မြန်မာနိုင်ငံတွင် အသက် ၁၅ နှစ်နှင့်အထက် အရွယ်ရောက်သူ စုစုပေါင်း၏ ရာခိုင်နှုန်း ၃၀ သည် ခံတွင်းနှင့် လည်ချောင်းကင်ဆာကို အဓိကဖြစ်စေသည့် ဆေးရွက်ကြီးငုံခြင်း၊ ကွမ်းစားခြင်း ပြုလုပ်နေ

မြန်မာနိုင်ငံတွင် အသက် ၁၅ နှစ်နှင့်အထက် အရွယ်ရောက်သူ စုစုပေါင်း၏ ရာခိုင်နှုန်း ၃၀ သည် ခံတွင်းနှင့် လည်ချောင်းကင်ဆာကို အဓိကဖြစ်စေသည့် ဆေးရွက်ကြီးငုံခြင်း၊ ကွမ်းစားခြင်း ပြုလုပ်နေ
Published 5 March 2020
ငြိမ်းငြိမ်းသူ

မြန်မာနိုင်ငံတွင် ဆေးရွက်နှင့် ဆေးလိပ်ကြီးကြောင့် နှစ်စဉ်သေဆုံးသူသည် ခြောက်သောင်းကျော်ရှိနေပြီး အသက် ၁၅ နှစ်နှင့်အထက် အရွယ်ရောက်သူ စုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းသည် ခံတွင်းနှင့် လည်ချောင်း ကင်ဆာကို အဓိက ဖြစ်ပွားစေသည့် ဆေးရွက်ကြီးငုံခြင်း၊ ကွမ်းစားခြင်းများ ပြုလုပ်နေကြကြောင်း ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းမှ သိရသည်။

ဆေးရွက်ကြီးသုံးစွဲမှုနှင့် ဆက်စပ်သည့် ရောဂါဖြစ်ပွားမှုများနှင့် သေဆုံးမှုများသည် အခြားအလားတူ သုံးစွဲနေသည့် အာရှနိုင်ငံများထက် မြန်မာနိုင်ငံက ပိုမိုမြင့်မားနေကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ဆေးလိပ်ဆေးရွက်ကြီး ထိန်းချုပ်ရေး လုပ်ငန်းများကို ၂၀၀၆ ခုနှစ်တွင် ဥပဒေပြဋ္ဌာန်းပြီး ပညာပေးလုပ်ငန်းများကို ဆောင်ရွက်လာခဲ့သော်လည်း ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများ သုံးစွဲမှုမှာ ထင်သလောက် လျော့နည်းကျဆင်းလာခြင်း မရှိဘဲ လူငယ်များအတွင်း ပိုမိုသုံးစွဲသည့် အနေအထားများကို တွေ့ရှိရကြောင်း သိရသည်။                  

“ဆေးရွက်နဲ့ ဆေးလိပ်ကြီး သောက်သုံးမှုတွေကို လျှော့ချဖို့ လုပ်နေပေမဲ့လည်း ဆရာတို့နိုင်ငံမှာ ထင်သလောက် ဖြစ်မလာသေးဘူး။ လူငယ်တွေက ဒါတွေကို စမ်းသပ်ရင်းနဲ့ တဖြည်းဖြည်း စွဲလာကြတယ်။ အသက် ၁၅ နှစ်နဲ့အထက် အရွယ်ရောက်သူ စုစုပေါင်း ရဲ့ ၃၀ ရာခိုင်နှုန်းက ခံတွင်းနဲ့ လည်ချောင်းကင်ဆာကို အဓိကဖြစ်စေတဲ့ ဆေးရွက်ကြီးငုံတာ၊ ကွမ်းစားတာတွေ ပြုလုပ်နေကြပါတယ်။ ဒီဆေးရွက်ကြီးနဲ့ ဆက်နွှယ်တဲ့ ရောဂါနဲ့ပဲ နှစ်စဉ်ခြောက်သောင်းကျော်လောက် သေဆုံးနေတယ်” ဟု ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာသန်းစိန်က ပြောကြားသည်။

၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံ၌ အရွယ်ရောက်ပြီးသူများ (အသက် ၁၅ နှစ်နှင့်အထက် အမျိုးသား (၄၃ ဒသမ ၈ ရာခိုင်နှုန်း) နှင့် အမျိုးသမီး  (၈ ဒသမ ၄ ရာခိုင်နှုန်း) တို့သည် ဆေးရွက်ကြီး သုံးစွဲသူများ ဖြစ်ကြောင်းနှင့် အမျိုးသား (၆၂ ဒသမ ၂ ရာခိုင်နှုန်း) နှင့် အမျိုးသမီး (၂၄ ဒသမ ၁ ရာခိုင်နှုန်း) သည် ဆေးရွက်ကြီးပစ္စည်းမျာ းသုံးစွဲခြင်း (ကွမ်းယာစားခြင်း) ပြုလုပ်ကြောင်း၊ ၂၀၁၆ ခုနှစ် စာရင်းများအရ အသက်ငယ်ရွယ်သူ လူငယ်များ (အသက် ၁၃ မှ ၁၅ နှစ်ကြား ရှိသူများ) ယောကျ်ားလေး ၁၁ ရာခိုင်နှုန်းနှင့် မိန်းကလေး နှစ်ရာခိုင်နှုန်းတို့သည် ကွမ်းယာစားသုံးကြောင်း သိရသည်။

ကမ္ဘာ့ကျန်းမာရေအဖွဲ့ အရှေ့တောင် အာရှဒေသတွင် ဆေးလိပ်သောက်သုံးသူပေါင်း ၂၄၆ သန်းခန့်ရှိပြီး ဆေးရွက်ကြီးထွက် ပစ္စည်းများ သုံးစွဲခြင်း (ကွမ်းယာစားခြင်း) ပြုလုပ်သူပေါင်း သန်း ၂၉၀ ရှိကြောင်း သိရသည်။ ကမ္ဘာ့လူဦးရေ၏ ၁၀ ရာခိုင်နှုန်းသည်လည်း ကွမ်းယာစားသုံးလေ့ရှိပြီး လူဦးရေ ထောင်ပေါင်းမကသည် ကာလမတိုင်မီ သေဆုံးကြလေ့ရှိကြောင်း သိရသည်။

နိုင်ငံတကာ ကင်ဆာရောဂါ သုတေသန အေဂျင်စီ (IARC) မှ ကွမ်းယာ၏ ပါဝင်ပစ္စည်းများကို စစ်ဆေးရာ၌ ကင်ဆာဖြစ်ပွားစေနိုင်သော အကြောင်းအရင်းများ တွေ့ရှိခဲ့ရကြောင်း ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းမှ သိရသည်။

 

Most Read

Most Recent