မန္တလေးမြို့ မြို့သာစက်မှုဥယျာဉ်ရှိ ဆေးခြောက်စိုက်ခင်းနှင့် ပတ်သက်ပြီး အာမခံပေးထားသည့် အမေရိကန်နိုင်ငံသားကို ဆက်သွယ်မရသေးကြောင်း သူ၏ရှေ့နေ ပြောကြား

မန္တလေးမြို့ မြို့သာစက်မှုဥယျာဉ်ရှိ ဆေးခြောက်စိုက်ခင်းနှင့် ပတ်သက်ပြီး အာမခံပေးထားသည့် အမေရိကန်နိုင်ငံသားကို ဆက်သွယ်မရသေးကြောင်း သူ၏ရှေ့နေ ပြောကြား
ကျန်းမာရေးအခြေအနေကြောင့် အာမခံရရှိခဲ့သော်လည်း ဆက်သွယ်မရသေးသည့် အမေရိကန်နိုင်ငံသားကို  ဇူလိုင်လအတွင်းက ရုံးထုတ်ခဲ့စဉ်
ကျန်းမာရေးအခြေအနေကြောင့် အာမခံရရှိခဲ့သော်လည်း ဆက်သွယ်မရသေးသည့် အမေရိကန်နိုင်ငံသားကို  ဇူလိုင်လအတွင်းက ရုံးထုတ်ခဲ့စဉ်
Published 2 January 2020
ဇော်မင်းနိုင်

မန္တလေးမြို့ မြို့သာစက်မှုဥယျာဉ်ရှိ ဆေးခြောက်စိုက်ခင်းနှင့် ပတ်သက်ပြီး အာမခံပေးထားသည့် အမေရိကန်နိုင်ငံသားကို ဆက်သွယ်မရသေးကြောင်း အဆိုပါအမှုတွင် လိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောကြားသည်။

လူမှုကွန်ရက်တွင် ဆေးခြောက်စိုက်ခင်းဟု ပျံ့နှံ့ထွက်ပေါ်ခဲ့မှုအရ မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် မြို့သာစက်မှုဥယျာဉ်စီမံကိန်းအတွင်း စိုက်ပျိုးထားသည့် ဧက ၅၀ ခန့်ရှိ အမေရိကန်နိုင်ငံ III M ကုမ္ပဏီ၏ သုတေသနစိုက်ခင်းအား မန္တလေးတိုင်းရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာဌာနများက ၂၀၁၈ ခုနှစ် ဧပြီ ၂၂ ရက်က ဝင်ရောက်စစ်ဆေးခဲ့ပြီး စိုက်ပျိုးပင်များအား နမူနာယူဓာတ်ခွဲစမ်းသပ်ရာ ဆေးခြောက် (Cannabis) ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်းကြောင့် စိုက်ခင်းတာဝန်ခံ နှစ်ဦးနှင့် အမေရိကန်နိုင်ငံသား မစ္စတာဂျွန်အား ဖမ်းဆီးကာ တရားစွဲတင်ခဲ့ခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ်တွင် အမှုနှစ်ခုဖြင့် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး မြင်းခြံခရိုင်တရားရုံးတွင် ဖွင့်လှစ်ထားသည့် အမှုတွင် အမေရိကန်နိုင်ငံသားနှင့် စိုက်ခင်းတာဝန်ခံ နှစ်ဦးအားလည်းကောင်း၊ ငါန်းဇွန်မြို့နယ် တရားရုံးတွင် အမေရိကန် နိုင်ငံသားအားလည်းကောင်း အမှုဖွင့်ထားသည်။

အမေရိကန်နိုင်ငံသား မစ္စတာဂျွန်၏ ကျန်းမာရေးအရ အာမခံ လျှောက်ထားမှုကို မြင်းခြံခရိုင်တရားရုံးမှ ကျပ်သိန်း ၃၀၀၀ ဖြင့် ဇူလိုင် ၂၄ ရက်တွင် အာမခံပေးခဲ့သည်။

ငါန်းဇွန်မြို့နယ် တရားရုံးတွင် အမေရိကန် နိုင်ငံသားအား တရားစွဲဆိုထားသည့်ဖြစ်စဉ်မှာ လဝက အမှုနှင့် မျိုးစေ့အမှုများဖြစ်ပြီး လက်ရှိတွင် ၎င်းအား ဆက်သွယ်မရသေးကြောင်း တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောကြားသည်။

“ မျိုးစေ့မှုနဲ့ လဝက အမှုကို တရားရုံးက အမှုဆက်စစ်ချင်တယ်လို့ ပြောတယ်။ ဆက်စစ်မယ်ဆိုရင် မရဘူးလေ။ သူမှမရှိတာ။ သူမရှိတော့ ကျွန်တော်တို့လည်း တာဝန်မခံနိုင်ဘူးလေ။ အဲဒါကြောင့် ပါ၀ါရုပ်ဖို့ စီစဉ်တာ” ဟု တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောကြားသည်။

မြင်းခြံခရိုင်တရားရုံးတွင် စွဲဆိုထားသည့်အမှုမှာ ဆက်လက်လုပ်ဆောင်နေပြီး ရှေ့နေပါ၀ါ ရုပ်သိမ်းမည်ဆိုပါကလည်း အမေရိကန်နိုင်ငံသားအတွက်သာ ရုပ်သိမ်းသွားမည်ဖြစ်ပြီး ဖမ်းဆီးခံထားရသည့် မြန်မာနှစ်ဦးအတွက်မူ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ဦးသိန်းသန်းဦးက ဆက်လက်ပြောကြားသည်။

“ မြင်းခြံခရိုင်မှာ ရုပ်ဖြစ်ရင်လည်း သူ့အတွက်ပဲ လုပ်မှာ။ ကျန်တဲ့ နှစ်ယောက်အတွက် ဆက်ကူရမှာ။ လတ်တလောတော့ ဂျွန်ကိုလည်း မရုပ်သေးဘူး။ ငါန်းဇွန်တရားရုံးကတော့ အတင်းတောင်းနေပြီ။ အမှုကို ဆက်စစ်ချင်တယ် သူနဲ့ ဆက်သွယ်ဆိုတော့ သူ့ကို ဆက်သွယ်လို့မရဘူးလေ။ အမှုလာငှားလို့ လိုက်တာ။ ဥပဒေနဲ့အညီ လုပ်စရာရှိတာ ဆက်လုပ်သွားပေါ့။ တရားရုံးက သူ့ကိုခေါ်ပေးပါဆိုတော့ သူက ကျွန်တော့်သားလည်း မဟုတ်ဘူး။ အတူနေတဲ့သူလည်း မဟုတ်ဘူးလေ။ မြင်းခြံခရိုင်တရားရုံးကတော့ ဂျွန်မလာဘူးဆိုရင် အာမခံထားတဲ့သူတွေခေါ်မယ်။ ဥပဒေနဲ့အညီ ရှေ့ဆက်သွားမယ်။ ဒါကရှေ့နေနဲ့ မဆိုင်ဘူး။ အဲဒီမှာတော့ အေးဆေးပဲ။ လိုအပ်ရင် ကျွန်တော်တို့က ဂျွန်အတွက်ရုပ်မယ်။ ရွှန်းလဲ့မြတ်နိုးနဲ့ ရှိန်းလတ်ကိုတော့ မရုပ်ဘူး။ ရှေ့ဆက်သွားမယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောကြားသည်။

အမေရိကန်နိုင်ငံ III M အာဟာရဆေးဝါးကုမ္ပဏီမှာ ဇီဝလောင်စာနှင့် သဘာဝဆေးဘက်ဝင်လျှော်ပင် စမ်းသပ်စိုက်ပျိုးရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုချက်ဖြင့် အမေရိကန်နိုင်ငံမှ တင်သွင်းသည့် သဘာဝဂုန်လျှော် မျိုးစေ့ Unit States (Kompolti/AB Seeds) and EU (Kompolti/EU8) seeds ကို ၂၀၁၈ ခုနှစ် မေလခန့်မှ စတင်ကာ တရားဝင် သုတေသနပြုလုပ် စိုက်ပျိုးနေခြင်းဖြစ်ကြောင်း ယင်းကုမ္ပဏီက ထုတ်ပြန်ထားသည်။

ဆေးခြောက်စိုက်ခင်း ဖြစ်စဉ်တွင် အာမခံပေးခဲ့သည့် အမေရိကန်နိုင်ငံသားနှင့် စိုက်ခင်းတာဝန်ခံ နှစ်ဦး အပါအဝင် ယင်းကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင် သုံးဦးနှင့် အမေရိကန်နိုင်ငံသား စိုက်ပျိုးရေးပညာရှင်နှစ်ဦးတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆(က) (ခ)/၁၉(က)/၂၀(က)(ခ)တို့ဖြင့် မြင်းခြံခရိုင်တရားရုံး၌ တရားစွဲဆိုစစ်ဆေးနေခြင်းဖြစ်သည်။

ဆေးခြောက်စိုက်ခင်း ဖြစ်စဉ်နှင့်ပတ်သက်၍ မြင်းခြံခရိုင်တရားရုံးတွင် ဒီဇင်ဘာ ၃၀ ရက်က အမှုပြန်လည်စစ်ဆေးခဲ့ပြီး စိုက်ခင်းမှ အပင်များတွင် မူးယစ်ဆေးဝါးပါဝင်မှု ရာခိုင်နှုန်းကို ပြန်လည်ဓာတ်ခွဲစစ်ဆေးပေးရန် တရားစွဲဆိုခံထားရသည့် အမေရိကန် ကုမ္ပဏီဘက်က ထပ်မံလျှောက်ထားခဲ့ကြောင်း သိရသည်။

 

 

Most Read

Most Recent