အမျိုးသားကျန်းမာရေးမူဝါဒ (National Health Policy) ကို ပြန်လည်ရေးဆွဲနေရာ ယခု ၂၀၂၀ ပထမနှစ်ဝက်မတိုင်မီ ရေးဆွဲပြီးစီးရန်လုပ်ဆောင်မည်

အမျိုးသားကျန်းမာရေးမူဝါဒ (National Health Policy) ကို ပြန်လည်ရေးဆွဲနေရာ ယခု ၂၀၂၀ ပထမနှစ်ဝက်မတိုင်မီ ရေးဆွဲပြီးစီးရန်လုပ်ဆောင်မည်
Published 4 January 2020

အမျိုးသားကျန်းမာရေးမူဝါဒ (National Health Policy) ကို ၂၀၁၉ ခုနှစ်ကုန်ပိုင်းတွင် ပြန်လည်ရေးဆွဲခဲ့ပြီး  ယခု ၂၀၂၀ ပြည့်နှစ် ပထမနှစ်ဝက်မတိုင်မီ ရေးဆွဲပြီးစီးရန် လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

ပြင်ဆင်ရေးဆွဲနေသော အမျိုးသားကျန်းမာရေးမူဝါဒအသစ်၌ မကူးစက်တတ်သော ရောဂါများ ကာကွယ်ကုသရေးအပါအဝင် အချက်ကိုးချက်ကို ဦးစားပေးအဆင့် သတ်မှတ်ကာ ထည့်သွင်းရေးဆွဲသွားမည်ဖြစ်ကြောင်း အမျိုးသားကျန်းမာရေးမူဝါဒ ပြန်လည်ရေးဆွဲရေး ညှိနှိုင်းအစည်းအဝေးတွင် ရရှိသည့် အချက်အလက်များအရ သိရသည်။

“ လက်ရှိ အမျိုးသားကျန်းမာရေးမူဝါဒသည် ၁၉၉၃ ခုနှစ်က ရေးဆွဲခဲ့တဲ့အတွက် လက်ရှိပြောင်းလဲလာတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေးနဲ့ အခြားအခြေအနေအရပ်ရပ်တို့နဲ့ လိုက်လျောညီထွေဖြစ်ဖို့ အမျိုးသားကျန်းမာရေးမူဝါဒအသစ်ကို ရေးဆွဲဖို့ လိုအပ်နေခြင်းဖြစ်ပါတယ်။ အဲဒီလို ရေးဆွဲနိုင်ဖို့ အမျိုးသားကျန်းမာရေးမူဝါဒ ပြန်လည်ရေးဆွဲရေး ဦးဆောင်ကော်မတီကို ဖွဲ့စည်းထားရှိပြီး ဖြစ်ပါတယ်။ ဒါ့အပြင် လုပ်ငန်းကော်မတီနဲ့ အကြံပေးအဖွဲ့တွေ ထပ်မံဖွဲ့စည်းပြီး ယခု ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းမှာ အပြီးသတ်ရေးဆွဲနိုင်ဖို့ ရည်မှန်းထားပါတယ်” ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

ထိုသို့ ရေးဆွဲရာတွင် မြန်မာနိုင်ငံ၏ ကျန်းမာရေးအဆင့်အတန်း ရေရှည်တည်တံ့ ခိုင်မြဲတိုးတက်စေရန်အတွက် မြန်မာနိုင်ငံ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း၊ ထောင်စုနှစ်ရည်မှန်းချက်များ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များ၊ ၂၀၃ဝခုနှစ် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ မျှော်မှန်းချက်များနှင့် ဒေသဆိုင်ရာနှင့် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးရည်မှန်းချက်များနှင့်လည်း လိုက်လျောညီထွေဖြစ်ရန် လိုအပ်ကြောင်းနှင့် အိမ်နီးချင်းနိုင်ငံများ အပါအဝင် အခြားနိုင်ငံများ၏ အမျိုးသားကျန်းမာရေးမူဝါဒများကိုလည်း လေ့လာရန်လိုအပ်လျက်ရှိကြောင်း အဆိုပါအစည်းအဝေးတွင် ပြောကြားချက်များအရ သိရသည်။

လက်ရှိ ပြင်ဆင်ရေးဆွဲနေသော ကျန်းမာရေးမူဝါဒအသစ်၌ ကျန်းမာရေးအသိပညာ မြှင့်တင်ရေး၊ မကူးစက်တတ်သောရောဂါများ ကာကွယ်ကုသရေး၊ ကျောင်းကျန်းမာရေး၊ လူနာဘေးကင်းလုံခြုံမှုနှင့် လက်တွေ့အသုံးချသုတေသနလုပ်ငန်းများ၊ အရည်အသွေးပြည့်ဝ၍ ကျင့်ဝတ်နှင့်ညီသော ဆေးနှင့် ဆေးဘက်ဆိုင်ရာ ပညာရှင်များ မွေးထုတ်ပေးနိုင်ရေး ၊ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုများ၊ ကျန်းမာရေးနှင့် ဆေးရုံသတင်းအချက်အလက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါးလုပ်ငန်းများကို ဦးစားပေးအဆင့် သတ်မှတ်၍ ထည့်သွင်းရေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

ယခု ၂၀၂၀ ပြည့်နှစ်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပြက္ခဒိန်များရိုက်နှိပ်ရာတွင် ကာလအလိုက် မြန်မာနိုင်ငံအတွင်းအဖြစ်များသော ရောဂါများ၊ ကျန်းမာရေးပြဿနာများနှင့် ပတ်သက်သည့် ကျန်းမာရေး အသိပညာများကို ထည့်သွင်းရိုက်နှိပ်သွားမည်ဖြစ်သည်။

ထို့ပြင် လူငယ်များအကြား မကူးစက်နိုင်သောရောဂါများ ကာကွယ်ခြင်းဆိုင်ရာ အသိပညာများ မြှင့်တင်ပေးမည့် လူငယ်ကျန်းမာရေးစီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ခြောက်မြို့နယ်တွင် ဆောင်ရွက်သွားမည်ဖြစ်သည်။

လူငယ်များအကြား မကူးစက်နိုင်သော ရောဂါများဖြစ်စေသည့် အမူအကျင့်များ လက်ခံကျင့်သုံးခြင်းကို ကာကွယ်နိုင်ရန် ရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြစ်ပြီး အဆိုပါစီမံကိန်းကို နိုင်ငံတကာ ဇီဝဆေးကုမ္ပဏီတစ်ခုဖြစ်သည့် Astra Zeneca နှင့် လူသားချင်းစာနာမှု လုပ်ငန်းများကို ဆောင်ရွက်နေသည့် Plan International Myanmar တို့ ပူးပေါင်း၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ သုံးနှစ်စာချုပ်ဖြင့် လုပ်ဆောင်သွားမည်ဖြစ်သည်။

ဝန်ကြီးဌာနအနေဖြင့် မကူးစက်နိုင်သော ရောဂါများနှင့်သက်ဆိုင်သည့် ကမ္ဘာ့ကျန်းမာရေးညီလာခံများမှ သဘောတူညီဆုံးဖြတ်ချက်များ၊ အရှေ့တောင်အာရှကျန်းမာရေး ဝန်ကြီးများ အစည်းအဝေးများမှ ကြေငြာချက်များ စသည်တို့တွင်ပါဝင်သည့်အကြောင်းအရာ အချက်အလက်များမှ လုပ်ငန်းများကိုလေ့လာ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းနှင့် လက်ရှိ မြန်မာနိုင်ငံအပါအဝင် မဟာမဲခေါင်ဒေသတွင်းရှိ နိုင်ငံများတွင် မကူးစက်တတ်သောရောဂါများ ဖြစ်ပွားနှုန်းမှာ မြင့်တက်လျက်ရှိခြင်းကြောင့် ရောဂါတိုက်ဖျက်ရေး လုပ်ငန်းများနှင့် သုတေသနလုပ်ငန်းများကို ပူးပေါင်းလုပ်ဆောင်လျက်ရှိသည်။

 

Most Read

Most Recent