သီလဝါ (သန်လျင်) မှ ပဲခူး (ကမာစဲ) သို့ တိုက်ရိုက်ဆက်သွယ်ပြီး အာရှလမ်းမကြီးနှင့် ဆက်သွယ်မည့် လမ်းမကြီးတစ်လမ်းကို JICA ၊ ADB တို့၏ အကူအညီ ဒေါ်လာ သန်း ၁၆၀ ဖြင့် မကြာမီစတင်ဖောက်လုပ်မည်

သီလဝါ (သန်လျင်) မှ ပဲခူး (ကမာစဲ) သို့ တိုက်ရိုက်ဆက်သွယ်ပြီး အာရှလမ်းမကြီးနှင့် ဆက်သွယ်မည့် လမ်းမကြီးတစ်လမ်းကို JICA ၊ ADB တို့၏ အကူအညီ ဒေါ်လာ သန်း ၁၆၀ ဖြင့် မကြာမီစတင်ဖောက်လုပ်မည်
ဂျပန်နိုင်ငံ၏ အကူအညီဖြင့် ဖောက်လုပ်ခဲ့သည့် သန်လျင်- သီလဝါ လေးလမ်းသွား ကတ္တရာလမ်းမသစ်ကြီး ဖွင့်ပွဲကို တွေ့ရစဉ် (ဓာတ်ပုံ- အောင်မျိုးသန့်)
ဂျပန်နိုင်ငံ၏ အကူအညီဖြင့် ဖောက်လုပ်ခဲ့သည့် သန်လျင်- သီလဝါ လေးလမ်းသွား ကတ္တရာလမ်းမသစ်ကြီး ဖွင့်ပွဲကို တွေ့ရစဉ် (ဓာတ်ပုံ- အောင်မျိုးသန့်)
Published 22 February 2020
 အောင်မျိုးသန့်

သီလဝါ (သန်လျင်) မှ ပဲခူး (ကမာစဲ) သို့ တိုက်ရိုက်ဆက်သွယ်ကာ အာရှလမ်းမကြီးနှင့် ဆက်သွယ်မည့် လမ်းမကြီးတစ်လမ်းကို JICA ၊ ADB တို့၏ အကူအညီ ဒေါ်လာ သန်း ၁၆၀ ဖြင့် မကြာမီ စတင်ဖောက်လုပ်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

“ ကျွန်တော်တို့ဝန်ကြီးဌာနနဲ့ ဂျပန်နိုင်ငံက JICA နဲ့ ADB တို့ ဆောင်ရွက်နေတဲ့ အစီအစဉ်တစ်ခု ရှိပါသေးတယ်။ ဒါကတော့ သန်လျင်ကနေ ရန်ကုန်မြို့ထဲ ဝင်လာတဲ့ မော်တော်ယာဉ်တွေဟာ အခုဘယ်ကလာလဲဆိုရင် အကုန်လုံးက ပဲခူးကနေပြီးမှ ထောက်ကြန့်ကို လာရပါတယ်။ နောက်တစ်ခါ ပြည်ကလာတဲ့ ကားတွေဆိုရင်လည်း ထောက်ကြန့်လာပြီး အဲဒီကနေ ရန်ကုန်မြို့ထဲ ဝင်လာတဲ့အခါကျတော့ ဝင်လာတဲ့ လမ်းပေါက်တွေဟာ ကျွန်တော်တို့ဟာ မော်တော်ယာဉ်တွေ ကျပ်ပိတ်နေတဲ့ အနေအထားမျိုး တွေ့ရပါတယ်။ ဒါကြောင့်မို့လို့  JICA ၊ADB ကနေ ရန်ကုန်မြို့ထဲမယ် လမ်းမကြီးအသစ်တစ်လမ်းကို သန်လျင်ကနေပြီးတော့ သန်လျင်၊ ပဲခူး ကမာစဲမှာဆုံးမယ့် လမ်းမကြီးတစ်လမ်းကို ဒေါ်လာသန်း ၁၆၀ နဲ့မကြာခင်မှာ စဖောက်ပါတော့မယ်” ဟု ဆောက် လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။

“ ကားနဲ့သွားရင် ပဲခူးအထိသွားပြီးတော့ ပဲခူးကျတော့ မြစ်ကိုကူးပြီးရင် မော်လမြိုင်၊ ဘားအံဘက်ကို သွားတာ။ အာရှလမ်းမကြီး။ အခုဟာက သန်လျင်ဘက်ကနေ တိုက်ရိုက် ကမာစဲမှာသွားပြီး လမ်းဖောက်ရင် မြဝတီ၊ မော်လမြိုင်တို့ကလာတဲ့ အာရှလမ်းမကြီးက ရန်ကုန်ကို သီလဝါကို တိုက်ရိုက်ရောက်မှာ ဖြစ်ပါတယ်” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားချက်အရ သိရသည်။

နိုင်ငံတကာနှင့် ဆက်သွယ်ထားသည့် သီလဝါစက်မှုဆိပ်ကမ်းကို မြန်မာနိုင်ငံ အောက်ပိုင်းဒေသဖြစ်သော မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးတို့နှင့် အချိန်တိုအတွင်း ဆက်သွယ်သွားလာနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် အဆိုပါဒေသ ထွက်ကုန်များကိုလည်း သီလဝါစက်မှု ဆိပ်ကမ်းမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ အချိန်တိုအတွင်း ဆက်သွယ်တင်ပို့ဖြန့်ဖြူးနိုင်မည် ဖြစ်ကြောင်း သိရသည်။

လက်ရှိအသုံးပြုလျက်ရှိသော ရန်ကုန်-ဘုရားကြီး-စစ်တောင်းလမ်းထက် အချိန် ပိုမိုသက်သာနိုင်သည့်အပြင် ခရီးမိုင်တိုခြင်း၊ နောင်ဖြစ်ပေါ်လာနိုင်သည့် ယာဉ်ကြောပိတ်ဆို့မှုများကိုလည်း ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

ကျိုက်ထိုမှ ကရင်ပြည်နယ်အတွင်းရှိ ကော့ကရိတ်-မြဝတီမှတဆင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ ထို့ပြင် အရှေ့တောင်အာရှနိုင်ငံများသို့လည်းကောင်း၊ ကျိုက်ထိုမှ မွန်ပြည်နယ်၊ မော်လမြိုင်၊ သံဖြူဇရပ်မှ နယ်စပ်မြို့ ဘုရားသုံးဆူမြို့မှတစ်ဆင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် အရှေ့တောင်အာရှနိုင်ငံများသို့လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ရေနက်ဆိပ်ကမ်းမှတဆင့် အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်းသို့ လည်းကောင်း၊ တနင်္သာရီမောတောင်မှတဆင့် ထိုင်းနိုင်ငံဘန်ကောက်မြို့နှင့် အရှေ့တောင်အာရှ နိုင်ငံများသို့လည်းကောင်း၊ မြန်မာနိုင်ငံ တောင်ပိုင်းစွန်းမြို့၊ ကော့သောင်းသို့ အချိန်တိုအတွင်း ဆက်သွယ်သွားလာနိုင်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။         

 

 

Most Read

Most Recent