နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ၏ အားသာချက်၊ အားနည်းချက်များ ဖော်ထုတ်၍ နိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေမည့် အသုံးစရိတ်များ၊ နိုင်ငံတော်ကရရှိမည့် ရငွေများပေါ်တွင် အကျိုးသက်ရောက်မှုများအား လေ့လာသုံးသပ်နေ

နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ၏ အားသာချက်၊ အားနည်းချက်များ ဖော်ထုတ်၍ နိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေမည့် အသုံးစရိတ်များ၊ နိုင်ငံတော်ကရရှိမည့် ရငွေများပေါ်တွင် အကျိုးသက်ရောက်မှုများအား လေ့လာသုံးသပ်နေ
Published 26 November 2017

နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ၏ အားသာချက်၊ အားနည်းချက်များကို ဖော်ထုတ်၍ နိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေမည့် အသုံးစရိတ်များ၊ နိုင်ငံတော်ကရရှိမည့် ရငွေများအပေါ်တွင် ဘဏ္ဍာရေးအရ အကျိုးသက်ရောက်မှုများကို စိစစ်သုံးသပ်ရေးအဖွဲ့များဖွဲ့စည်းပြီး လေ့လာသုံးသပ်နေကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

နေပြည်တော်တွင် နိုဝင်ဘာ ၂၄ ရက်ကကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပထမခြောက်လပတ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်၊ သဘောထားမှတ်ချက်အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့်ပတ်သက်၍ ဒုတိယဝန်ကြီးက ရှင်းလင်းရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်ကစပြီးတော့ ဆောင်ရွက်ခဲ့ပါတယ်။ ၎င်းတို့ရဲ့အားသာချက်၊ အားနည်းချက်များကို ဖော်ထုတ်ပြီးတော့ ပိုမိုထိရောက်အောင်မြင်စေပြီး နိုင်ငံတော်အတွက်ကို ဝန်ထုပ်ဝန်ပိုးဖြစ်စေမယ့် အသုံးစရိတ်များ၊ နိုင်ငံတော်ကရရှိမယ့် ရငွေများအပေါ်မှာ ဘဏ္ဍာရေးအရ အကျိုးသက်ရောက်မှုများကို စိစစ်သုံးသပ်ရေးအဖွဲ့များ ဖွဲ့စည်းပြီးတော့ လေ့လာသုံးသပ်မှုတွေ နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများရဲ့ လုပ်ငန်းစွမ်းဆောင်ရည် စောင့်ကြည့်ကြပ်မတ်မှု လက်စွဲစာစောင်ပြုစုဆောင်ရွက်ခြင်း၊ ကမ္ဘာ့ဘဏ်နဲ့ပူးပေါင်းပြီးတော့မှ ဆောင်ရွက်တဲ့ PER 2 မှာ နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများရဲ့ ပြုပြင်ပြောင်းလဲမှုများကို သုံးသပ်လေ့လာရန် ဘာသာရပ်တစ်ခုအဖြစ်နဲ့ ထည့်သွင်းဆောင်ရွက်လျက်ရှိပါကြောင်းနဲ့ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တင်ပြအပ်ပါတယ်” ဟု ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများနှင့် ပတ်သက်၍ ခြုံငုံသုံးသပ်မည်ဆိုပါက ယခင်နှစ်များထက် ရငွေလျော့နည်းလာခြင်း၊ သုံးငွေပိုမိုလာခြင်းတို့ကိုတွေ့ရှိရပြီး ရငွေပိုင်းကို တိုးတက်လာအောင်ဆောင်ရွက်ရန်နှင့် သုံးငွေကို ချင့်ချိန်ပြီး ဦးစားပေးသုံးစွဲရန်အတွက် လိုအပ်သည့်ဘတ်ဂျက် အမှာစာများကိုထုတ်ပြန်ပြီး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ရှင်းလင်းတင်ပြသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပထမခြောက်လပတ် ဘဏ္ဍာငွေ အရအသုံးစာရင်းများအရ နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများအနက် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေအတွင်းရှိ အဖွဲ့အစည်းများသည် ပထမခြောက်လပတ်ကာလအတွင်း လိုငွေကျပ် ၁၅၄ ဒသမ ၉၂၀ ဘီလျံဖြစ်ပေါ်ခဲ့ပြီး ဘဏ္ဍာရန်ပုံငွေပြင်ပရှိ အဖွဲ့အစည်းများက ပိုငွေကျပ် ၃၃ ဒသမ ၉၉၆ ဘီလျံဖြစ်ပေါ်ခဲ့ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများကို ကိုယ်ပိုင်ဘဏ္ဍာရန်ပုံငွေကြေးအပေါ်တွင် ရပ်တည်စေရေးအတွက် စီးပွားရေးဆန်ဆန် လုပ်ကိုင်ဆောင်ရွက်နိုင်စေရန် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်လျက်ရှိကြောင်း၊ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်အရ အသားတင်အမြတ်ရငွေမှ ဝင်ငွေခွန် ၂၅ ရာခိုင်နှုန်းနှင့် နိုင်ငံတော်ထည့်ဝင်ငွေ ရာခိုင်နှုန်း ၂၀ သာပေးသွင်းစေပြီး ကျန် ၅၅ ရာခိုင်နှုန်းကို ကိုယ်ပိုင်ဘဏ္ဍာရန်ပုံငွေအဖြစ်ထားရှိ လုပ်ကိုင်စေလျက်ရှိကြောင်း၊ သို့သော်လည်း လက်တွေ့တွင် သာမန်စာရင်း၌ပင် ရငွေလျော့ကျနေပြီး သုံးငွေတိုးတက်မှုကြောင့် လိုငွေဖြစ်ပေါ်နေကြောင်း သုံးသပ်တွေ့ရှိရသည်ဟု ကော်မတီ၏အစီရင်ခံစာတွင် ဖော်ပြထားသည်။

“ပထမခြောက်လပတ် အခွန်အကောက်ရရှိငွေဟာ မူလရည်မှန်ချက်ရဲ့ ၃၄ ဒသမ ၁၆ ရာခိုင်နှုန်းသာရှိတဲ့အပြင် သုံးနှစ်တာကာလအတွင်း အနည်းဆုံးအချက်ဖြစ်တယ်ဆိုတဲ့ အချက်နဲ့ပတ်သက်ပြီးတော့ ရှေ့ပြေး အမှန်စာရင်းများအရဆိုရင် ယခင်နှစ်များထက် ပိုမိုရရှိပါကြောင်း ရှင်းလင်းတင်ပြခဲ့ပြီးလည်း ဖြစ်ပါတယ်။ အခွန်တိုးတက်ကောက်ခံရရှိရန်အတွက် အခွန်ဆိုင်ရာ စီမံခန့်ခွဲမှုမှာရရှိထားတဲ့ တိုးတက်မှုအခြေအနေကောင်းများနှင့်အတူ အခွန်ဆိုင်ရာဥပဒေများ ခေတ်မီရေး ဆောင်ရွက်သင့်ကြောင်း အကြံပြုချက်နှင့်စပ်လျဉ်းပြီး အခွန်စနစ်ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ပြည်ပပညာရှင်များ အကူအညီကိုပါရယူပြီးတော့မှ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဆွေးနွေးအပ်ပါတယ်” ဟု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဆက်လက်တင်ပြသည်။

ဆက်လက်၍ စီမံကိန်းနှင့်ဘဏ္ဍာရေး ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက “ပြည်ထောင်စုဌာနအဖွဲ့အစည်းများရဲ့ မူလခန့်မှန်းခြေအပေါ်မှာ ရငွေတိုးတက်မှု၊ ရငွေလျော့နည်းမှု၊ သုံးငွေပိုမိုမှု၊ လျော့နည်းမှု စတာတွေကို ရှင်းလင်းချက်များကို တောင်းခံတဲ့အခါမှာ နောက်ခြောက်လမှာ ရငွေတွေကို ပြည့်မီစွာရရှိဖို့ အသုံးစရိတ်တွေကိုလျာထားတဲ့အပေါ်မှာ ထိထိရောက်ရောက် သုံးစွဲနိုင်ဖို့အတွက် မည်သို့ဆောင်ရွက်မည်ဆိုတဲ့အချက်ကိုပါ ဌာနအဖွဲ့အစည်းများကို တောင်းခံပြီးတော့မှ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဘတ်ဂျက်ကာလအတွင်းမှာ ပြီးပြတ်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းမရှိလို့ ပြန်လည်အပ်နှံရတဲ့အခြေအနေနဲ့ စပ်လျဉ်းပြီးတော့ ဆွေးနွေးအကြံပြုချက်ဟာလည်း သင့်လျော်တဲ့အကြံပြုချက် ဖြစ်ပါတယ်။ ပိုလျှံငွေပြန်လည်အပ်နှံရတဲ့ အဓိကအကြောင်းများကိုကြည့်ရင် ချေးငွေ ပြည်ပအကူအညီရငွေများ လျာထားတဲ့အတိုင်းမရရှိခြင်း၊ တင်ဒါခေါ်ယူမှုနောက်ကျခြင်းကြောင့် အချိန်မီပြီးစီးမှုမရှိခြင်း၊ တင်ဒါခေါ်ယူမှုကြောင့် ပိုလျှံလာတဲ့ငွေကို လွှဲပြောင်းသုံးစွဲခွင့်မပြုဘဲ ပြန်လည်အပ်နှံစေခြင်းစတဲ့ အချက်များကြောင့် ဖြစ်ပါတယ်။ ပိုလျှံငွေနဲ့ ပတ်သက်ရင် မဖြစ်မနေပြန်ပြီးတော့ အပ်သင့်တဲ့ပိုလျှံငွေများကိုတော့ လိုငွေကိုသက်သာစေဖို့အတွက် ပြန်လည်အပ်နှံစေရမှာ ဖြစ်ပါတယ်။ လွှဲပြောင်းသုံးစွဲနိုင်တဲ့ ပိုလျှံငွေများကိုတော့ ဘဏ္ဍာရေးစည်းမျဉ်းနဲ့ ညီညွတ်မှုရှိမယ်ဆိုရင် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြ၍ဖြစ်စေ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ဖြစ်စေခွင့်ပြုချက်ဖြင့် Case by Case စနစ်ဖြင့် ကျွန်တော်တို့ ခွင့်ပြုပေးလျက်ရှိပါကြောင်း ရှင်းလင်းဆွေးနွေးအပ်ပါတယ်” ဟု ထည့်သွင်းပြောကြားသည်။

Most Read

Most Recent