မြန်မာ-တရုတ် နယ်စပ် မူဆယ်မြို့ ဟိုဆောင်ရပ်ကွက်နှင့် တော်ရွတ်ရပ်ကွက်ကြား မင်္ဂလာမူဆယ် အောက်လမ်းသွား ရွှေလီမြစ်အနီး ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုလေးတွင် ဧပြီလ ၂၇ ရက် နံနက် ၆ နာရီ ဝန်းကျင်က တရုတ်နိုင်ငံသားတစ်ဦး လဲကျသေဆုံးကြောင်း သိရသည်။
“ကျွန်တော့်ကို မနက်က ဆယ်အိမ်မှူးနဲ့ မီးသတ်တွေက ဖုန်းဆက်လာတယ်၊ နှလုံးလှကူညီမှု အသင်းကား လာခေါ်တယ်။ သေဆုံးသူက တရုတ်နိုင်ငံဘက်ကလူ၊ ရေထဲက ကူးလာတာလား ဘယ်လိုသေလဲမသိဘူး၊ သူပုံစံကြည့်ရတာ ဘောင်းဘီနဲ့ဖိနပ်မှာ ရေတွေစိုနေတယ်၊ မိုးရွာလို့ဘဲ စိုတာလား မသိရပေမယ့် သဲတော့ နည်းနည်းပေနေတယ်၊ ဟိုဘက်ကမ်းက ကူးလာတာလားတော့ သေသေချာချာတော့ မသိဘူး” ဟု တော်ရွက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုင်းကျော်မြင့်က ပြောကြားသည်။
အဆိုပါ တရုတ်နိုင်ငံသားသည် ရွှေလီမြို့တွင် နေထိုင်ပြီး မြန်မာနိုင်ငံအတွင်း ရွှေလီမြစ်ကိုဖြတ်သန်း၍ ဝင်ရောက်လာစဉ် လမ်းပေါ်၌ လဲကျသေဆုံးခဲ့ခြင်း ဖြစ်နိုင်ပြီး သေဆုံးသူ တရုတ်နိုင်ငံသားအား နှစ်နိုင်ငံ တာဝန်ရှိသူများ ပူးပေါင်းစစ်ဆေးခဲ့ပြီး ရင်ခွဲစစ်ဆေးမှု ပြုလုပ်နိုင်ရန် မူဆယ်ပြည်သူ့ဆေးရုံသို့ နှလုံးလှ လူမှုကူညီရေး အသင်းကားဖြင့် ပို့ဆောင်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ သေမှုသေခင်း ဖွင့်ထားပါတယ်၊ သူကကျန်းအာရေး မကောင်းဘူး၊ နှလုံးရောဂါရှိတယ်လို့ ရွှေလီမြို့က သူ့မိသားစုထံက စုံစမ်းသိရပါတယ်၊ နှလုံးရောဂါရှိလို့ ဒီဘက်ကမ်းကိုကူးရင်း နှလုံးဖေါက်ပြီး လဲကျသေဆုံးတယ်လို့ ယူဆပါတယ်၊ တရုတ်ရဲဘက်က ပြောတာတော့ သူတို့ဘက်မှာ ဆေးစစ်ထားတာတော့ COVID-19 ရောဂါ မရှိဘူးလို့ ပြောပါတယ်” ဟု မူဆယ်မြို့မရဲစခန်း စခန်းမှူး ဒုရဲမှူး သန့်ဇော်ဦးက ပြောကြားသည်။
အဆိုပါ သေဆုံးသူ၏ ရုပ်အလောင်းအား မူဆယ်ပြည်သူ့ဆေးရုံက ရင်ခွဲစစ်ဆေးနေလျက်ရှိကြောင်း တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။















