တရုတ်ကွန်မြူနစ်ပါတီနှင့် ပြည်ပနိုင်ငံရေးပါတီများအကြား အဆင့်မြင့်ခေါင်းဆောင်များ ဆွေးနွေးပွဲသို့ တက်ရောက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်မည်

တရုတ်ကွန်မြူနစ်ပါတီနှင့် ပြည်ပနိုင်ငံရေးပါတီများအကြား အဆင့်မြင့်ခေါင်းဆောင်များ ဆွေးနွေးပွဲသို့ တက်ရောက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်မည်
Published 28 November 2017

၂၀၁၇ ခုနှစ် မေက တရုတ်နိုင်ငံ ပေကျင်းမြို့တွင် တရုတ်သမ္မတ ရှီကျင်ပင်းနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးစဉ်

တရုတ်ကွန်မြူနစ်ပါတီနှင့် ပြည်ပနိုင်ငံရေးပါတီများအကြား အဆင့်မြင့်ခေါင်းဆောင်များ ဆွေးနွေးပွဲသို့ တက်ရောက်ရန်နှင့် နှစ်နှိင်ငံချစ်ကြည်ရေး မြှင့်တင်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံသို့ အလုပ်သဘော ချစ်ကြည်ရေးခရီး သွားရောက်မည်ဖြစ်ကြောင်း နိုဝင်ဘာ ၂၇ ရက်တွင် နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်သည်။

အဆိုပါ ချစ်ကြည်ရေးခရီးစဉ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရမှ ဖိတ်ကြားခြင်းဖြစ်ပြီး တရုတ်ကွန်မြူနစ်ပါတီနှင့် ပြည်ပနိုင်ငံရေးပါတီများအကြား အဆင့်မြင့် ခေါင်းဆောင်များ ဆွေးနွေးပွဲကို တရုတ်နိုင်ငံ ပေကျင်းမြို့တွင် မကြာမီကာလအတွင်း ကျင်းပမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားကာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် မည်သည့်ရက်တွင် တရုတ်နိုင်ငံသို့ စတင်သွားရောက်မည်ကို မဖော်ပြထားပေ။

ယင်းအဆင့်မြင့် ခေါင်းဆောင်များ ဆွေးနွေးပွဲကို နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၃ ရက်အထိ ကျင်းပရန် စီစဉ်ထားပြီး နိုင်ငံပေါင်း ၁၂၀ မှ ပါတီနှင့် နိုင်ငံရေးအဖွဲ့အစည်း ၂၀၀ ကျော်မှ ခေါင်းဆောင်များ တက်ရောက်ရန် စာရင်းပေးသွင်းထားကြောင်း တရုတ်ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၆ ခုနှစ် တွင် တရားဝင် အစိုးရတာဝန်များ ထမ်းဆောင်ချိန်မှစ၍ တရုတ်နိုင်ငံသို့ ယခုတစ်ကြိမ် သွားရောက်ခြင်းသည် သုံးကြိမ်မြောက် ခရီးစဉ်လည်း ဖြစ်သည်။

အစိုးရတာဝန် ထမ်းဆောင်ပြီးနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံသို့ ပထမအကြိမ်အဖြစ် ၂၀၁၆ ခုနှစ် သြဂုတ်လအတွင်းက ငါးရက်ကြာ သွားရောက်ခဲ့ပြီး အဆိုပါခရီးစဉ်အတွင်း တရုတ်နိုင်ငံသမ္မတ ရှီကျင်ပင်း၊ တရုတ်ဝန်ကြီးချုပ် လီခယ်ကျင်း၊ တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌ မစ္စတာကျန်းတယ်ကျန်းတို့နှင့် တွေ့ဆုံမှုများ ပြုလုပ်ခဲ့သည်။

ထို့နောက် ၂၀၁၇ ခုနှစ် မေလအတွင်းက တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ကျင်းပသော Belt and Road Forum for International Cooperation သို့ တက်ရောက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဒုတိယအကြိမ် သွားရောက်ခဲ့ပြီး ခရီးစဉ်အတွင်း တရုတ်နိုင်ငံသမ္မတ ရှီကျင်ပင်း၊ တရုတ်နိုင်ငံဝန်ကြီးချုပ် လီခယ်ကျင်းတို့နှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်နိုင်ငံ ဒုတိယအကြိမ် ခရီးစဉ်တွင် မြန်မာနှင့် တရုတ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ် ငါးခုဖြစ်သည့် “စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်စာချုပ်”၊ “မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်ရေး သဘောတူစာချုပ်”၊ “စီးပွားရေး ပိုးလမ်းမရပ်ဝန်းတစ်ခုနှင့် (၂၁) ရာစု ရေကြောင်းဆိုင်ရာ ပိုးလမ်းမရပ်ဝန်းတစ်ခု စတင်ခြင်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူစာချုပ်”၊ “ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်” နှင့် “ငလျင်အလွန် ပုဂံရှိ သမိုင်းဝင် အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်” များကို သက်ဆိုင်ရာ နှစ်နိုင်ငံတာဝန်ရှိသူများက လက်မှတ်ရေးထိုးခဲ့သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်နှင့် ပူးတွဲစစ်ဦးစီးဌာန စစ်ဦးစီးချုပ် Gen. Li Zocheng ၏ ဖိတ်ကြားချက်အရ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုဝင်ဘာ ၂၁ ရက်မှ ၂၆ ရက်အထိ တရုတ်နိုင်ငံသို့ သွားရောက်ပြီးနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံသို့ သွားရောက်မည့် ခရီးစဉ် သတင်းထုတ်ပြန်လာခြင်းလည်း ဖြစ်သည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တရုတ်နိုင်ငံ ခရီးစဉ်အတွင်း တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် တာဝန်ရှိသူများအပြင် တရုတ်နိုင်ငံသမ္မတ ရှီကျင်ပင်း ကိုယ်တိုင် လက်ခံတွေ့ဆုံခဲ့သည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်ရေး အပါအဝင် မြန်မာအစိုးရနှင့် မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား ညှိနှိုင်းဆွေးနွေးမှုများအတွက် ကြားဝင်ဆောင်ရွက်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်းကော့ရှန်အား တာဝန်ပေးထားသည်။

ထို့ပြင် ရခိုင်ပြည်နယ်တွင် ARSA ဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက်သမားများ၏ တိုက်ခိုက်ဖျက်ဆီးမှုကို တုံ့ပြန်သည့် မြန်မာတပ်မတော်၏ နယ်မြေရှင်းလင်းရေး ဆောင်ရွက်မှုများနှင့် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ရောက်ရှိသွားသူများ ပြန်လည်လက်ခံရေး ကိစ္စရပ်များအပေါ် နိုင်ငံတကာ အသိုင်းအဝန်းက မြန်မာအစိုးရနှင့် တပ်မတော်အား စွပ်စွဲမှုများအပေါ် တရုတ်နိုင်ငံသည် ကုလသမဂ္ဂတွင် လည်းကောင်း၊ အခြားသီးခြားပုံစံဖြင့် လည်းကောင်း ကာကွယ်ပြောကြားမှုများ ပြုလုပ်ပေးလျက်ရှိသည်။

Most Read

Most Recent