မြန်မာယူ-၂၂ ကွင်းလယ်လူ မြတ်ကောင်းခန့်ကိုခေါ်ယူရန် ထိုင်းလိဂ်-၂ ကလပ် ချိုင်းနတ်ဟွန်ဘေးအသင်း ဆွေးနွေးမှုများ ပြုလုပ်နေ

မြန်မာယူ-၂၂ ကွင်းလယ်လူ မြတ်ကောင်းခန့်ကိုခေါ်ယူရန် ထိုင်းလိဂ်-၂ ကလပ် ချိုင်းနတ်ဟွန်ဘေးအသင်း ဆွေးနွေးမှုများ ပြုလုပ်နေ
Photos : Thai League Instagram, Myat Kaung Khant Facebook
Photos : Thai League Instagram, Myat Kaung Khant Facebook
Published 24 December 2019

ထိုင်းလိဂ်-၂ (ပထမတန်း)ကလပ် ချိုင်းနတ်ဟွန်ဘေးအသင်းသည် မြန်မာယူ- ၂၂ အသင်းကွင်းလယ်လူ မြတ်ကောင်းခန့်ကိုခေါ်ယူရန် ဒီဇင်ဘာ (၂၃) ရက်က ဆွေးနွေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း Thai League Instagram က ဖော်ပြခဲ့သည်။

 

ယင်းလူမှုကွန်ရက်စာမျက်နှာသည် ထိုင်းလိဂ်များ၏ အပြောင်းအရွှေ့သတင်းများကို ဖော်ပြလျက်ရှိသော စာမျက်နှာတစ်ခုဖြစ်ပြီး မြတ်ကောင်းခန့်၏သတင်းကိုလည်း ဖော်ပြခဲ့ခြင်းဖြစ်သည်။

မြတ်ကောင်းခန့်သည် ပြီးခဲ့သည့် အကြိမ် (၃၀)မြောက် ဖိလစ်ပိုင်ဆီးဂိမ်းစ်ပြိုင်ပွဲ၏ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ခြေစွမ်းပြသနိုင်ခဲ့သောကြောင့် ထိုင်းလိဂ်နှင့် မလေးရှားစူပါလိဂ်တို့မှ ခေါ်ယူရန်စိတ်ဝင်စားခဲ့ပြီး ကမ်းလှမ်းမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မြတ်ကောင်းခန့်နှင့် မိခင်ကလပ် ရတနာပုံအသင်းတို့၏ စာချုပ်သက်တမ်းမှာလည်း ၂၀၁၉ ဒီဇင်ဘာ (၃၁)ရက်တွင် ကုန်ဆုံးမည်ဖြစ်သောကြောင့် ကစားသမားအနေဖြင့် ကမ်းလှမ်းလာသော ပြည်ပကလပ်များနှင့် ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြတ်ကောင်းခန့်သည် ၎င်းအား လာရောက်ကမ်းလှမ်းခဲ့သော ကလပ်အသင်းများထဲမှ ပွဲထွက်ခွင့်ရရန် အာမခံချက်ပေးနိုင်သည့် အသင်းထံသို့သာ ပြောင်းရွှေ့ရန်ဆန္ဒရှိနေသည်။

ထို့ကြောင့် လာရောက်ကမ်းလှမ်းသောကလပ်အသင်းများထဲမှ ပုံမှန်ပွဲထွက်ခွင့် အာမခံချက်ပေးဖွယ်ရှိ သည့် ထိုင်းလိဂ်-၂ ကလပ် ချိုင်းနတ်အသင်းထံသို့ အပြီးသတ်ပြောင်းရွှေ့ရန် ဆွေးနွေးနေခြင်းဖြစ်ကြောင်း သိရသည်။

ရတနာပုံအသင်းပရိသတ်များသည် မြတ်ကောင်းခန့်အား အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်ရဖွယ်ရှိသောကြောင့် ရတနာပုံအသင်းတာဝန်ရှိသူများအနေဖြင့် အစောပိုင်းကာလကတည်းက စာချုပ်သက်တမ်းတိုးမြှင့်ရန် အာရုံစိုက်ခဲ့သင့်ဟု ဝေဖန်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

မြတ်ကောင်းခန့်သည် မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး)ထွက် လူငယ်ကစားသမားတစ်ဦးဖြစ်ပြီး ၎င်း၏ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ရတနာပုံအသင်းနှင့် စတင်ခဲ့သူဖြစ်ကြောင်း သိရသည်။

မြတ်ကောင်းခန့်သည် မြန်မာယူ-၂၀ အသင်း၊ မြန်မာယူ-၂၂ အသင်းတို့တွင် တောက်လျှောက်ပါဝင် ကစားခွင့်ရရှိခဲ့သူဖြစ်သည်။

မြတ်ကောင်းခန့်သည် ပြီးခဲ့သည့်ဖိလစ်ပိုင်ဆီးဂိမ်းစ်ပြိုင်ပွဲတွင် တစ်ဂိုးသာသွင်းယူနိုင်ခဲ့သော်လည်း အသင်းဖော်များဂိုးရရှိအောင် ပံ့ပိုးမှုများစွာ ပြုလုပ်နိုင်ခဲ့သူဖြစ်သည်။