ပြစ်မှုပြစ်ဒဏ်နှင့် မျှတသောတရားစီရင်ရေး

ပြစ်မှုပြစ်ဒဏ်နှင့် မျှတသောတရားစီရင်ရေး
Published 8 January 2020

တရားဥပဒေစိုးမိုးရေးတွင် ပြစ်မှုနှင့် ပြစ်ဒဏ်မျှတရေးသည် များစွာအရေးကြီးသည်။ ရှေးယခင်က ဟန်မူရာဘီ ကိုဓဥပဒေသည် ပြီးပြည့်စုံသော ရှေးဟောင်းဥပဒေတစ်ခုအဖြစ် ထင်ရှားခဲ့သည်။ ဟန်မူရာဘီက စည်းမျဉ်းချရေးဆွဲထားသည့် ယင်းဥပဒေများတွင် တရားမျှတမှုရစေရန် ပြစ်ဒဏ်ငွေဒဏ်များအပြင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးတို့အတွက် စံနှုန်းများပါ စုစည်း၍ စည်းမျဉ်းဥပဒေများ ချမှတ်ထားခဲ့သည်။ သို့သော်လည်း ဟန်မူရာဘီ ကိုဓဥပဒေတွင် ရက်စက်ပြင်းထန်သည့် ပြစ်ဒဏ်များနှင့် ဥပဒေများစွာ ပါဝင်ခဲ့သည်။ “ မျက်လုံးတစ်လုံးဆုံးလျှင် မျက်လုံးတစ်လုံးချင်း၊ သွားတစ်ချောင်းဆုံးလျှင် သွားတစ်ချောင်းချင်း၊ အသက်တစ်ချောင်းဆုံးလျှင် အသက်တစ်ချောင်းချင်း ပေးလျော်ရမည်” ဆိုသည်မှာ ယင်းကိုဓဥပဒေမှ ဆင်းသက်လာပြီး ပြစ်မှုကျူးလွန်သည့်အလျောက် ပေးဆပ်ကြရသည့်သဘောရှိသည်။ သို့ဖြစ်ရာ ပညာရှင်များအနေဖြင့် ကိုဓဥပဒေပါ အချက်များသည် ရက်စက်ကြမ်းကြုတ်သဖြင့် မညီမျှသည့်ဥပဒေဟုလည်း ဆိုကြသည်။

မျက်မှောက်ခတ်တွင် ရှေးယခင်ကကဲ့သို့ ကြမ်းတမ်းရက်စက်သော သဘောတရားများကို လက်မခံကြတော့ပေ။ ရာဇဝတ်မှုကို ဒုစရိုက်မှုမှန်းသိ၍ လူတိုင်းရှုတ်ချ၏။ ရာဇဝတ်မှု ကျူးလွန်သူအား အပြစ်ဒဏ်ပေးရမည်ကို လူတိုင်းနားလည်၏။ သို့သော်လည်း ရာဇဝတ်ကျူးလွန်သူများအား အပြစ်ပေးရာ၌ ကလဲ့စားချေသည့် သဘောသက်ရောက်ခြင်းကိုမူ လက်မခံကြတော့ခြင်းဖြစ်ပေသည်။ ခေတ်မီ၍ ယဉ်ကျေးလာသော ကမ္ဘာတွင် ပြစ်မှုကျူးလွန်သူတို့အား ဆုံးမရာ၌ ယေဘုယျအားဖြင့် အလားတူပြစ်မှုများ နောက်ထပ်မကျူးလွန် မပေါ်ပေါက်စေရန် အဓိကထားလာကြခြင်းဖြစ်သည်။ ရာဇဝတ်မှုပြုသူများအား သေဒဏ်ပေးခြင်းဖြင့်လည်းကောင်း၊ ထောင်ဒဏ်ချမှတ်ခြင်းဖြင့်လည်းကောင်း ပြည်သူလူထုအား ရာဇဝတ်မှုကျူးလွန်သူများ၏ အန္တရာယ်မှ ထိရောက်စွာ ကာကွယ်ပေးသည်။ ပြည်သူလူထုကိုလည်း ရာဇဝတ်မှုကျူးလွန်ပါက မလွဲမသွေကျခံရမည့် အပြစ်ဒဏ်များကို ပြသကာ ရာဇဝတ်မှုကျူးလွန်ရမည်ကို ကြောက်ရွံ့လာအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ ထို့အပြင် ရာဇဝတ်မှုကျူးလွန်၍ ထောင်ဒဏ်ကျခံနေရသူများ၏ အကျင့်စာရိတ္တနှင့် စိတ်နေစိတ်ထားများကို ပြုပြင်ပေးနိုင်ရန်လည်း ကြိုးပမ်းကြသည်။ ပြစ်မှုကျူးလွန်သူများကို ထောင်ဒဏ်ချမှတ်ခြင်းမှာ ထိုက်သင့်သည့် အပြစ်ဒဏ်ကျခံစေရန် သက်သက်သာ မဟုတ်ဘဲ ပြစ်မှုများ နောက်ထပ်မကျူးလွန်ရအောင် ပြုပြင်ပေးရန်အတွက်လည်းဖြစ်သည်ကို သဘောပေါက်လာကြသည်။ အပြစ်ဒဏ်ချမှတ်ခြင်းအားဖြင့် ပြစ်မှုဆိုင်ရာဥပဒေအား ဖော်ဆောင်မှုအတွက် အများလက်ခံထားသော ရည်ရွယ်ချက် ငါးရပ်ရှိသည်။ ၎င်းတို့မှာ ဒဏ်ခတ်ခြင်း၊ ဟန့်တားခြင်း၊ မကျူးလွန်နိုင်အောင် ပြုလုပ်ခြင်း၊ ပြန်လည်ထူထောင်ပေးခြင်းနှင့် ပြန်လည်ထိန်းသိမ်းပေးခြင်းတို့ ဖြစ်သည်။

ဒဏ်ခတ်ခြင်း - ပြစ်မှုကျူးလွန်သူများကို တစ်နည်းနည်းဖြင့် အပြစ်ပေးသင့်သည်သာ ဖြစ်သည်။ ယင်းကို အများစုက ရည်ရွယ်ချက်အဖြစ် ရှုမြင်ကြသည်။ ပြစ်မှုကျူးလွန်သူများသည် အခြားသူများအပေါ် မလျော်ကန်သော အားသာချက်ရယူခြင်း သို့မဟုတ် မမျှတသော ထိခိုက်နစ်နာစေမှုဖြစ်စေခြင်း ပြုခဲ့ကြပြီး ပြစ်မှုဆိုင်ရာ ဥပဒေအရ ပြစ်မှုကျူးလွန်သူများကို ပြန်လည်ပေးဆပ်မှုအနေဖြင့် မနှစ်မြို့ဖွယ်ကောင်းသော ဆိုးကျိုးတစ်ရပ် ပြန်လည်ခံစားစေခြင်းဖြစ်သည်။ ပြည်သူများသည် ၎င်းတို့အနေဖြင့် အသတ်မခံရရေး အခွင့်အလမ်းကိုရရှိရန် ဥပဒေများကို လိုက်နာခြင်းဖြစ်ပြီး လူများသည် ယင်းဥပဒေများကို ချိုးဖောက်ပါက ၎င်းတို့ ကိုယ်တိုင်အပေါ် ဥပဒေက အာမခံပေးထားသည့် အခွင့်အရေးများကို စွန့်လွှတ်လိုက်ခြင်း ဖြစ်ပေသည်။ ထို့ကြောင့် လူသတ်မှုကျူးလွန်သူသည် မိမိကိုယ်မိမိကွပ်မျက်လိုက်သည့် သဘောပင်ဖြစ်သည်။

ဟန့်တားခြင်း - တစ်ဦးချင်းဆိုင်ရာ ဟန့်တားမှုသည် သက်ဆိုင်ရာကျူးလွန်သူအတွက် ရည်ရွယ်ပြီး ထိုသူအား ပြစ်မှုကျူးလွန်သည့် အမူအကျင့်ပပျောက်စေရန် လုံလောက်သည့် ပြစ်ဒဏ်ပေးခြင်းဖြစ်သည်။ အထွေထွေသဘော ဟန့်တားမှုသည် လူ့အဖွဲ့အစည်းတစ်ရပ်လုံးအတွက် ရည်ရွယ်ခြင်းဖြစ်သည်။ ပြစ်မှုကျူးလွန်သူများကို ပြစ်ဒဏ်ချမှတ်ခြင်းအားဖြင့် အခြားသူများကိုလည်း အလားတူကျူးလွန်မှုများ မပြုလုပ်စေရန် သတိပေးဟန့်တားခြင်းဖြစ်သည်။

မကျူးလွန်နိုင်အောင် ပြုလုပ်ခြင်း - ပြည်သူများကို ၎င်းတို့၏ ကျူးလွန်မှုခံရခြင်းမှနေ၍ ကာကွယ်စောင့်ရှောက်သောအားဖြင့် ပြစ်မှုကျူးလွန်သူများအား လူ့အဖွဲ့အစည်းမှ သီးခြားခွဲထုတ်ကာ ထိန်းသိမ်းထားလိုက်ခြင်းဖြစ်သည်။ ယနေ့ခေတ်တွင် ယင်းရည်ရွယ်ချက် ပေါက်မြောက်ရန်အတွက် ထောင်ဒဏ်ချမှတ်မှုကို ကျင့်သုံးသည်။ သေဒဏ်ချမှတ်ခြင်းသည်လည်း ဖော်ပြပါရည်ရွယ်ချက်အတွက်ပင် ဖြစ်သည်။

ပြန်လည်ထူထောင်ပေးခြင်း - ပြစ်မှုကျူးလွန်သူကို လူ့အဖွဲ့အစည်း၏ တန်ဖိုးရှိသော အဖွဲ့ဝင်တစ်ဦးအဖြစ် အသွင်ပြောင်းပေးရန် ရည်ရွယ်သည်။ ပြစ်မှုကျူးလွန်သူများအား ၎င်းတို့၏ လုပ်ရပ်သည် မှားယွင်းကြောင်း သိမြင်သွားစေခြင်းဖြင့် နောက်ထပ်ပြစ်မှု ထပ်မံကျူးလွန်ခြင်းမရှိအောင် ကာကွယ်ခြင်းသည် မူရင်းရည်ရွယ်ချက် ဖြစ်သည်။

ပြန်လည်ထိန်းသိမ်းပေးခြင်း - ကျူးလွန်သူက ကျူးလွန်ခံရသူအပေါ် ထိခိုက်နစ်နာစေသည့် ဒဏ်ရာကို နိုင်ငံတော်အာဏာဖြင့် ပြန်လည်ကုစားပေးရန် ရည်ရွယ်သည်။ ဥပမာအားဖြင့် အလွဲသုံးစား လုပ်ထားသူတစ်ဦးသည် မတရားသဖြင့် ရယူထားသည့် ပမာဏကို ပြန်လည်ပေးဆပ်ရန် လိုအပ်သည်။ မည်သို့ပင်ဆိုစေကာမူ ပြစ်မှုဆိုင်ရာ ဥပဒေများအရ ပြစ်ဒဏ်ပေးခြင်းသည် ဖော်ပြပါ ရည်ရွယ်ချက်များအား အကောင်အထည်ဖော်ခြင်းသာ ဖြစ်သင့်ပြီး တရားစီရင်ရေးတွင် ပြစ်မှုနှင့် ပြစ်ဒဏ်မျှတရေးသည် များစွာအရေးကြီးပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

ဇန်နဝါရီ ၉ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent