ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးရှစ်ဦးအား ခန့်အပ်ရန် ယနေ့(ဧပြီ ၉ ရက်)တွင် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် သဘောတူအတည်ပြုခဲ့သည်။
နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူ ပြည်ထောင်စုတရားသူကြီးချုပ်နှင့်ညှိနှိုင်း၍ တင်ပြထားသည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများအဖြစ်ခန့်အပ်တာဝန်ပေးမည့် ပုဂ္ဂိုလ်ရှစ်ဦး၏ အမည်စာရင်းကို ဧပြီ ၇ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်နာယကက ကြေညာခဲ့ခြင်းဖြစ်ပြီး ယနေ့ကျင်းပသည့်ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ကန့်ကွက်ဆွေးနွေးမည့်သူမရှိသဖြင့် လွှတ်တော်ကသဘောတူကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများအဖြစ် ခန့်အပ်ရန် လွှတ်တော်ကသဘောတူအတည်ပြုခဲ့သူရှစ်ဦးမှာ ဦးသောင်းနိုင်၊ ဦးသိန်းကိုကို၊ ဒေါ်သင်းသင်းနွဲ့၊ ဒေါ်ပြုံးပြုံးအေး၊ ဒေါက်တာကိုကိုနိုင်၊ ဦးဝင်းမြင့်၊ ဒေါ်စိုးခက်ခက်၊ ဒေါ်သင်းသင်းချိုတို့ဖြစ်သည်။
ထို့ပြင် ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ် လက်ရှိပြည်ထောင်စုတရားသူကြီးချုပ်ဦးသာဌေးအား ခန့်အပ်ရန် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူက အဆိုပြုတင်ပြခဲ့မှုအား ဧပြီ ၇ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် သဘောတူအတည်ပြုခဲ့ပြီးဖြစ်သည်။
သို့ဖြစ်၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို ပြည်ထောင်စုတရားသူကြီးချုပ်ဦးသာဌေးအပါအဝင် အဖွဲ့ဝင်ကိုးဦးဖြင့် ဖွဲ့စည်းခဲ့ရန် လွှွတ်တော်ကသဘောတူညီခဲ့ပြီးဖြစ်သည်။















