အီတလီမှာ ပေါ့ဘာအတွက် အိမ်ကဲ့သို့ဖြစ်သောကြောင့် ဂျူဗင်တပ်စ်သို့ပြန်ရန်ပြဿနာမရှိဘဲ ယူရိုအပြီးထိ စောင့်ကြည့်ရမည်ဟု အေးဂျင့် ရိုင်ယိုလာ ပြောကြား

အီတလီမှာ ပေါ့ဘာအတွက် အိမ်ကဲ့သို့ဖြစ်သောကြောင့် ဂျူဗင်တပ်စ်သို့ပြန်ရန်ပြဿနာမရှိဘဲ ယူရိုအပြီးထိ စောင့်ကြည့်ရမည်ဟု အေးဂျင့် ရိုင်ယိုလာ ပြောကြား
Published 15 February 2020

မန်ယူအသင်းတွင် အနာဂတ်မတည် မငြိမ်ဖြစ်နေသည့် ပေါ့ဘာအတွက် အီတလီမှာ ၎င်း၏အိမ်ကဲ့သို့ဖြစ်သောကြောင့် ဂျူဗင်တပ်စ်သို့ပြန်ရန် ပြဿနာမရှိဘဲ ယူရိုပြိုင်ပွဲအပြီးအထိ စောင့်ကြည့်ရမည်ဖြစ်ကြောင်း အေးဂျင့် ရိုင်ယိုလာက ပြောကြားသည်။

 

ပေါ့ဘာသည် ခြေချင်းဝတ်ဒဏ်ရာကြောင့် Boxing Day (ဒီဇင်ဘာ ၂၆ ရက်)ကတည်းက မန်ယူအသင်းအတွက် ပါဝင်ကစားနိုင်ခြင်းမရှိဘဲ အနားယူနေရပြီး ၎င်းအနေဖြင့် အသင်းပြောင်းရွှေ့လိုသောကြောင့် အချိန်ဆွဲနေခြင်းဖြစ်ကြောင်း သုံးသပ်မှုများ ရှိနေသည်။

ရိုင်ယိုလာသည် ဒီဇင်ဘာလအတွင်း ပေါ့ဘာ၏အနာဂတ်နှင့်ပတ်သက်၍ပြောဆိုရာတွင် ကစားသမားအနေဖြင့် မန်ယူအသင်းမှ ထွက်ခွာမည်မဟုတ်ကြောင်း ပြော ကြားခဲ့သော်လည်း ဖေဖော်ဝါရီ ၁၃ ရက်က အေစီမီလန်-ဂျူဗင်တပ်စ် ကိုပါအီတာလီယာပြိုင်ပွဲအပြီးတွင်မူ ယခုလို ထပ်မံပြောကြားခြင်းဖြစ်သည်။

''အီတလီဆိုတာ ပေါလ်အတွက်တော့ အိမ်လိုပါပဲ။ သူ့အနေနဲ့ ဂျူဗီကိုပြန်ရမယ်ဆိုရင်လည်း ပြဿနာမရှိပါဘူး။ ဒါပေမဲ့ ဘာတွေဖြစ်လာမလဲဆိုတာ ယူရိုအပြီးအထိ စောင့်ကြည့်ရပါမယ်။ ပေါလ်က အကောင်းဆုံးအခြေအနေတစ်ခုမှာ ကစားချင်တာပါ။ ဒါပေမဲ့ မန်ချက်စတာယူနိုက်တက်က ခက်ခဲတဲ့အခြေအနေမှာရှိနေရင် သူလည်း လွတ်မြောက်နိုင်မှာမဟုတ်ပါဘူး''ဟု ၎င်းက ဆိုသည်။

ပြင်သစ်လက်ရွေးစင်ကွင်းလယ်လူ ပေါ့ဘာ (၂၆ နှစ်)သည် ၂၀၁၂ ခုနှစ် နွေရာသီတွင် မန်ယူအသင်းမှ ဂျူဗင်တပ်စ်အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး လေးရာသီအတွင်း ပြိုင်ပွဲစုံ ၁၇၈ ပွဲကစား ၃၄ ဂိုးသွင်းယူကာ စီးရီးအေချန်ပီယံဆု လေးကြိမ်ဆက်တိုက်နှင့် ကိုပါအီတာလီယာ နှစ်ကြိမ်၊ အီတလီစူပါဖလား နှစ်ကြိမ် ဆွတ်ခူးရယူနိုင်ခဲ့သည်။

ထို့ နောက် ပေါ့ဘာသည် ၂၀၁၆ ခုနှစ် နွေရာသီတွင် မန်ယူအသင်းသို့ ပေါင် ၈၉ သန်း (ယူရို ၁၀၅ သန်း) ဖြင့် ပြန်လည်ပြောင်းရွှေ့လာပြီး ၎င်း၏ပြောင်းရွှေ့ကြေးမှာ မန်ယူအသင်းနှင့် ပရီးမီးယားလိဂ်ကလပ်များအတွက် စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူမှုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

သို့သော် ၎င်းအနေဖြင့် ပုံမှန်ခြေစွမ်းမပြနိုင်သောကြောင့် ဝေဖန်မှု များစွာခံခဲ့ရပြီး ပြီးခဲ့သည့်နွေရာသီကတည်းက ဂျူဗင်တပ်စ်နှင့် ရီးယဲလ်အသင်းသို့ပြောင်းရွှေ့ရန် သတင်းထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားကမူ ၎င်းအား ရောင်းချမည်မဟုတ်ဟု အကြိမ်ကြိမ်ငြင်းဆန်ထားသည်။

 

Most Read

Most Recent