အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း NEP Phase 1 ကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလကုန်တွင် ပြီးစီးရန် ဆောင်ရွက်လျက်ရှိပြီး ယင်းစီမံကိန်းပြီးစီးပါက ကျေးရွာပေါင်း ၅၀၈၀ ရှိ အိမ်ထောင်စုပေါင်း ၆၂၆၇၅၇ ခန့် ဓာတ်အားစနစ်မှလျှပ်စစ်ရရှိနိုင်မည်

အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း NEP Phase 1 ကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလကုန်တွင် ပြီးစီးရန် ဆောင်ရွက်လျက်ရှိပြီး ယင်းစီမံကိန်းပြီးစီးပါက ကျေးရွာပေါင်း ၅၀၈၀ ရှိ အိမ်ထောင်စုပေါင်း ၆၂၆၇၅၇ ခန့် ဓာတ်အားစနစ်မှလျှပ်စစ်ရရှိနိုင်မည်
လောပိတရေအားလျှပ်စစ်စီမံကိန်းတစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ဆန်းထူးအောင်)
လောပိတရေအားလျှပ်စစ်စီမံကိန်းတစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ဆန်းထူးအောင်)
Published 20 February 2020
နီလာ

အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း National Electrification Project- Nep Phase – 1 ကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလကုန်တွင်ပြီးစီးရန် ဆောင်ရွက်လျက်ရှိပြီး ယင်းစီမံကိန်းပြီးစီးပါက ကျေးရွာပေါင်း ၅၀၈၀ ရှိ အိမ်ထောင်စုပေါင်း ၆၂၆၇၅၇ စုခန့် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ရရှိမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။

အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း National Electrification Project- Nep Phase – 1 ကို ကမ္ဘာ့ဘဏ်ချေးငွေ ဒေါ်လာ သန်း ၃၁၀ ရယူ၍ Phase – 1 အနေဖြင့် ဓာတ်အားစနစ်မှ နှစ်မိုင်အတွင်းကျေးရွာ ၅၀၈၀ ရွာကို ဓာတ်အားရရှိရန် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

တစ်နိုင်ငံလုံးတွင် နိုင်ငံပိုင်နှင့် ပုဂ္ဂလိက ပိုင်ဓာတ်အားပေးစက်ရုံ ၅၁ ရုံတည်ဆောက်ထားပြီး အဆိုပါစက်ရုံများ၏ စက်တပ်ဆင်အင်အား မဂ္ဂါဝပ် ၅၆၀၀ ကျော်ရှိကာ ရေရှည်တွင် ကံပေါက်ဒေသ၊ အလုံနှင့် မီးလောင်ဂျိုင့်ဒေသတို့တွင် လျှပ်စစ်ထုတ်လုပ်နိုင်မည့် စီမံကိန်းသုံးခု ဆောင်ရွက်ထားကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တစ်နိုင်ငံလုံးရှိ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင်ဓာတ်အား ပေးစက်ရုံ ၅၁ ရုံတည်ဆောက်ထားရှိရာ အဆိုပါစက်ရုံများ၏ စက်တပ်ဆင်အင်အား မဂ္ဂါဝပ် ၅၆၀၀ ကျော်ရှိသည်။ မြန်မာနိုင်ငံတွင် အိမ်ထောင်စုပေါင်း ၁၀ ဒသမ ၈ သန်းကျော်ရှိသည့်အနက် အိမ်ထောင်စုပေါင်း ၄ ဒသမ ၉ သန်းကျော်မှာ လျှပ်စစ်မီးကို သုံးစွဲလျက်ရှိကြောင်းနှင့် ၂၀၁၉ ခုနှစ်ကုန်တွင် လျှပ်စစ်မီးရရှိသုံးစွဲနိုင်သည့် အိမ်ထောင်စုပေါင်း ရာခိုင်နှုန်း ၅၀ အထိ သုံးစွဲနိုင်အောင် ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက် တာထွန်းနိုင်က ပြောကြားထားသည်။

လက်ရှိ လျှပ်စစ်ဓာတ်အားသုံးစွဲမှု အခြေအနေနှင့် နောက်တိုးလျှပ်စစ်ဓာတ်အား သုံးစွဲမည့် အိမ်ထောင်စုများ၏ လျှပ်စစ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို တိုးမြှင့်ဆောင်ရွက်သွားရန် လိုအပ်ကြောင်းနှင့် ရေရှည်တွင် လျှပ်စစ်ဓာတ်အားလုံလောက်မှုရှိစေရန် တနင်္သာရီတိုင်းဒေသကြီး၊ ကံပေါက်ဒေသတွင် ၁၂၃၀ မဂ္ဂါဝပ်၊ ရန်ကုန်တိုင်းဒေသကြီးအလုံတွင် ၃၇၇ မဂ္ဂါဝပ်၊ ဧရာဝတီတိုင်းဒေသကြီး မီးလောင်ဂျိုင့်ဒေသတွင် ၁၃၉၀ မဂ္ဂါဝပ်ထုတ် လုပ်နိုင်မည့် စီမံကိန်းသုံးခုကို ဆောင်ရွက်ထားရှိကြောင်း၊ ၂၀၂၁ -၂၂ ခုနှစ်တွင် ၂၅၀ မဂ္ဂါဝပ် စတင်ဓာတ်အားထုတ်လုပ်နိုင်မည် ဖြစ်ကြောင်းနှင့် ၂၀၂၅-၂၆ ခုနှစ်တွင် ၃၀၀၀ မဂ္ဂါဝပ်အထိ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်ရရှိမှုအခြေအနေမှာ ယခင်နှစ်ဖြစ်သည့် ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်က ၄၇ ဒသမ ၂၅ ရာခိုင်နှုန်းသာ ရှိခဲ့ရာမှ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်အတွင်း  လျှပ်စစ်ဓာတ်အားရရှိမှု ၅၅ ဒသမ ၇၂ ရာ ခိုင်နှုန်းအထိ ရှိလာမည်ဖြစ်ကြောင်း ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် အရအသုံးခန့်မှန်းခြေငွေ စာရင်းဆိုင်ရာ အချက်အလက်များအရ သိရသည်။

သုံးနှစ်နီးပါးအတွင်း လျှပ်စစ်ကဏ္ဍတွင် ကျပ် ၂၃၂၇ ဘီလျံကျော်ရင်းနှီးမြှုပ်နှံကာ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၉၀၀ ကျော် ထပ်တိုးထုတ်လုပ်ခဲ့ပြီး လာမည့် ၂၀၂၀ ပြည့်နှစ် နှစ်လယ်ခန့်တွင် မဂ္ဂါဝပ် ၁၀၀၀ ကျော် ထပ်မံထုတ်လုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“လက်ရှိအနေအထားရ မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အားကို နှစ်စဉ် ၁၅ ရာခိုင်နှုန်းမှ ၁၉ ရာခိုင်နှုန်းအထိ တိုးတက်သုံးစွဲနေတဲ့အတွက် နိုင်ငံတော်အနေနဲ့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ပြည့်မီစွာ ထုတ်လုပ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော်တို့ အစိုးရ တာဝန်ယူဆောင်ရွက်ခဲ့တဲ့အချိန်ကစပြီး လျှပ်စစ်ဓာတ်အား တိုးတက်ရရှိရေးအတွက် နိုင်ငံတော်ရဲ့ ဘဏ္ဍာရန်ပုံငွေ အသုံးစရိတ်များမှာ လျှပ်စစ်ကဏ္ဍအတွက် ဦးစားပေးပြီး ခွဲဝေသတ်မှတ်ပေးခဲ့ပါတယ်။ ဒီလိုလျှပ်စစ်ဓာတ်အားတိုးတက်ရရှိရေး ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့အတွက် ၂၀၁၆ ခုနှစ် ဧပြီမှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအထိကာလအတွင်းမှာ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ သုံးရုံ၊ အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ခြောက်ရုံ၊ နေရောင်ခြည်စွမ်းအင်သုံးဓာတ် အားပေးစက်ရုံတစ်ရုံ၊ စုစုပေါင်း ၁၀ ရုံ၊ လျှပ်စစ်ဓာတ်အား ၉၀၄ မဂ္ဂါဝပ်ကို တိုးတက်ထုတ်လုပ်နိုင်ခဲ့ပြီလည်းဖြစ်ပါတယ်” ဟု နိုင်ငံတော်သမ္မတဦးဝင်းမြင့်က တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားသုံးစွဲမှု ရာခိုင်နှုန်း ၅၀ ပြည့်မြောက်သည့် အခမ်းအနားတွင်  ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။

လက်ရှိအချိန်တွင် မြို့ပေါင်း ၃၆၈ မြို့ နှင့် ကျေးရွာစုစုပေါင်း ၁၆၉၄၁ ရွာကျော်မှာ နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားရရှိ ခဲ့သဖြင့် တစ်နိုင်ငံလုံး၏ ရာခိုင်နှုန်း ၅၀ အထိ ဓာတ်အားရရှိနေခြင်းဖြစ်ကြောင်း သိရသည်။                                                          

 

 

Most Read

Most Recent