အသစ်ခန့်အပ် တာဝန်ပေးလိုက်သည့် ပြည်ထောင်စုဝန်ကြီး နှစ်ဦး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ ပြည်ထောင်စုလွှတ်တော် နာယကရှေ့မှောက်၌ ကတိသစ္စာပြု

အသစ်ခန့်အပ် တာဝန်ပေးလိုက်သည့် ပြည်ထောင်စုဝန်ကြီး နှစ်ဦး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ ပြည်ထောင်စုလွှတ်တော် နာယကရှေ့မှောက်၌ ကတိသစ္စာပြု
Published 25 November 2017

အသစ်ခန့်အပ် တာဝန်ပေးလိုက်သည့် ပြည်ထောင်စုဝန်ကြီး နှစ်ဦး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ ပြည်ထောင်စုလွှတ်တော် နာယကရှေ့မှောက်၌ နိုဝင်ဘာ ၂၄ ရက်က ကတိသစ္စာပြုနေသည်ကို သတင်းရယူနေမှုအား တွေ့ရစဉ်

အသစ်ခန့်အပ် တာဝန်ပေးလိုက်သည့် ပြည်ထောင်စုဝန်ကြီး နှစ်ဦး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ ပြည်ထောင်စုလွှတ်တော် နာယကရှေ့မှောက်၌ နိုဝင်ဘာ ၂၄ ရက်က ကတိသစ္စာပြုခဲ့ကြသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန နှစ်ခုတိုးချဲ့ ဖွဲ့စည်းခဲ့ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ဝန်ကြီးအဖြစ် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်နေသည့် ဦးသောင်းထွန်းနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးအဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် တာဝန်ယူနေသည့် ဦးကျော်တင်ကို တာဝန်ပေး ခန့်အပ်ကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ထားသည်။

ထို့ပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အသစ်တွင် ဥက္ကဋ္ဌအဖြစ် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးအောင်ကြည်၊ အတွင်းရေးမှူးအဖြစ် တရားလွှတ်တော်ရှေ့နေ၊ ဥပဒေအတိုင်ပင်ခံ ဦးစန်းဝင်း အပါအဝင် အဖွဲ့ဝင် ၁၂ ဦးဖြင့် တာဝန်ပေး ဖွဲ့စည်းကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ထားပြီး ထိုသို့ ဖွဲ့စည်းခြင်းကို ပြည်ထောင်စုလွှတ်တော်က သဘောတူထားသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန နှစ်ခု တိုးချဲ့ဖွဲ့စည်းရန်နှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်တို့ကို ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်ရန် ပြည်ထောင်စုလွှတ်တော်က နိုဝင်ဘာ ၂၃ ရက်တွင် သဘောတူခဲ့သည်။

ပြည်ထောင်စုအစိုးရအဖွဲ့၏ လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ပြည်ထောင်စုအစိုးရအဖွဲ့ အတွင်းရေးမှူးက နိုင်ငံတော်သမ္မတထံ တင်ပြ၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ အနေဖြင့် ပြည်ထောင်စု၏ အုပ်ချုပ်မှုဆိုင်ရာကိစ္စများ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များ၊ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ၊ ဥပဒေကြမ်း တင်သွင်းခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် အခြားကိစ္စရပ်များ အပါအဝင် များပြားသည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတော်သမ္မတအား တာဝန်ခံမည့် ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးတစ်ဦးကို ခန့်အပ်၍ တာဝန်ယူ ဆောင်ရွက်စေမည်ဆိုပါက ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနကို ဖွဲ့စည်းလိုခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတက လွှတ်တော်သို့ ရှင်းလင်းတင်ပြထားသည်။

နိုင်ငံတကာ ဆက်ဆံရေးတွင် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန်နှင့် နိုင်ငံတကာရေးရာ ကိစ္စရပ်များကို နိုင်ငံရေးရှုထောင့်အပြင် စီးပွားရေးရှုထောင့်မှလည်း ခြုံငုံသုံးသပ်ပြီး နိုင်ငံတော်သမ္မတအား တာဝန်ခံဆောင်ရွက်မည့် ဝန်ကြီးဌာနတစ်ခု လိုအပ်လာသည့်အတွက် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနအသစ်ကို ဖွဲ့စည်းရခြင်းဖြစ်ကြောင်း၊ ၎င်းဝန်ကြီးဌာနကိုလည်း ဝန်ထမ်းများ ထပ်မံတိုးချဲ့ ဖွဲ့စည်းလိုခြင်း မပြုဘဲ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန၏ ဝန်ထမ်းများဖြင့် ဖွဲ့စည်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် နိုင်ငံခြားရေးဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်လျက်ရှိရာ အချို့သော နိုင်ငံတကာ အစည်းအဝေးများတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တက်ရောက်ပြီး အချို့သော နိုင်ငံတကာ အစည်းအဝေးများတွင် ယခုဖွဲ့စည်းမည့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးက တက်ရောက်မည် ဖြစ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနကိုလည်း နိုင်ငံခြားရေးဝန်ကြီးဌာန အဆောက်အအုံတွင်ပင် ထားရှိမည်ဖြစ်ရာ ဝန်ကြီးဌာနနှစ်ခု နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း အစိုးရအဖွဲ့က လွှတ်တော်သို့ ရှင်းလင်း တင်ပြထားသည်။

Most Read

Most Recent