ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်တန့်သွားတဲ့ လပွတ္တာမြို့ရဲ့ ပင်မစီးပွားရေးနဲ့အတူ ကျပ်တည်းလာကြတဲ့ဘဝများ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်တန့်သွားတဲ့ လပွတ္တာမြို့ရဲ့ ပင်မစီးပွားရေးနဲ့အတူ ကျပ်တည်းလာကြတဲ့ဘဝများ
လပွတ္တာမြို့နယ်တွင် အရောင်းအဝယ်ရပ်ဆိုင်းနေသော ကဏန်းအဝေယ်ဒိုင်များကို ယခုရက်ပိုင်းအတွင်း တွေ့ရစဉ်
လပွတ္တာမြို့နယ်တွင် အရောင်းအဝယ်ရပ်ဆိုင်းနေသော ကဏန်းအဝေယ်ဒိုင်များကို ယခုရက်ပိုင်းအတွင်း တွေ့ရစဉ်
Published 1 March 2020
မင်းသူဝင်းထွဋ်

 

တရုတ်နှစ်သစ်ကူးပွဲတော်မတိုင်မီ ရက်ပိုင်းအလိုမှာ တရုတ်နိုင်ငံ ဝူဟန်ပြည်နယ်တွင် စတင်ဖြစ်ပွားခဲ့တဲ့ COVID-19 ရောဂါဟာ ယနေ့အချိန်အထိ ဆက်လက်ပြန့်ပွားနေဆဲဖြစ်ကာ တရုတ်နိုင်ငံအပြင် နိုင်ငံပေါင်း ၄၆ နိုင်ငံအထိ ပြန့်ပွားကူးစက်လျက် ရှိပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်အထိ တစ်ကမ္ဘာလုံးမှာ ဓာတ်ခွဲအတည်ပြုလူနာ ၈၂၂၉၄ ဦး ရှိပြီး ၎င်းတို့အနက် ၇၈၆၃၀ ဟာ တရုတ်နိုင်ငံမှဖြစ်ပြီး သေဆုံးသူများစွာ နေ့စဉ်လိုလို များပြားလျက်ရှိပါတယ်။ ကူးစက်မှု မြန်ဆန်ပြီးကုသရန် ခက်ခဲနေဆဲဖြစ်တဲ့ COVID-19 ရောဂါကြောင့် တရုတ်နိုင်ငံဟာ ပြည်တွင်းပြည်ပ ပို့ကုန်သွင်းကုန်လုပ်ငန်းအများစုကို ရပ်ဆိုင်းခဲ့ရပါတယ်။

မြန်မာနိုင်ငံရဲ့ အဓိကကုန်သွယ် စီးပွားဖက်ဖြစ်နေတဲ့ တရုတ်နိုင်ငံအနေနဲ့ COVID-19 ရောဂါကြောင့် ကုန်သွယ်မှုများခရီးသွား သွားလာဖြတ်သန်းမှုများ ရပ်တန့်မှုကြောင့် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တရုတ်နိုင်ငံစျေးကွက်ကို အဓိကမှီခိုအားထားနေရတဲ့ စျေးကွက်အချို့ဟာ ပျက်သုဉ်း ရပ်တန့်ခဲ့ရပါတယ်။ ဒီလိုရပ်တန့်မှုကို အချို့သောဒေသများဟာ ကြံ့ကြံ့ခိုင်ရပ်တည်နိုင်ပေမဲ့ အချို့သောဒေသများနဲ့ စီးပွားရေးလုပ်ငန်းများကတော့ ရပ်တည်ဖို့ပါ ခက်ခဲခဲ့ပါတယ်။ ဒီလိုရပ်တည်ဖို့ ခက်ခဲခဲ့ရတဲ့ ဒေသများနဲ့ စီးပွားရေးလုပ်ငန်းများစွာထဲမှာ ရေထွက်ကုန်လုပ်ငန်းနဲ့ ဆန်စပါးအဓိက စိုက်ပျိုးရာ ဧရာဝတီတိုင်းဒေသကြီးရှိ လပွတ္တာမြို့နယ်ရဲ့ ရေထွက်ကုန်လုပ်ငန်းဟာလည်း တစ်ခုအပါအဝင် ဖြစ်ခဲ့ပါတယ်။

လပွတ္တာမြို့နယ်မှာ လူဦးရေ သုံးသိန်းခွဲခန့်ရှိပြီးတော့ မြို့နယ်ရဲ့ အဓိကစီးပွားရေးလုပ်ငန်းဟာ ရေလုပ်ငန်း၊ လယ်ယာလုပ်ငန်းနဲ့ နေလှန်းဆားထုတ်လုပ်ခြင်းလုပ်ငန်းပဲ ဖြစ်ပါတယ်။ နေလှန်းဆားထုတ်လုပ်ခြင်း လုပ်ငန်းကတော့ နွေရာသီကာလ လအနည်းမှာသာ လုပ်ဆောင်ရတဲ့ အလုပ်ဖြစ်ပါတယ်။ လယ်ယာလုပ်ငန်းဟာလည်း ပင်လယ်ကမ်းနီး ရေငန်ဒေသဖြစ်တာကြောင့် တစ်သီးစားသာ စိုက်ပျိုးရတဲ့ လုပ်ငန်းဖြစ်ပါတယ်။ အချိန်ကာလမရွေး လည်ပတ်လုပ်ဆောင်နေပြီးတော့ မြို့ရဲ့အဓိကစီးပွားရေး မောင်းနှင်အားကတော့ ရေထွက်ကုန်လုပ်ငန်းပါပဲ။

 

COVID-19 ရောဂါကြောင့် ရပ်တန့်လုနီးပါးဖြစ်သွားတဲ့ ရေလုပ်ငန်း

လပွတ္တာမြို့နယ်ရဲ့ ရေထွက်ကုန်လုပ်ငန်းမှာ ငါး၊ ပုစွန်၊ ကဏန်းဟာ အဓိကထွက်ကုန်ပါ။ ဒီလိုကုန်သုံးမျိုးအနက် ငါးဟာအရ အမိနည်းခဲ့တာ ကြာမြင့်လှပြီး ပြည်တွင်းစျေးကွက်အတွင်းမှာသာ အဓိက ရောင်းဝယ်ပါတယ်။ နာဂစ်မုန်တိုင်းအပြီးမှာ ဆုံးရှုံးသွားခဲ့တဲ့ ငါးဖမ်းလှေများနဲ့ လုပ်ငန်းရှင်ကြီးများနေရာမှာ ယနေ့အချိန်အထိ အစားထိုး လုပ်ဆောင်၍ မရသေးပါဘူး။ ပုစွန်ထောင် ပုစွန်မွေးသူ လုပ်ငန်းရှင် အနည်းငယ်ရှိပေမဲ့ ဒါဟာလည်း အဓိကလုပ်ငန်းတစ်ခု မဟုတ်ဘဲ လပွတ္တာမြို့နယ်ကို အဓိကလည်ပတ် လုပ်ဆောင်နေစေတဲ့ လုပ်ငန်းကတော့ ကဏန်း လုပ်ငန်းပါပဲ။

မြန်မာနိုင်ငံအတွင်းမှာ ကဏန်းဒိုင်ပေါင်း ၂၀၀ နီးပါးအထိ ရှိနေတာဟာ လပွတ္တာမြို့နယ်ပါ။ ကဏန်းဒိုင်တစ်ခုမှာ ကဏန်းရွေး ကဏန်းကြိုးချည်လုပ်သားဟာ ဒိုင်အသေးတစ်ခုမှာတောင် အနည်းဆုံးငါးဦးအထက် ရှိပါတယ်။ ကျေးရွာလေးတွေကနေ တင်ပို့လိုက်တဲ့ ကဏန်းများကို သွားရောက်စောင့်ဆိုင်းဝယ်ယူရတဲ့ ကုန်ကြိုလို့ခေါ်တဲ့ လုပ်သားဟာ အနည်းဆုံး နှစ်ဦးအထိရှိပြီးတော့ ကဏန်းပို့ဆောင်မှုများကြောင့် အကျိုးဖြစ်ရတဲ့ စက်လှေကုန်တင် မော်တော်ယာဉ်များစွာလည်း ရှိပါတယ်။ ဒါဟာ ဒိုင်များမှာ အလုပ်လုပ်ကိုင်နေသူ လုပ်သားများပဲ ရှိပါသေးတယ်။ ဒါ့အပြင် ဒီလို ကဏန်းဒိုင်များကို ကဏန်းကုန်များ ရောက်ရှိဖို့အရေး ကျေးလက်ဒေသများမှာ ကဏန်းထောင် နေသူပေါင်းဟာ များစွာကိုရှိနေပါတယ်။ ကဏန်း ဒိုင်တစ်ခုမှာ နေ့စဉ် ကဏန်းသေတ္တာပေါင်း ၁၀ သေတ္တာအထိ ယခင်က ကုန်စည်ပို့ဆောင်နေပါတယ်။ ကဏန်းသေတ္တာတစ်ခုအတွက် ကဏန်းထောင်ရှာဖွေသူဟာ သုံးဦးခန့် လိုအပ်ပါတယ်။ ကဏန်းလုပ်ငန်းဟာ လပွတ္တာမြို့နယ်မှာရှိတဲ့ လူဦးရေသောင်းကဏန်းကျော်ကို အလုပ်ပေးထားနိုင်ပြီး မိသားစုများစွာရဲ့ စီးပွားရေးလုပ်ငန်းများစွာကို ထိန်းသိမ်းပေးထားတဲ့ လုပ်ငန်းတစ်ခုပါ။

လပွတ္တာမြို့ရဲ့ ရေထွက်ကုန်ကဏန်းကို အဓိက တင်ပို့ရတဲ့ ဒေသဟာ တရုတ်နိုင်ငံပါ။ တရုတ်နိုင်ငံအတွင်းမှာ ဖြစ်ပွားနေတဲ့ COVID-19 ရောဂါကြောင့် ပြည်တွင်းပြည်ပ ကုန်သွယ်မှုကို ရပ်နားလိုက်တဲ့ အထဲမှာ ကဏန်းလုပ်ငန်းလည်း ပါဝင်ပါတယ်။ တရုတ်နိုင်ငံက ကဏန်းဝယ်ယူမှု ရပ်ဆိုင်းခဲ့ပြီးနောက် လပွတ္တာမြို့နယ်အတွင်းမှာရှိတဲ့ ကဏန်းလုပ်ငန်းဟာလည်း ရပ်တန့်သွားခဲ့ရပါတယ်။

         

အလုပ်လက်မဲ့ဖြစ်ကြသူများ

ပြည်တွင်းစျေးကွက်မှာ ရရှိတဲ့စျေးနှုန်းနဲ့ နှိုင်းယှဉ်ပါက များစွာကွာဟနေတဲ့ စျေးနှုန်းများကြောင့် ကဏန်းထောင်ရှာဖွေသူများရော ကဏန်းဒိုင်များရောဟာ ရရှိတဲ့စျေးနှုန်းနဲ့ ကုန်ကျစရိတ် မကာမိတာကြောင့် လုပ်ငန်းကို ဆက်လက်လည်ပတ်လို့ မရတော့ပါဘူး။ ဒီလိုရပ်တန့်လိုက်ရမှုရဲ့ နောက်ဆက်တွဲအနေနဲ့ ကဏန်းဒိုင်များမှာ လုပ်ကိုင်နေရသူ မှီခိုလုပ်သားများရော ကဏန်းထောင်ရှာဖွေနေသူများပါ အလုပ်လက်မဲ့ ဖြစ်လာရပါတယ်။

ကဏန်းစျေးနှုန်းများဟာ တရုတ်နှစ်သစ်ကူးရက်မတိုင်မှီက ဂရမ် ၈၀ ဆိုဒ် တစ်ကီလိုလျှင် ကျပ် ၁၅၀၀၀ ဝန်းကျင်၊ ဂရမ် ၁၂၀ ဆိုဒ် တစ်ကီလိုလျှင် ကျပ် ၁၆၀၀၀ ဝန်းကျင်၊ ဂရမ် ၁၇၀ ဆိုဒ် တစ်ကီလိုလျှင် ကျပ် ၁၈၀၀၀ ဝန်းကျင်၊ ဥပါကဏန်းအမ တစ်ကီလိုလျှင် ကျပ် ၂၇၀၀၀ ဝန်းကျင်အထိ စျေးနှုန်းရရှိခဲ့သော်လည်း တရုတ်နိုင်ငံက ကဏန်းဝယ်ယူမှု ရပ်နားထားပြီးနောက် ကဏန်းတစ်ကီလိုလျှင် ကျပ် ၅၀၀၀ ဝန်းကျင်သာ စျေးနှုန်းရရှိတော့ကြောင့်၊ ကဏန်းဖမ်းဆီးရန်အတွက် ကဏန်းစာ တစ်ပိဿာစျေးနှုန်းမှာ ကျပ် ၄၀၀၀ ဝန်းကျင်ဖြစ်သောကြောင့် ရရှိသည့် စျေးနှုန်းနဲ့ နှိုင်းယှဉ်ပါက သွင်းအားစုတန်ဖိုးနဲ့ ရရှိတဲ့အမြတ်ငွေ မကိုက်ညီတဲ့အပြင် ကဏန်းဝယ်ယူမည့် ဒိုင်များပါ ယာယီရပ်နား ပိတ်သိမ်းလိုက်တာကြောင့် လူဦးရေ သောင်းကဏန်းကျော်ဟာ အလုပ်လက်မဲ့ပါပဲ။

“အခုလက်ရှိအနေအထားမှာတော့ ကျွန်တော်တို့ ဒီလပွတ္တာရဲ့ ရေလုပ်ငန်းပေါ့။ ရေလုပ်ငန်းထဲမှာမှ ကဏန်းလုပ်ငန်းကတော့ တရုတ်နှစ်ကူးပြီးတဲ့နောက်ပိုင်း ၂၄ ရက်နောက်ပိုင်း ၂၆၊ ၂၇ လောက်ကနေပြီးတော့ ရပ်တန့်သွားတဲ့သဘော ရှိနေတာပေါ့။ ဘယ်လိုကြောင့် ရပ်တန့်သွားလဲဆိုတော့ ကျွန်တော်တို့အခု ကဏန်းတင်ပို့တဲ့ အဓိကဒေသပေါ့နော်။ တရုတ်ပြည် ကွမ်ကျိုကနေပြီးတော့ မြို့ ၁၃ မြို့ပေါ့။ ပိတ်လိုက်တယ်ဆိုတော့ ကျွန်တော်တို့ ဒီနယ်စပ်ဂိတ်တွေလည်း အကုန်ပိတ်ထားတာကိုး။ ပိတ်ထားတော့ ဒီကတင်ပို့ရောင်းချမှုမှာ ဘယ်လိုမှအဆင် မပြေတော့ဘူးလေ။ ကျွန်တော်တို့က အဓိက ကဏန်းလုပ်ငန်းကို တရုတ်ကိုပဲ တင်ပို့ရောင်းချတာများတာကိုး။ တရုတ်မှာလက်ရှိ ဒီရောဂါဖြစ်ပွားနေတဲ့အတွက် ဒီကအဝင်အထွက်တွေကို အကုန်ရပ်တန့်ပစ်လိုက်တဲ့အတွက် ကျွန်တော်တို့ဒီလုပ်ငန်းက အခြားနေရာကို တင်ပို့တာက မလွယ်တော့ဘူးလေ။ မလွယ်တော့ ဒီကလုပ်ငန်းတွေမှာ ဒေသခံပြည်သူတွေမှာ တော်တော်လေး ဒုက္ခတော့ ရောက်သွားတာပေါ့။ ရောက်သွားတယ်ဆိုတာ ကျွန်တော်တို့မြို့ပေါ်မှာဆိုရင် ဒိုင်ပေါင်းက ၁၃၀ လောက်ရှိတယ်။ တစ်ဒိုင်ကို ပျှမ်းမျှလူဦးရေ အိမ်ထောင်စု ငါးစုလောက် ထိန်းသိမ်းရတာပေါ့။ အဲဒီတော့ ၁၃၅ ဒိုင်ဆိုတော့ အိမ်ထောင်စုက အများကြီး။ ဒါတောင်မြို့ပေါ်ဒိုင်တွေတင်ရှိတာ။ ကျွန်တော်တို့ မြို့ပေါ်ဒိုင်ဆိုတာ ကျေးလက်ကပြည်သူတွေ ရှာဖွေလာတဲ့ဟာကို ကျွန်တော်တို့ဒီမှာကုန်ရောင်းတယ်။ တင်ပို့တယ်။ ဒီလိုလုပ်ရတာကိုး။ နယ်မှာဆိုရင်လည်း တစ်ဒိုင်ကို ၁၅ ဦး ဦး၂၀။ တချို့ဆို ၄၀ ဒီလိုမျိုး ရှိကြတယ်လေ။ အဲဒီလိုပါ ကျေးလက်နေလူတန်းစာတွေပါ။ အကုန်ရပ်တန့်သွားတာပေါ့။ မှီခိုနေတဲ့ လုပ်သားကတော့ ပိုဒုက္ခရောက်တာပေါ့။ လုပ်ငန်းရှင်တွေကတော့ ပထမတုန်းကတော့ ရက်အကန့်အသတ်လောက်ထင်ပြီးတော့ သူတို့က စရိတ်စကလေး အနည်းအကျဉ်းပေါ့။ လေးငါးဆယ်ရက်စာလောက် ပေးလိုက်တယ်။ အခုကျရက်ရှည်လများ ဖြစ်သွားတော့ သူတို့လည်း မပေးနိုင်တော့ဘူးလေ။ မပေးနိုင်တဲ့အခါကျတော့ ဒိုင်လုပ်သားတွေလည်း ဒုက္ခရောက်တာပေါ့။ အဓိကဒုက္ခရောက်တာကတော့ လက်လုပ်လက်စား ပြည်သူတွေပဲ ဒုက္ခရောက်တာပေါ့နော်။ အဲဒီမှာဘာသွားဖြစ်လဲဆိုတော့ ကုန်ထုတ်လုပ်တဲ့ ရှာဖွေလုပ်သားတွေ၊ မြို့ပေါ်မှာရှိတဲ့ ဒိုင်လုပ်သားတွေ အဲဒါတွေကတော့ ဒိုင်တွေနဲ့စာရင် ပိုပြီးတော့ ဒုက္ခရောက်တာပေါ့။ ဒိုင်တွေဘက်ကို ပြန်ကြည့်ရင် ဘာတွေဖြစ်သလဲ ဆိုတော့ တချို့ဆိုရင် ဒိုင်ခန်းခတွေက တစ်လသုံးသိန်းလောက်ရှိတယ်။ လပွတ္တာမှာရှိတာက ဒိုင်ပေါင်း ၁၅၀ နီးပါးပေါ့နော်။ အဲဒီနီးပါးလောက်က ဒိုင် ၄၀ နီးပါးဝန်းကျင်လောက်က အိမ်ပိုင်ယာပိုင်နဲ့ လုပ်ကြတာ။ ကျန်တဲ့ဒိုင်ခန်းတွေက အငှားချည်းပဲဖြစ်နေတာ။ အငှားဆိုတော့ ကုန်လည်းမလုပ်ရဘူး။ ဒိုင်ခန်းခ လစာကျတော့လည်း ပေးနေရတော့ ဒိုင်ခန်းတွေက အဲဒါတော့ ဒုက္ခရောက်တာပေါ့။ ဆုံးရှုံးမှုတွေရှိတာပေါ့။ တချို့ဆို တောတွေမှာ ငွေဖြန့်ထားတာရှိတယ်။ တောကလုပ်သားတွေကလည်း ဒီလုပ်ငန်းရပ်နေတဲ့အတွက် ဘေးအလုပ်ကို ရှာဖွေလုပ်ကိုင်ဖို့ ရန်ကုန်၊ နေပြည်တော်သွားလုပ်။ လမ်းခင်းတဲ့နေရာတွေ ဆားကွင်းထဲတွေ ဝင်လုပ်ဆိုတော့ တကယ်လို့ လမ်းကြောင်းပြန်ပွင့်လာရင်တောင်မှ ဒီလူတွေကလည်း ကုန် ချက်ချင်းပြန်တက်လာဖို့ မလွယ်ကူသေးဘူး။ မလွယ်ကူသေးဘူးဆိုတာ ဒိုင်တွေက နောက်ထပ် တစ်ရင်းစာလောက်ထပ်ထုတ်ပြီး လူသစ်ရှာရမယ်”ဟု လပွတ္တာကဏန်းလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဝင်းနိုင်က ပြောပါတယ်။

တရုတ်စျေးကွက် ရပ်တန့်ခဲ့ပြီး မြို့ပေါ်ရှိ ကဏန်းဒိုင်များ ယာယီရပ်နားလိုက်ရခြင်းကြောင့် ကျေးလက်ဒေသမှာရှိတဲ့ ကဏန်းထောင်ရှာဖွေကာ ရပ်တည်နေရသူများပါ ခက်ခဲလာခဲ့ကြပါတယ်။ လယ်ယာလုပ်ငန်း ဝင်ရောက်လုပ်ကိုင်လိုက်၊ ကဏန်းထောင်လိုက်နဲ့ ရပ်တည်နေရသူ မိသားစုများစွာ အလုပ်လက်မဲ့ဖြစ်ပေါ်ပြီး မြို့ပေါ်တက်ကာ အလုပ်ရှာဖွေခြင်း၊ နယ်စပ်ဒေသများသို့ သွားရောက်ကာ အလုပ်လုပ်ကိုင်ခြင်းများကို လုပ်ဆောင်နေရပါပြီ။ ကဏန်းဒိုင်များမှာ လုပ်ကိုင်နေသူများကတော့ ရန်ကုန်မြို့သို့ သွားရောက်ကာ ယာယီဝမ်းရေးဖြေရှင်းနေရသူများ များပြားပါတယ်။ ဘယ်အချိန်မှာမှ ပြန်လည်ပွင့်လင်းလာမယ်ဆိုတာ မသိရတဲ့ လုပ်ငန်းတစ်ခုအတွက်တော့ လုပ်သားများစွာရဲ့ ဆက်လက်ရပ်တည်ရေးဟာ ခက်ခဲနေပါတော့တယ်။

“အရင်က အမြဲကဏန်းထောင်တာ။ အဲဒီတုန်းကဆို တစ်နေ့ကို ငါးထောင်ကနေ တစ်သောင်းလောက်အထိ ရတယ်။ မိသားစု အဆင်ပြေတာပေါ့ဗျာ။ ကျွန်တော်တို့ ရွာမှာဆိုရင် အဲဒီလို မိသားစုအလိုက် ကဏန်းထောင်နေတဲ့သူတွေ အယောက် ၂၀ လောက်ရှိတယ်။ ရွာမှာရှိတာမှ အိမ်ထောင်စုက ၅၀ ကျော်ကျော်ရှိတာ။ တစ်ဝက်နီးပါးက အဲဒါမျိုးလုပ်နေတာ။ အခုက ကဏန်းကစျေးလည်းကျ၊ ဝယ်မယ့်သူလည်း မရှိတော့ ကျွန်တော်တို့မှာ ဘာလုပ်ရမယ်မသိဘူး။ တွေ့သမျှအလုပ် လျှောက်တောင်းနေရတာပဲ။ အနားက ဆားကွင်းတွေမှာ ရသမျှဝင်လုပ်ရတယ်။ ရွာက ၁၀ ယောက်လောက်တော့ မြို့ပေါ်တက်သွားကြပြီ။ ဒီမှာ ကဏန်းထောင်လို့ မရတော့ဘူးလေ။ မြို့ပေါ်မှာ တွေ့တာလုပ်မယ်ဆိုပြီး သွားကြတာ။ မြဝတီဘက် သွားပြီးတော့ အလုပ်လုပ်မယ်လို့လည်း ပြောကြတဲ့သူတွေရှိတယ်။ အခြားအလုပ် မရှိတဲ့ရွာတွေဆိုတော့ ဘာလုပ်ရမှန်းကို မသိဘူး။ အခုရတာလေး ထောင်ပြီးတော့ ပေးသမျှစျေးလေးနဲ့ မငတ်အောင်ဘဲ နေနေရတယ်” ဟု ကိုယ်တိုင် ကဏန်းထောင် အသက်မွေးနေသူ ကံဆိပ်ကျေးရွာနေ ကိုမြင့်ဇော်က ပြောပါတယ်။

လပွတ္တာမြို့နယ်၌ အရောင်းအဝယ်ရပ်ဆိုင်းနေသော ကဏန်းအဝယ်ဒိုင်များကို ယခုရက်ပိုင်းအတွင်း တွေ့ရစဉ်

အဘက်ဘက်က အထိနာနေတဲ့မြို့

မြို့ရဲ့ အဓိကစီးပွားရေးလုပ်ငန်းဖြစ်တဲ့ ရေလုပ်ငန်းဟာ ရပ်တန့်ခဲ့မှုတင်မကဘဲ ပင်မစီးပွားရေးလုပ်ငန်း နောက်တစ်ခုဖြစ်တဲ့ လယ်ယာလုပ်ငန်းဟာလည်း လပွတ္တာမြို့အတွက် ဒီနှစ်မှာတော့ အကျိုးမပေးခဲ့ပါဘူး။ တစ်သီးစားသာ အဓိကစိုက်ပျိုးလို့ရတဲ့ စပါးဟာ မိုးတွင်းကာလမှာ အောင်ရေမရရှိမှုကြောင့် အဖျင်းများစွာနဲ့ အချို့သော လယ်ယာများဟာ တံစဉ်လွတ်တဲ့အထိ ဖြစ်ရပါတယ်။ စပါးစျေးနှုန်း ဆက်တိုက်ကျဆင်းမှု စိုက်ပျိုးသီးနှံပျက်စီးမှုကြောင့် လယ်သမားကြီးများဟာ ကပ်ဘေးတစ်ခုလို ကြုံခဲ့ရပါတယ်။

“စပါးက အထွက်ဆုတ်တာမဟုတ်ဘူး ရိတ်လို့ကိုမရတာ။ အထွက်ဆုတ်တာလောက်က ကိစ္စမရှိဘူး။ လယ်တစ်ဧကကို အရင်က ၅၀၊ ၆၀ လောက်သီးတဲ့ဟာက ၃၀၊ ၄၀ လောက် သီးရင်တောင် ကိစ္စမရှိဘူး။ အခုက လယ်တစ်ဧကကို လိုက်ရိတ်မှ ငါးတင်းလောက်ပဲရတယ်။ တချို့ဟာတွေဆို မရိတ်ဘဲထားခဲ့ရတာက တံစဉ်လွတ်တွေက မြင်တဲ့ အတိုင်းပဲ။ ကျွန်တော်ဆို ဧက ၆၀ လောက်လုပ်တာ ၃၀ လောက်က တံစဉ်လွတ်သွားတယ်။ ကျန်တဲ့ဟာကလည်း လယ်တစ်ဧကမှ ငါးတင်းခြောက်တင်းလောက်ရတော့ ဘယ်လိုမှ မလုပ်တတ်ဘူး။ မရှင်းတတ်ဘူးဖြစ်နေတာပေါ့။ မိုးက ကျွန်တာ်တို့ စားရမယ့်အချိန်မှာ စားမိုးမရွာလိုက်တော့ အကုန်လုံးက မိုးလွတ်သွားတာပေါ့။ မိုးလွတ်သွားတော့ အကုန်လုံးအပင်တွေက အနှံတွေကထွက်ပြီးတော့ အောင်အောင်မြင်မြင်မရှိတော့ဘူး ဖြစ်သွားတာ။ အခုဆိုကျွန်တော်တို့မှာ ဘဏ်ချေးငွေတွေရှိတယ်။ တခြားပုဂ္ဂလိကကနေပြီးတော့ ထောက်ပံ့ထားတဲ့ချေးငွေတွေလည်း ရှိတာပေါ့နော်။ NGO က ချေးငွေတွေကတော့ စားစရာမရှိ လျော်စရာရှိဆိုပြီးတော့ ဆပ်ရတာပေါ့။ ကိုယ့်အစိုးရနဲ့ပတ်သက်တာကျတော့ ဘယ်လိုလုပ်လို့လုပ်ရမှန်းတောင် မသိတော့ပါဘူး။ သူတို့လုပ်ခိုင်းတဲ့အတိုင်းလုပ်ရမှာပဲ။ တစ်ဧကကို စိုက်ပျိုးစရိတ်က နှစ်သိန်းကျော်ကျော်ကုန်တယ်။ ကျွန်တော်တို့က ပေါ်ဆန်းယဉ်စိုက်တာ။ မနှစ်က တင်းတစ်ရာကို ၁၀ သိန်းလောက်ရောင်းရတယ်။ အခုက ခြောက်သိန်းခုနစ်သိန်းလောက်ပဲ ရှိတယ်။ တစ်ဧကကို သုံးသိန်းလေးသိန်းလောက် ဆုံးသွားတယ်။ ရိတ်ခတောင်မရတာတွေဆိုတော့ အကုန်ကုန်တာပေါ့” ဟု လပွတ္တာမြို့နယ် သပြုကုန်းကျေးရွာအုပ်စု ပျဉ်ထောင်တွင်းရွာက တောင်သူတစ်ဦးဖြစ်သူ ကိုအောင်ကြီးက ပြောပါတယ်။

ဒါ့အပြင် နောက်ထပ်ပင်မစီးပွားရေးလုပ်ငန်းဖြစ်တဲ့ နေလှမ်းဆားလုပ်ငန်းဟာ နာဂစ်မုန်တိုင်းပြီးချိန်ကတည်းက အရှုံးပေါ်ခဲ့ပြီး ပြန်လည်မြတ်စွန်းတည့်မတ်ခဲ့တာ နှစ်နှစ်ခန့်သာ ရှိပါသေးတယ်။ သို့သော်လည်း ယခုနှစ်မှာ ဆားကြမ်းစျေးနှုန်းတွေ ကျဆင်းနေတာကြောင့် ဆားတောင်သူများဟာ ရပ်တည်ရန် ခက်ခက်ခဲခဲပါပဲ။

         

လယ်ပျက်၊ ဆားစျေးကျတဲ့အပြင် ရပ်တန့်ထားတဲ့ ကဏန်းလုပ်ငန်း

လယ်ယာထွက်ကုန်များ ပျက်စီးမှုများပြားခဲ့ခြင်း၊ ဆားကြမ်းစျေးနှုန်းများ ကျဆင်းခဲ့ခြင်းများကြောင့် ကျပ်တည်းလာကြတဲ့ ပြည်သူများအတွက် ထိချက်နာခဲ့ရတဲ့ နောက်တစ်ခုဟာ ကဏန်းလုပ်ငန်းပါ။ ယနေ့အချိန်အထိ ကဏန်းလုပ်ငန်းဟာ တရုတ်နိုင်ငံက ပြန်လည်ဝယ်ယူမှု မရှိသေးတာကြောင့် လုပ်ငန်းအားလုံး ရပ်တန့်နေဆဲပါ။ အခုလို ရပ်တန့်ခဲ့မှုကြောင့် ဒိုင်များဟာလည်း ဆိုင်ခန်းငှားခများ၊ ကျေးရွာများမှာ ငွေကြိုကုန် ကြိုချပေးမှုများ၊ ဆုံးရှုံးမှုများရှိသလို လုပ်သားအရင်းအမြစ်ပါ ပျောက်ဆုံးခဲ့ရပါတယ်။ အကယ်များ တရုတ်နိုင်ငံကနေ စျေးကွက် ပြန်လည်ဖွင့်ပေးလိုက်ပြီဆိုလျှင်တောင်မှ လုပ်ငန်းများ ပြန်လည်စတင်ဖို့ ရင်းနှီးငွေ များ၊ လုပ်သားအရင်းအမြစ်များစွာ လိုအပ်နေပြီး ပြည်သူတွေဘဝ ကျပ်တည်းမှုကာလကို အချိန်ကြာမြင့်စွာ ဖြတ်ကျော်ရဦးမှာပဲ ဖြစ်ပါတယ်။

Most Read

Most Recent