုမိုထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် လူစုလူဝေးဖြင့် လုပ်ငန်းလုပ်ဆောင်မှုများ လျှော့ချရန်အတွက် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန လက်အောက်ရှိ တိုင်းဒေသကြီး/ပြည်နယ်/တိုင်းဒေသကြီး ရုံးခွဲ/တွဲဖက်ပြည်နယ်ရုံး/ ပြည်နယ်ရုံးခွဲ/ခရိုင်ရုံး/မြို့နယ်အဆင့်ရုံး အားလုံး၏ အများပြည်သူ ဝန်ဆောင်မှုလုပ်ငန်းများကို ၂၀၂၀ ပြည့်နှစ် မတ် ၃၀ ရက်စ၍ ခေတ္တရပ်ဆိုင်းထားခဲ့ကြောင်း သိရသည်။
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ဝန်ဆောင်မှုလုပ်ငန်းများ ခေတ္တရပ်ဆိုင်းထားသည့် ကာလအတွက် ကနဦး မှတ်ပုံတင်ယာဉ်များ၏ ရက်လွန်ဒဏ်ကြေး၊ သက်တမ်းတိုး မော်တော်ယာဉ်နှင့် ယာဉ်မောင်းလိုင်စင်များ၏ သက်တမ်းလွန်ဒဏ်ကြေးများ အပါအဝင် လုပ်ငန်းဆိုင်ရာများကို အများပြည်သူ ထိခိုက်နစ်နာမှု မရှိစေရန် တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သုံးသပ်စိစစ် ဖြေလျှော့ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း အသိပေးကြေညာထားသည်။















