ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ရောဂါကူးစက်ပျံ့နှံ့မှုက တည်ငြိမ်သွားပုံရသည်ဟု ပြောကြားခဲ့သော်လည်း တရုတ်နိုင်ငံ (ပြည်မ) တွင် ကိုရိုနာဗိုင်းရပ်စ်အသစ်ကြောင့် သေဆုံးသူအရေအတွက်သည် ဖေဖော်ဝါရီ ၉ ရက်တွင် ၈၀၀ ကျော်လာပြီး ၂၀၀၂ - ၂၀၀၃ ခုနှစ်က SARS ကြောင့် ကမ္ဘာတစ်ဝန်း သေဆုံးမှုထက် ပိုမိုမြင့်မားသွားပြီဖြစ်ကြောင်း သိရသည်။
ရောဂါကူးစက်ပျံနှံ့ရာ ဗဟိုချက်ဖြစ်သည့် ဟူဘေးပြည်နယ်၌ အများဆုံး ဖြစ်သည့် သေဆုံးသူ ၈၉ ဦး ထပ်မံပေါ်ထွက်လာရာ စုစုပေါင်း သေဆုံးသူအရေအတွက်သည်က SARS ကြောင့် ကမ္ဘာတစ်ဝန်း သေဆုံးခဲ့သည့် အရေအတွက် ၇၇၄ ဦးထက် ပိုမိုမြင့်မားသွားပြီဖြစ်ကြောင်း တရုတ်ကျန်းမာရေး အာဏာပိုင်များ၏ စာရင်းဇယားများအရ သိရသည်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် တရုတ်တွင် သေဆုံးသူအရေအတွက် ဆက်လက်မြင့်တက်နေဆဲဖြစ်ပြီး ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရေးအတွက် နိုင်ငံများကို ကူညီနိုင်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ရန်ပုံငွေဒေါ်လာ ၆၇၅ သန်း တောင်းဆိုခဲ့သည်။
နိုင်ငံတကာမီဒီယာများတွင် ဖော်ပြချက်အရ တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် သေဆုံးသူနှင့် ကူးစက်မှု အရေအတွက် ဆက်လက်မြင့်တက်နေချိန်တွင် တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်တို့၌ ထိုဗိုင်းရပ်စ်ကူးစက်မှုအား ဖော်ထုတ်နိုင်ရန်နှင့် တုံ့ပြန်နိုင်ရန်အတွက် လုပ်ဆောင်နေမှုများကို အားကောင်းစေရန် ဒေါ်လာနှစ်သန်း ကူညီပေးမည်ဟု အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က ဖေဖော်ဝါရီ ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထိုငွေများကို ရောဂါလက္ခဏာရှာဖွေမှုနှင့် ဓာတ်ခွဲခန်း စမ်းသပ် ကိရိယာများအတွက်လည်းကောင်း၊ အထူးသဖြင့် ကျေးလက်ဒေသများတွင် ကူးစက်ပျံ့နှံ့မှုအား စောင့်ကြည့်မှုနှင့် တုံ့ပြန်မှုတိုးတက်စေရန်အတွက်လည်းကောင်း သုံးစွဲသွားမည်ဟု ADB က ထုတ်ပြန်ခဲ့သည်။
2019-nCoV လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားပျံ့နှံ့နှုန်းသည် တရုတ်နိုင်ငံ၌ နေ့စဉ်ပိုမိုမြင့်မားနေဆဲဖြစ်ပြီး တရုတ်နိုင်ငံတွင် ဓာတ်ခွဲအတည်ပြုရောဂါဖြစ်ပွားသူ ၁၀၀ လျှင် နှစ်ဦးနှုန်း သေဆုံးသည်ကို တွေ့ရကာ ရောဂါဖြစ်ပွားစဉ်က သေဆုံးမှုရာနှုန်းမှာ ပြောင်းလဲမှုမရှိသေးဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဖေဖော်ဝါရီ ၈ ရက် နံနက်အစောပိုင်း ထုတ်ပြန်ချက်အရ လွန်ခဲ့သော ၂၄ နာရီအတွင်း 2019-nCoV အသစ်တွေ့ရှိသည့် နိုင်ငံ မရှိကြောင်း၊ WHO အနေဖြင့် travel restriction ပြုလုပ်သည်ဟု တရားဝင်စာပို့ခြင်း၊ တရားဝင် ဖော်ပြခြင်း၊ မီဒီယာများမှတစ်ဆင့် သိရခြင်းဖြင့် တရားဝင် သတင်းပို့သောနိုင်ငံပေါင်း ၂၀ ကျော် (၃၂ရာခိုင်နှုန်း) သာရှိကြောင်းနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေဖြင့် လိုအပ်သည့် ပစ္စည်းများကို လိုအပ်သည့်နိုင်ငံများသို့ ထောက်ပံ့ပေးမည့် The Pandemic Supply Chain Network ရှိရာ အကူအညီ လိုအပ်သည့်နိုင်ငံများသို့ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးပေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်ဟု ဖော်ပြထားသည်။
ဖေဖော်ဝါရီ ၈ရက်အထိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အန္တရာယ်ရှိ အဆင့်သတ်မှတ်ချက်အရ တရုတ်နိုင်ငံသည် အလွန်အန္တရာယ်ရှိ Very High အဆင့်တွင်ရှိနေဆဲဖြစ်ပြီး ဒေသတွင်းနိုင်ငံများ အပါအဝင် တစ်ကမ္ဘာလုံးကို အန္တရာယ်ရှိ High အဆင့်သာ သတ်မှတ်ထားသေးသည်။

ကိုရိုနာဗိုင်းရပ်စ်နဲ့ အာရှနိုင်ငံအချို့၏အခြေအနေ
ဖေဖော်ဝါရီ ၈ ရက်နံနက်အစောပိုင်းက ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ရရှိသည့် အချက်အလက်အရ တစ်ကမ္ဘာလုံးတွင် ဓာတ်ခွဲအတည်ပြုလူနာ ၃၁၄၈၁ ရှိပြီး ယင်းတို့အနက် လူနာ ၃၁၂၁၁ ဦးမှာ တရုတ်ပြည်မှဖြစ်ကြောင်း၊ တရုတ်နိုင်ငံပြင်ပ ဟောင်ကောင်တွင် ၂၄ ဦး၊ မကာအိုတွင် ၁၀ ဦးနှင့် ထိုင်ဝမ်တွင် ၁၆ ဦး အပါအဝင်ဖြစ်ကြောင်း၊ ဓာတ်ခွဲအတည်ပြုလူနာများအနက် ၄၈၂၁ ဦးမှာ စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေပြီး လူဦးရေ ၆၃၇ ဦး သေဆုံးပြီဖြစ်ကြောင်း၊ တရုတ်နိုင်ငံ ပြင်ပနိုင်ငံပေါင်း ၂၄နိုင်ငံတွင် ဖြစ်ပွားမှုရှိနေပြီး ဓာတ်ခွဲအတည်ပြုလူနာ ၂၇၀ ဦးရှိသည်ဟု ဖော်ပြထားသည်။
အာဆီယံနိုင်ငံများတွင် ဗီယက်နမ်၊ စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဖိလစ်ပိုင်နိုင်ငံတို့တွင် ရောဂါဖြစ်ပွားမှုရှိနေပြီး ထိုအချိန်က အာရှနိုင်ငံများအနက် စင်ကာပူတွင် လူဦးရေ ၃၀၊ ဂျပန်တွင် ၂၅ ဦး၊ ထိုင်းတွင် ၂၅ ဦး၊ ကိုရီးယားတွင် ၂၄ ဦး၊ မလေးရှားတွင် ၁၄ ဦး၊ ဗီယက်နမ်တွင် ၁၂ ဦး၊ ဖိလစ်ပိုင်တွင် သုံးဦးနှင့် ကမ္ဘောဒီးယားတွင် တစ်ဦး ရှိသည်ဟု ဆိုသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့သို့ သတင်းပေးပို့ချက်အရ တရုတ်နိုင်ငံပြင်ပတွင် သေဆုံးမှုအနေဖြင့် ဟောင်ကောင်တွင် အသက် ၃၉ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် ဖိလစ်ပိုင်နိုင်ငံတွင် တစ်ဦးရှိသည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် သံသယလူနာများ တွေ့ရှိသော်လည်း ဓာတ်ခွဲအတည်ပြုလူနာ မရှိသည့်အတွက် ဖေဖော်ဝါရီ ၈ ရက်အထိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်သော ရောဂါဖြစ်ပွားသည့် နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံ မပါဝင်ပေ။

သံသယလူနာများ တွေ့ရှိသော်လည်း အတည်ပြုလူနာမရှိသော မြန်မာနိုင်ငံ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် 2019-nCoV acute respiratory disease ရောဂါ သံသယနှင့် စောင့်ကြည့်လူနာများထံမှ နှာခေါင်းတို့ဖတ်နမူနာများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပေးပို့၍ စစ်ဆေးအတည်ပြုလျက်ရှိသည်။ ဖေဖော်ဝါရီ လဆန်းပိုင်းမှစ၍ တွေ့ရှိလာသော သံသယလူနာနှင့် စောင့်ကြည့်လူနာများကို တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ သက်ဆိုင်ရာဆေးရုံများတွင် စောင့်ကြပ်ကုသမှုပေးပြီး သံသယလူနာများ၏ ဓာတ်ခွဲအဖြေများကို နေ့စဉ် သတင်းထုတ်ပြန် ကြေညာခဲ့သည်။ ဖေဖော်ဝါရီ ၇ ရက် ညပိုင်းအထိ သတင်းထုတ်ပြန်ချက်အရ ထိုအချိန်အထိ သံသယလူနာနှစ်ဦး အပါအဝင် လူနာကိုးဦးကို သက်ဆိုင်ရာဆေးရုံများတွင် ဆက်လက်စောင့်ကြပ် ကြည့်ရှုကုသပေးလျက်ရှိသည်ဟု ကျန်းမာရေးဌာနက သတင်းထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီ ၆ ရက်က ရန်ကုန်နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်များသို့ တရုတ်နိုင်ငံမှ ထွက်ခွာလာသော လေယာဉ် ခြောက်စင်းမှ ခရီးသည် ၃၃၄ ဦး မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့သည့်အတွက် ထိုခရီးသည်များ တည်းခိုနေထိုင်သည့် ဟိုတယ် ၊တည်းခိုခန်းများသို့ ရောဂါစောင့်ကြပ် ကြည့်ရှုသည့်လုပ်ငန်းများကို အားဖြည့်ဆောင်ရွက်လျက်ရှိသည်ဟု ကိုရိုနာဗိုင်းရပ်စ်ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားထားသည်။
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား နှစ်နိုင်ငံ နယ်မြေချင်းထိစပ်မှုမှာ မိုင်ပေါင်းများစွာရှည်လျားပြီး ကုန်းလမ်းများရှိ တရားဝင် ဝင်ထွက်ပေါက်များအပြင် တရားမဝင် ဝင်ထွက်ပေါက်များတွင် ပါဝင်ရောက်မှုများ ရှိနေသည့်အချက်သည် မြန်မာနိုင်ငံအတွက် အထူးအရေးကြီးသည့် အချက်တစ်ချက်ဖြစ်သည်။ ထိုသို့သော အကြောင်းရင်းများကြောင့် ဝင်ရောက်လာသည့် ခရီးသည်ဦးရေနှင့် ရောဂါဖြစ်ပွားမှုအခြေအနေကို အမြဲစောင့်ကြပ်ရန် လိုအပ်မည်ဟုလည်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
“ တရုတ်နိုင်ငံသားတွေ အလုပ်လုပ်ကိုင်နေတဲ့ ရန်ကုန်နဲ့မြို့ကြီးတွေမှာရှိတဲ့ စက်မှုဇုန်တွေ အလုပ်ရုံတွေ စက်ရုံတွေမှာလည်း မြန်မာနဲ့ တရုတ်ဘာသာ ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်တွေ ပိုစတာတွေ ဖြန့်ဝေတာကို ကျန်းမာရေးဌာနအနေနဲ့ အားဖြည့်ဆောင်ရွက်နေပါတယ်။ ကျန်းမာရေး အသိပညာမြှင့်တင်ရေးဌာနခွဲက ပြုစုပြီးဖြစ်တဲ့ တရုတ်ဘာသာနဲ့ ကျန်းမာရေးအသိ ပညာပေးလက်ကမ်းစာစောင်တွေကို တရုတ်နိုင်ငံက လာတဲ့သူတွေ တည်းခိုရာနေရာ ရပ်ကွက်တွေမှာ ဖြန့်ဝေတာ အသိပေး နှိုးဆော်တာတွေကို အားဖြည့်ဆောင်ရွက်ပါမယ်။ ဒါတွေအပြင် အပြည်ပြည်ဆိုင်ရာလေဆိပ်တွေက ဝင်လာသူတွေမှာ Health Declaration Card ကို ပြည့်ပြည့်စုံစုံ မဖြည့်ထားဘူးဆိုရင် ပြည်တွင်းကို လုံးဝ ဝင်ခွင့်မပြုဖို့ကိုလည်း ပြောကြားထားပါတယ်” ဟု ရောဂါနှင့် ပတ်သက်သည့် ဗဟိုအဆင့် ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော Health Declaration Form ကို ပြည်ပမှ လေကြောင်းခရီးဖြင့် လာရောက်သည့် ခရီးသည်များအား စနစ်တကျပြည့်စုံစွာ ဖြည့်စွက်ထားမှသာ ပြည်တွင်းသို့ ဝင်ရောက်ခွင့်ပြုရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှတစ်ဆင့် နိုင်ငံတကာ လေကြောင်းလိုင်းများသို့ အကြောင်းကြားခဲ့သည်။ တရုတ်နိုင်ငံသို့ ပြီးခဲ့သည့် ၁၄ ရက်အတွင်း ခရီးသွားခဲ့ခြင်း၊ ပြီးခဲ့သည့် ၁၄ ရက်အတွင်း အဆုတ်ရောင်ရောဂါ (2019-nCoV) ဖြစ်ပွားသည်ဟု သံသယရှိသူနှင့် အတူနေထိုင်ခဲ့ခြင်း၊ လွန်ခဲ့သော ၁၄ ရက်အတွင်း ရောဂါဖြစ်ပွားသည်ဟု အတည်ပြုခြင်းခံရသူနှင့် အတူနေထိုင်ခဲ့ခြင်းတို့ရှိခဲ့ပြီး အဆုတ်ရောင်ရောဂါလက္ခဏာများ ပေါ်ပေါက်ပါက အဆုတ်ရောင်ရောဂါ (2019-nCoV) သံသယလူနာဟု သတ်မှတ်နိုင်၍ သတိပြုရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဇန်နဝါရီ ၂၆ ရက်မှစ၍ အသိပေးနှိုးဆော်ခဲ့သည်။
တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ဖြစ်ပွားနှုန်းများ ဆက်လက်မြင့်တက်နေ၍ နိုင်ငံအတွင်း ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးကို ပထမဦးစားပေးအရေးပေါ်အဖြစ် သတ်မှတ်ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးက “ တရုတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ အဆုတ်ရောင်ရောဂါ ဖြစ်ပွားနှုန်းက နေ့စဉ် ဆက်လက်မြင့်မားနေတာ တွေ့ရတဲ့အတွက် ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးတွေကို ကျန်းမာရေး ဝန်ကြီးဌာနက ပထမဦးစားပေး အရေးပေါ်အနေနဲ့ အထူးဂရုပြု အားထုတ်ဆောင်ရွက်နေတယ်။ ရောဂါဖြစ်ပွားတဲ့ နိုင်ငံတွေက ခရီးသည်တွေ ပြည်တွင်းကို ဝင်ရောက်မှု နည်းပါးသွားတာနဲ့အမျှ နိုင်ငံအတွင်းမှာ ရောဂါကူးစက်ဖြစ်ပွားနိုင်ခြေ နည်းသွားမယ်။ တိုင်းဒေသကြီး၊ ပြည်နယ် လေးခုမှာရှိတဲ့ မြို့နယ် ၁၀ ခုမှာ တရားဝင် မြေပြင်နယ်စပ် ဝင်ထွက်ဂိတ်အနည်းဆုံး၂၀ လောက်ရှိပါတယ်” ဟု ဆိုသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ရရှိသော အချက်အလက်အရ ဇန်နဝါရီ ၅ ရက်မှ ၃၀ ရက်အထိ ရန်ကုန်လေဆိပ်၌ ခရီးသည် ၁၇၀၀၀၀ ဦးခန့်၊ မန္တလေးလေဆိပ်၌ ၉၀၀၀၀ ၊ နေပြည်တော်၌ ၃၀၀၀ ဝင်ရောက်ခဲ့ကြောင်းနှင့် နယ်စပ်ဝင်ထွက်ဂိတ်များအနေဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွင် ဇန်နဝါရီ ၁ ရက်မှ ၃ဝရက်အထိ ဝင်ထွက်သည့်အကြိမ်ပေါင်း ၆၀၀၀၀၀ ကျော်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် ဇန်နဝါရီ ၆ ရက်မှ ၃၀ ရက်အထိ ဝင်ထွက်သူ ၃၃၀၀၀၀ ခန့် ရှိသည်ဟု သိရသည်။ အဆိုပါ ဝင်ထွက်သွားလာသူများတွင် အများစုမှာ မြန်မာနိုင်ငံသားများ ဖြစ်သည်ဟုလည်းဆိုသည်။
ရောဂါကူးစက်မှုမဖြစ်စေရန် ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်းစသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများ ခံစားနေရသောသူများနှင့် အနီးကပ်နေထိုင်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ လူထူထပ်သောနေရာများသို့ သွားလာခြင်းမှ ရှောင်ကြဉ်ခြင်း၊ နှာချေ၊ ချောင်းဆိုးသည့်အခါ နှာခေါင်းနှင့် ပါးစပ်လုံခြုံအောင် ဖုံးအုပ်ထားသောအဝတ်နှင့် နှာခေါင်းစည်းအသုံးပြုခြင်း၊ တိရစ္ဆာန်များနှင့် အကာအကွယ်မရှိဘဲ တိုက်ရိုက်ထိ တွေ့ခြင်းမှ ရှောင်ကြဉ်ခြင်း၊ လူနာနှင့် ထိတွေ့သော အရာဝတ္ထုများအား အသုံးပြုကိုင်တွယ်ပြီးတိုင်း၊ လူနာနှင့် ထိတွေ့ပြီးသည့်အခါတိုင်း စနစ်တကျလက်ဆေးခြင်း၊ ကျန်းမာရေး ဝန်ထမ်းများအနေဖြင့် လူနာအား ထိတွေ့ကိုင်တွယ်ရသည့် အချိန်တိုင်း မိမိကိုယ်ကိုယ် ရောဂါပိုးကူးစက်ခံရခြင်းမရှိစေရန် Infection Prevention and Control ကို ဂရုပြုလိုက်နာခြင်း၊ အပြည်ပြည်ဆိုင်ရာ လေဆိပ်များသို့ လေကြောင်းခရီးမှတစ်ဆင့် ဝင်ရောက်လာသော ပြည်တွင်းပြည်ပ ခရီးသွားများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အပြည်ပြည်ဆိုင်ရာ ခရီးသွားများအတွက် ကျန်းမာရေးဆိုင်ရာ အကြံပေးချက် Travel Advice ကို လိုက်နာခြင်းဖြင့် ကာကွယ်နိုင်သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
2019-nCoV ဗိုင်းရပ်စ်ကြောင့် တရုတ်တွင် သေဆုံးမှုနှုန်း မြင့်တက်လာနေသော်လည်း သေဆုံးသူအရေအတွက်သည် နှစ်ရာခိုင်နှုန်းသာရှိပြီး ပြီးခဲ့သော ၁၇ နှစ်ခန့်က ဖြစ်ပွားခဲ့သော SARS ရောဂါကြောင့် သေဆုံးခဲ့မှု ၁၀ ရာခိုင်နှုန်း ဝန်းကျင်ထက် နည်းပါးကြောင်း ကျွမ်းကျင်ပညာရှင်များက အလေးပေး ပြောကြားနေဆဲဖြစ်သည်။
နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ ကူးလူး ဆက်သွယ်မှု လျင်မြန်များပြားလာမှုနှင့်အတူ ဆားစ်ရောဂါ၊ ကြက်ငှက်တုပ်ကွေးရောဂါ၊ အရှေ့အလယ်ပိုင်းဒေသ အသက်ရှူလမ်းကြောင်းရောဂါ(မားစ်)၊ အီဘိုလာဗိုင်းရပ်စ် ရောဂါ၊ ဇီကာဗိုင်းရပ်စ်ရောဂါ အစရှိသည့် ကူးစက်ရောဂါအသစ်များနှင့် ပြန်လည်ဦးထောင်လာသော ကူးစက်မြန်ရောဂါများသည် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများအဖြစ် ယနေ့အချိန်တွင် တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်လျက်ရှိသည်မှာ အမှန်ပင်ဖြစ်သည်။










