တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့နှင့် မူဆယ်မြို့ရှိ ဂိုထောင်များတွင် မြန်မာ့စိုက်ပျိုးရေးမှ ပိုးမွှားကင်းစင်ကြောင်း လက်မှတ် မရရှိသေးသည့်အတွက် မြန်မာ့ဆန်အိတ် ် တစ်သိန်း သုံးသောင်းကျော် သောင်တင်နေပြီး အရောင်းအဝယ် ရပ်ဆိုင်းနေကြောင်း မူဆယ်ဆန်စပါးကုန်စည်ဒိုင်မှ သတင်းရရှိသည်။
အဆိုပါ ပိုးမွှားကင်းစင်ကြောင်းလက်မှတ် ထုတ်ပေးနိုင်ရန် စိုက်ပျိုးရေးဌာနက လိုအပ်သည့် အထောက်အထားများ တောင်းခံနေပြီး တစ်လကျော်ကြာ ထုတ်မပေးသေးသည့်အတွက် ကျယ်ဂေါင်မြို့တွင် မြန်မာဆန်အိတ် တစ်သိန်းကျော်နှင့် မူဆယ်မြို့တွင် ဆန်အိတ် သုံးသောင်းကျော် သောင်တင်နေခြင်းဖြစ်ပြီး အရောင်းအဝယ် ရပ်ဆိုင်းနေခြင်း ဖြစ်သည်။

“ကျယ်ဂေါင်မှာ ဆန်အိတ် တစ်သိန်းလောက် ပိတ်မိနေတယ်။ ဘာလို့ပိတ်မိနေလဲဆိုတော့ တရုတ်က ပိုးမွှားကင်စင်ကြောင်း ထောက်ခံချက်တောင်းတယ်။ အဲဒီထောက်ခံချက် တို့ကမရသေးဘူး။ စိုက်ပျိုးရေးဝန်ကြီးဌာနကို တောင်းထားတုန်းပဲ ရှိသေးတယ်။ စိုက်ပျိုးရေးဝန်ကြီးဌာနက ဆောင်တော့ဆောင်ရွက်ပေးနေတယ်။ အဲ့ဒီပိုးမွှားကင်းစင်ကြောင်း စာရွက်က တို့လက်ထဲ မရောက်သေးတဲ့အတွက် ကျယ်ဂေါင်မှာ ဆန်အိတ် တစ်သိန်းလောက် ပိတ်မိနေပြီး ရွှေလီဘက်ကို သွားလို့မရဘူး၊ နောက်ကဆန်လည်း သွားလို့မရဘူး၊ မူဆယ်မြို့ထဲက ဂိုထောင်တွေမှာလည်း ဆန်အိတ် သုံးသောင်းလောက် ရှိတယ်။ စာရွက်မရတာကြောင့် ရှေ့ကဟာလည်း သွားလို့မရ နောက်ကဟာလည်း သွားလို့မရတော့ အရောင်းအဝယ် လုံးဝ ရပ်ဆိုင်းနေပါတယ်” ဟု မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောကြားသည်။

ယခုအခါ ချင်းသုံး (ရှင်းသီရိသုံး) ဆန်တစ်အိတ်ကို ယွမ် ၁၄၀ ၊ သုခဆန် တစ်အိတ်ကို ယွမ် ၁၃၅ ၊ ငစိန်ဆန် တစ်အိတ်ကို ယွမ် ၁၃၅ နှင့် ဆန်ကွဲ တစ်အိတ်ကို ၁၂၈ ယွမ် ရရှိနေကြောင်းသိရပြီး သကြားကို အရည်ကြိုစနစ်ဖြင့် တစ်ရက်လျှင် ကားအစီးရေ ၁၀ စီးခန့် တင်ပို့နေကြောင်းသိရသည်။
၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်မှ ဖေဖော်ဝါရီ ၁၃ ရက်အထိ တရုတ်နိုင်ငံ ဝူဟန်မြို့က စတင်ဖြစ်ပွားခဲ့သော COVID-19 ရောဂါကြောင့် တရုတ်နိုင်ငံအတွင်း လမ်းများပိတ်ထားသဖြင့် ဆန်စပါး အရောင်းအဝယ် ရပ်တန့်ခဲ့သော်လည်း မတ်လ ပထမပတ်အတွင်း တရုတ်နိုင်ငံ၏ လိုအပ်ချက်အရ ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်တွင် ဆန်၊ ဆန်ကွဲ ၊ ပြောင်း ၊ ပဲ ကုန်စည်စီးဆင်းမှုမှာ ၈၀ ရာခိုင်နှုန်း ပြန်လည် လည်ပတ်ခဲ့ကြောင်း သိရသည်။















