ပြင်ဦးလွင် အာရှအလင်းရောင် ပရိယတ္တိစာသင်တိုက်အတွင်းရှိ အဆောင်များအား COVID-19 စောင့်ကြပ်လူနာထားဌာန (isolation center) အဖြစ် လုပ်ဆောင်ကာ ပြည်ပမှပြန်လည်ရောက်ရှိလာသူများ ၁၄ ရက်ထားရှိရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ် အောင်ချမ်းသာအုပ်စု ၀ါးပိုးရေကျေးရွာရှိ အာရှအလင်းရောင် ပရိယတ္တိစာသင်တိုက်အတွင်းတွင် မတ် ၂၆ ရက် မှစတင်ကာ ပြည်တော်ပြန်များအား COVID-19 ရောဂါ ကာကွယ်စောင့်ရှောက်ရန်အတွက် ၁၄ ရက် အသွားအလာကန့်သတ်ခြင်း Quarantine ပြုလုပ်ရန် ပိုးသတ်ဆေးဖျန်းဆောင်ရွက်ခြင်းများ ပြုလုပ်ပြင်ဆင်ခဲ့ကြောင်း သိရသည်။
“ မေမြို့မှာလည်း ပြည်ပက ပြန်လာတဲ့သူတွေများတယ်။ အခုကောက်ထားတဲ့ စာရင်းအရ ၁၃၃ ဦးရှိတယ်လို့ သိရတယ်။ အဲဒီလူတွေကတော့ ကိုယ့်အိမ်တွေမှာပဲ စောင့်ကြည့်ထားတယ်လို့ သိရတယ်။ အဲဒီလိုပြန်လာတဲ့ သူတွေကို စောင့်ကြည့်ထားရှိဖို့ အခု အာရှအလင်းရောင်ကျောင်းမှာ လူဦးရေ ၁၀၀ လောက်အထိ လက်ခံနိုင်အောင် ပြင်ဆင်တယ် ’’ ဟု စိမ်းလန်းပြင်ဦးလွင် ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလေးမြင့်အောင်က ပြောကြားသည်။
ယင်းသို့ဆောင်ရွက်မှုကို အရပ်ဘက်လူမှုကူညီရေးအသင်းအဖွဲ့များနှင့် မြို့ခံစေတနာရှင်များ၏ လှူဒါန်းငွေများဖြင့် စတင်ပြုလုပ်ခြင်းဖြစ်ပြီး ပြည်သူ့ကျန်းမာရေးဌာနမှလည်း ပြင်ဦးလွင်မြို့အတွက် ပထမဆုံးစောင့်ကြည့်စခန်းနေရာအဖြစ် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် ထပ်မံ လိုအပ်မှုများရှိလာနိုင်ပါက ထားရှိနိုင်ရန် နေရာထပ်မံရွေးချယ်လျက်ရှိသည်။
ယင်းသို့ COVID-19 ရောဂါကာကွယ် စောင့်ရှောက်ရန်အတွက် ၁၄ ရက် အသွားအလာ ကန့်သတ်ခြင်း Quarantine ပြုလုပ်ရန် ရပ်ကွက်၊ ကျေးရွာအတွင်းရှိ မိဘပြည်သူများအနေဖြင့် မိမိတို့၏ မိသားစုဝင်များ ထဲမှ ပြည်တော်ပြန်များရှိခဲ့ပါက ဖုံးကွယ်ခြင်း မပြုလုပ်ဘဲ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးသို့ သတင်းပေးပို့ဆက်သွယ်ကြရန် နှိုးဆော်ထားသည်။
ယင်းကဲ့သို့ ၁၄ ရက် စောင့်ကြပ်ကြည့်ရှုခြင်းကို ကာယကံရှင်များအနေဖြင့် စိုးရိမ်ပူပန်ကြောက်ရွံ့ရန်မလိုဘဲ ကျန်းမာရေးဝန်ထမ်းများ၏ စောင့်ရှောက်ကာကွယ်မှုကို ပူးပေါင်းခံယူခြင်းဖြင့် မိမိ၏မိသားစု၊ မိမိရပ်ကွက်၊ ကျေးရွာအတွင်းရှိ ပြည်သူများအားလုံးကို ကူညီပေးကြစေလိုခြင်း၊ Quarantine ပြုလုပ်ခြင်းသည် ရောဂါပိုး ကူးစက်ခံရခြင်း ရှိ၊ မရှိဆိုသည့် သံသယကင်းရှင်းခြင်း၊ ကျန်းမာရေးစောင့်ရှောက်ကာကွယ်မှု အချိန်မီ ခံယူခဲ့သည့်အတွက် အကယ်၍ မိမိတွင် ထိုရောဂါပိုး ကူးစက်ခြင်းခံလာရပါက သိသိချင်း အချိန်မီ စနစ်တကျကုသမှုခံယူရခြင်းကြောင့် မိမိ မိသားစု ပတ်ဝန်းကျင်မှလူများသို့ ရောဂါပိုးကူးစက်ခြင်းမရှိအောင် ကြိုတင်ကာကွယ်ရာရောက်၍ အားလုံးပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း နှိုးဆော်မှုများ ပြုလုပ်လျက်ရှိသည်။
ယင်းသို့ဆောင်ရွက်ရာတွင် ပြင်ဦးလွင်မြို့နယ် အတွင်း ကူညီစောင့်ရှောက်ပေးမည့် စေတနာရှင် Volunteer များ လိုအပ်လျက်ရှိကြောင်း သိရပြီး စေတနာ့ဝန်ထမ်း ပြုလုပ်လိုသူများအနေဖြင့် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် လာရောက် စာရင်းပေးသွင်းကာ အဖွဲ့ဝင်ပုံစံများ ဖြည့်သွင်းကြရန်လည်း နှိုးဆော်ထားသည်။















