နေပြည်တော်သို့ ဝင်ရောက်မည့်သူများကို စစ်ဆေးဆောင်ရွက်မည့်အချက်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း မရှိသူများကို ဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း နေပြည်တော်ကောင်စီ ထုတ်ပြန်

နေပြည်တော်သို့ ဝင်ရောက်မည့်သူများကို စစ်ဆေးဆောင်ရွက်မည့်အချက်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း မရှိသူများကို ဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း နေပြည်တော်ကောင်စီ ထုတ်ပြန်
Published 28 April 2020
 အောင်မင်းသိန်း

တိုင်းဒေသကြီးနှင့် ပြည်နယ်များက လာရောက်သူများနှင့်  နေပြည်တော်တွင် အခြေချနေထိုင်သူများ  နေပြည်တော်သို့ ဝင်ရောက်မည်ဆိုပါက စစ်ဆေးဆောင်ရွက်မည့် အချက်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း မရှိသူများကို ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေး ဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း နေပြည်တော်ကောင်စီက ယနေ့ (ဧပြီ ၂၈ ရက်)တွင်  အမိန့်ကြေညာချက်ထုတ်ပြန်သည်။

အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ COVID-19 သည် ကမ္ဘာတစ်ဝှမ်းတွင် ကူးစက်ပြန့်နှံ့ခဲ့ရာ မြန်မာနိုင်ငံတွင်လည်း ကူးစက်ပြန့်ပွားနှုန်း မြင့်တက်လျက်ရှိခြင်းကြောင့် အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီကို မတ် ၁၃ က ဖွဲ့စည်းခဲ့ပြီး ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် COVID-19 ရောဂါ ထိန်းချုပ်၊ တားဆီးနိုင်ရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ်များမှ နေပြည်တော်သို့ လာရောက်မည့်သူများ၊ နေပြည်တော်မှ တိုင်းဒေသကြီး/ ပြည်နယ်များသို့ သွားရောက်၍ ပြန်လာမည့်သူများကို အမိန့်စာတွင် ပါဝင်သော အချက်များနှင့်အညီ စိစစ်ဆောင်ရွက်ပြီးမှ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း နေပြည်တော်ကောင်စီ၏ ထုတ်ပြန်ချက်၌ ဖော်ပြပါရှိသည်။

တိုင်းဒေသကြီး/ ပြည်နယ်များမှ လာရောက်သူများအနေဖြင့် မည်သည့်အကြောင်းကိစ္စဖြင့် လာရောက်သည်ဖြစ်စေ မိမိနေထိုင်ရာ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများတွင် နေထိုင်ကြောင်း ထောက်ခံစာ ပြသစေရန်၊ ရောဂါဖြစ်ပွားရာ တိုင်းဒေသကြီး/ ပြည်နယ်များရှိ Stay at Home သတ်မှတ်ထားသော မြို့နယ်များတွင် နေထိုင်သူများအနေဖြင့် တာဝန်ရှိသူများ၏ ခွင့်ပြုချက်မပါဘဲ နေပြည်တော်သို့လာရောက်ခြင်း၊ နေပြည်တော်သို့ လာရောက်ရန် ခေါ်ယူကြောင်း အကြောင်းကြားစာအား ပြသနိုင်ခြင်းမရှိဘဲ လာရောက်ခြင်းများ ရှိပါက နေပြည်တော်ကောင်စီမှ ပြင်ဆင်ထားသော Community Based Facility Quarantine နေရာများသို့ ဝင်ရောက်၍ ၂၁ ရက် နေထိုင်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် ရောဂါဖြစ်ပွားရာ ဒေသများရှိ Stay at Home သတ်မှတ်ထားသော မြို့နယ်များတွင် နေထိုင်သော်လည်း ပြည်ထောင်စုအဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ဆက်သွယ်ဆောင်ရွက်ရမည့် လုပ်ငန်းများရှိသဖြင့် နေပြည်တော်သို့ လာရောက်ရန် အကြောင်းကြားစာ ရရှိသူများအား မြို့အဝင်ဂိတ်များတွင် ကျန်းမာရေး စစ်ဆေးမှုခံယူစေပြီး သံယဖြစ်ဖွယ် ရောဂါလက္ခဏာ မတွေ့ရှိမှသာ သက်ဆိုင်ရာ အဖွဲ့အစည်း/ ဌာနများသို့ စေလွှတ်ရန်၊ နေပြည်တော်သို့ လာရောက်၍ ၎င်းတို့နှင့်သက်ဆိုင်သော လုပ်ငန်းမျာဆောင်ရွက်ရန် မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြားသံတမန်များ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ ဝန်ထမ်းများ၊ တာဝန်ထမ်းဆောင်ရန် မြို့နယ်ပြင်ပသို့ သွားလာခွင့်ရှိသည့် အဖွဲ့အစည်းများ၊ ကုမ္ပဏီများမှဝန်ထမ်းများ လာရောက်လိုပါက  သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ထောက်ခံချက်ပြသနိုင်လျှင် မြို့အဝင်ဂိတ်များတွင် ကျန်းမာရေးစစ်ဆေးမှု ခံယူစေပြီး သံသယဖြစ်ဖွယ် ရောဂါလက္ခဏာမတွေ့ရှိပါသာ မြို့တွင်းသို့ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ရောဂါဖြစ်ပွားနေသည့် တိုင်းဒေသကြီး/ ပြည်နယ်များဖြစ်သော်လည်း ရောဂါကူးစက်ခံရမှုမရှိသေးသော မြို့နယ်များ၊ ရောဂါဖြစ်ပွားမှုမရှိသေးသော ဒေသများမှ လာရောက်သူများကို မြို့အဝင်ဂိတ်များတွင် ကျန်းမာရေး စစ်ဆေးမှုခံယူစေပြီး သံသဖြစ်ဖွယ် ရောဂါလက္ခဏာ မတွေ့ရှိမှသာ မြို့တွင်းသို့ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ပြီး သံသယဖြစ်ဖွယ် ရောဂါလက္ခဏာ တွေ့ရှိပါက သက်ဆိုင်ရာဆေးရုံသို့ ပို့ဆောင်၍ လိုအပ်သော ဆေးကုသမှုကို ခံယူရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

နေပြည်တော်တွင် အခြေချနေထိုင်သူများအနေဖြင့် နေပြည်တော်သို့ ပြန်လည်ဝင်ရောက်ပါက မည်သည့်ဒေသသို့ သွားရောက်ခဲ့သည်ဆိုသည့် အထောက်အထား တင်ပြရန်မည်ဖြစ်ပြီး မည်သည့်မြို့ သွားရောက်ခဲ့ကြောင်း အထောက်အထား ခိုင်လုံစွာ မတင်ပြနိုင်သူများ၊ တင်ပြရန် ငြင်းဆန်သူများ၊ Stay at Home သတ်မှတ်ထားသော မြို့နယ်များသို့ သွားရောက်ခဲ့ကြောင်း ခိုင်လုံသော အထောက်အထားတွေ့ရှိရပါက နေပြည်တော်ကောင်စီမှ ပြင်ဆင်ထားသော Community Based Facility Quarantine နေရာများသို့ ဝင်ရောက်စေပြီး ၂၁ ရက်နေထိုင်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရောဂါဖြစ်ပွားနေသည့် တိုင်းဒေသကြီး/ ပြည်နယ်များဖြစ်သော်လည်း ရောဂါကူးစက်ခံရမှုမရှိသေးသော မြို့နယ်များ၊ ရောဂါဖြစ်ပွားမှုမရှိသေးသော ဒေသများမှ ပြန်လာသူများအား မြို့အဝင်ဂိတ်များတွင် ကျန်းမာရေး စစ်ဆေးမှုခံယူစေပြီး သံသဖြစ်ဖွယ် ရောဂါလက္ခဏာ မတွေ့ရှိမှသာ မြို့တွင်းသို့ ဝင်ရောက်ခွင့် ပြုမည်ဖြစ်ပြီး သံသယဖြစ်ဖွယ် ရောဂါလက္ခဏာ တွေ့ရှိပါက သက်ဆိုင်ရာဆေးရုံသို့ ပို့ဆောင်၍ လိုအပ်သော ဆေးကုသမှုကို ခံယူရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

 အထက်ပါ ကြေကြာချက်များအား အများပြည်သူများအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပြီး နေရပ်လိမ်လည်ဖော်ပြခြင်း၊ သွားရောက်ခဲ့သည့် နေရာအား မမှန်မကန် ဖြေကြားခြင်း၊ စစ်ဆေးမှုကို ကြည်ဖြူစွာပူးပေါင်းဆောင်ရွက်ခြင်း မရှိသူများအား ကူးစက်ရောဂါများကာကွယ်နှိမ်နှင်းရေးဥပဒေအရ အရေးယူဆောင်ရွက်သွားဖြစ်ကြောင်းနှင့် အသိပေးကြေညာချက်အား ဧပြီ ၃၀ ရက်မှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး နောက်ထပ် အမိန့်တစုံတရာ မထုတ်ပြန်မီအချိန်အထိ အတည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

 

 

Most Read

Most Recent