အသေးစားငွေကြေးလုပ်ငန်းဟူသည် ...

အသေးစားငွေကြေးလုပ်ငန်းဟူသည် ...
Published 7 January 2020

အသေးစားငွေကြေးလုပ်ငန်းကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင် အစောပိုင်းတွင် တိကျရှင်းလင်းသော ဖွင့်ဆိုချက်များစွာ မရှိပေ။ ယင်းကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင် “နည်းပါးသော ငွေပမာဏကို ဘဏ်လုပ်ငန်းနှင့် မထိတွေ့နိုင်သည့် နွမ်းပါးသော လုပ်ငန်းရှင်များနှင့် လုပ်ငန်းအငယ်စားများကို ငွေရေးကြေးရေး ဝန်ဆောင်မှုပေးခြင်း” ဟု အဓိပ္ပာယ်ဖွင့်သည်။ ဖော်ပြပါ ပုဂ္ဂိုလ်များအတွက် ဝန်ဆောင်မှုပေးရာတွင် နည်းလမ်းနှစ်သွယ်ကို အသုံးပြုလေ့ရှိသည်။ (၁) တစ်ဦးတစ်ယောက်ချင်း ဝန်ဆောင်မှု- တစ်ဦးတစ်ယောက်ချင်းစီကို ရင်းနှီးမှု၊ ယုံကြည်ရမှုအရ ဝန်ဆောင်မှုပေးခြင်းနှင့် (၂) အဖွဲ့လိုက်ဝန်ဆောင်မှု- ဝန်ဆောင်မှု ရယူလိုသူများက အုပ်စုလိုက် အပြန်အလှန် အာမခံခြင်းစနစ်ဖြင့် ချေးငွေနှင့် ဝန်ဆောင်မှုကို လျှောက်ထားခြင်းကို လက်ခံခြင်းတို့ ဖြစ်သည်။

အသေးစားချေးငွေလုပ်ငန်းသည် အဖိုးအခသင့်တင့်ပြီး အရည်အသွေးမြင့်မားသော ငွေရေးကြေးရေးဆိုင်ရာ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုအမျိုးမျိုးကို နွမ်းပါးသူများနှင့် ဘဏ်ကဲ့သို့သော ငွေရေးကြေးရေး ဝန်ဆောင်မှုများကို လက်လှမ်းမမီနိုင်သူများ၊ အိမ်ထောင်စုများမှ လက်လှမ်းမီအောင် ဖန်တီးရေး လှုပ်ရှားမှုအဖြစ် စတင်ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ငွေရေးကြေးရေးဆိုင်ရာ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများဟု ဆိုရာတွင် ငွေစုခြင်း၊ အာမခံလုပ်ငန်း၊ ငွေပေးချေခြင်း ဝန်ဆောင်မှုနှင့် ငွေလွှဲခြင်းတို့လည်း ပါဝင်သည်။ အဆိုပါလှုပ်ရှားမှုကို လှုံ့ဆော်ကြသူများသည် ငွေကြေးမပြည့်စုံသူများကို အသေးစား ငွေကြေးလုပ်ငန်းနှင့် ထိတွေ့လက်တွဲစေပြီး ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်အောင် လုပ်ဆောင်နိုင်မည်ဟု ယုံကြည်နေကြသည်။ အများစုအတွက် အသေးစား ငွေကြေးလုပ်ငန်းသည် ဒေသစီးပွားဖွံဖြိုးတိုးတက်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းနှင့် အသေးစား လုပ်ငန်းရှင်များကို အားပေးကူညီခြင်းအားဖြင့် ဖွံဖြိုးတိုးတက်စေမည်ဟု အဓိပ္ပာယ်ဖွင့်ဆိုကြပြီး အနည်းငယ်သော လူအချို့ကမူ အဆိုပါလုပ်ငန်းသည် နွမ်းပါးသူများ၏ နေ့စဉ်ငွေရေးကြေးရေးစီမံခန့်ခွဲရာတွင် ဆုံးရှုံးနိုင်ခြေ အနည်းငယ်ကို လက်ခံပြီး စီးပွားရေး အခွင့်အလမ်းကို အမိအရထိန်းချုပ်ရန် အခွင့်အလမ်းအတွက် ထိရောက်သော အကူအညီဖြစ်သည်ဟု ထင်မြင်ကြသည်။ ယခုလုပ်ငန်းအတွက် အခေါ်အဝေါ်သည်လည်း အသေးစားချေးငွေ (Microcredit) မှ အသေးစားငွေရေးကြေးရေး (Microfinance)၊ အသေးစားငွေရေးကြေးရေးမှ ခြုံငုံနိုင်သော ငွေရေးကြေးရေး ဝန်ဆောင်ခြင်း (Financial Inclusion) ဟု အချိန်နှင့်အမျှ အဆင့်ဆင့် ပြောင်းလဲလာခဲ့သည်။

အသေးစားငွေကြေးလုပ်ငန်းတွင် အသေးစား ချေးငွေလုပ်ငန်းအပြင် အမျိုးမျိုးသော ဝန်ဆောင်မှုများ ပါဝင်သည်။ အသေးစားချေးငွေသည် ငွေကြေးမပြည့်စုံသူများကို ချေးငွေဝန်ဆောင်မှုပေးခြင်းသာ ဖြစ်သောကြောင့် ငွေရေးကြေးရေးလုပ်ငန်း၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်သော်လည်း အဆိုပါ အခေါ်အဝေါ်နှစ်ခုကို အမြဲလိုလို အမှတ်မှား ရှုပ်ထွေးတတ်သည်။ ဝေဖန်သူများက အသေးစားချေးငွေ၏ မကောင်းသည့်အချက်သည် အကြွေးဝန်ပိမှုကို ဖြစ်စေခြင်းဟု အမြဲတမ်း ထောက်ပြလေ့ ရှိကြသည်။ အမှန်တကယ်၌ အသေးစားငွေကြေးလုပ်ငန်း၏ အမျိုးအစားစုံလင်သော ဝန်ဆောင်မှုများ၏ သဘောသဘာဝအရ ၎င်း၏ အကျိုးသက်ရောက်မှုများကို တရားသေ ကောက်ချက်ချဆုံးဖြတ်ရန် မဖြစ်နိုင်သည့်အပြင် မပြည့်စုံနိုင်ပါ။ ၎င်းကို ထောက်ခံအားပေးသူများကမူ အသေးစားငွေကြေးလုပ်ငန်းသည် ငွေရေးကြေးရေး မပြည့်စုံသူများကို ဆင်းရဲနွမ်းပါးမှုမှ ဆွဲထုတ်နိုင်သည်ဟု အမြဲပြောဆိုတတ်ကြသော်လည်း လက်တွေ့အထောက်အထားများအရ အဆိုးနှင့်အကောင်း ဒွန်တွဲနေသည်။

ထို့ကြောင့် အသေးစားငွေကြေးဝန်ဆောင်မှု၏ ရည်ရွယ်ချက်ကို မေးလျှင် ငွေကြေးဝန်ဆောင်မှုကို လူတိုင်းရရှိနိုင်ရေးကို မြှင့်တင်ရန်ဟု ဖြေဆိုရမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဇန်နဝါရီ  ၈ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

 

Most Read

Most Recent