မြောက်ကိုရီးယားထံမှ အရာအားလုံးအတွက် အမေရိကန်စစ်တပ်က အသင့်ပြင်ထားကြောင်း ပင်တဂွန်အကြီးအကဲ ပြောကြား

မြောက်ကိုရီးယားထံမှ အရာအားလုံးအတွက် အမေရိကန်စစ်တပ်က အသင့်ပြင်ထားကြောင်း ပင်တဂွန်အကြီးအကဲ ပြောကြား
အမေရိကန်ကာကွယ်ရေးဝန်ကြီး အက်စ်ပါ (ဝဲ) နှင့် စစ်ဦးစီးချုပ်အဖွဲ့ဥက္ကဋ္ဌ မာ့ခ်မီလီတို့က  ပင်တဂွန်တွင် ဒီဇင်ဘာ ၂၀ ၌ သတင်းစာရှင်းလင်းပွဲ ကျင်းပနေစဉ် (Photo: AP)
အမေရိကန်ကာကွယ်ရေးဝန်ကြီး အက်စ်ပါ (ဝဲ) နှင့် စစ်ဦးစီးချုပ်အဖွဲ့ဥက္ကဋ္ဌ မာ့ခ်မီလီတို့က ပင်တဂွန်တွင် ဒီဇင်ဘာ ၂၀ ၌ သတင်းစာရှင်းလင်းပွဲ ကျင်းပနေစဉ် (Photo: AP)
Published 21 December 2019
Ref: AFP

၀ါရှင်တန်အနေဖြင့် တင်းမာမှုများ ပြေလျော့စေရန် လုပ်ဆောင်ခြင်းမရှိပါက နိမိတ်မကောင်းသော ခရစ္စမတ်လက်ဆောင်ကို ရသွားလိမ့်မည်ဟု ပြုံယမ်းက ခြိမ်းခြောက်ထားစဉ် မြောက်ကိုရီးယားမှ အရာအားလုံးအတွက် အမေရိကန်စစ်တပ်က အသင့်ပြင်ထားကြောင်း ပင်တဂွန်အကြီးအကဲတစ်ဦးက ဒီဇင်ဘာ ၂၀ တွင် ပြောကြားခဲ့သည်။

လုံခြုံရေးကို အမြဲတမ်းဆိုသလို အမြင့်ဆုံးအဆင့်ထိ တပ်လှန့်ထားရသော နေရာဒေသများထဲတွင် ကိုရီးယားသည် အပါအဝင်ဖြစ်ကြောင်း၊ အမေရိကန်နှင့် ဂျပန်၊ အမေရိကန်နှင့် တောင်ကိုရီးယားအကြား ဆက်ဆံရေးသည် ကျောက်စိုင်၊ ကျောက်သားကဲ့သို့ ခိုင်မာကြောင်း စစ်ဦးစီးချုပ်အဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်မာ့ခ်မီလီက ဆိုသည်။

“ ဆက်ဆံရေးခိုင်မာမှုက အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယားရဲ့အကျိုးစီးပွားတွေကို ချက်ချင်းကာကွယ်ဖို့ အသင့်ဖြစ်စေတယ်လို့ ကျွန်တော်ထင်ပါတယ်။ အမျိုးမျိုးသော အကြောင်းကိစ္စတွေကို မြောက်ကိုရီးယားက ညွှန်ပြခဲ့ပါတယ်။ အဲ့ဒီ့အရာတွေအားလုံးကို သတိထားမိကြမယ်လို့ ထင်ပါတယ်။ ဒါကြောင့် ဘယ်အရာပဲဖြစ်ဖြစ် ကျွန်တော်တို့ အသင့်ပြင်ထားပါတယ်” ဟု မီလီက ဆိုခဲ့သည်။

မကြာမီကာလတွင် မြောက်ကိုရီးယားက နျူကလီးယားထိပ်ဖူးတပ် ဒုံးကျည်သစ်ကို စမ်းသပ်နိုင်ဖွယ်ရှိသည့် အခြေအနေမျိုး၌ ဒေသတွင်းရှိ အမေရိကန်တပ်ဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့များအား အမြင့်ဆုံးအဆင့် တပ်လှန့်ထားမည်လားဆိုသည့် မေးခွန်းကို မီလီက ဖြေကြားခဲ့ခြင်း မရှိပေ။

လိုအပ်ပါက အမေရိကန်သည် ယနေ့ညတွင်းချင်း တိုက်ခိုက်ရန်ပင် အဆင်သင့်ရှိနေကြောင်း၊ သို့သော် အမေရိကန်သည် မြောက်ကိုရီးယားနှင့် သံတမန်ဆက်ဆံရေးအတွက် လိုအပ်ချက်ကို အလေးထားခဲ့ခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး မာ့ခ်အက်စ်ပါက ဆိုသည်။ “ လုပ်ငန်းစဉ်တွေကို ကျွန်တော်တို့ ပြန်လည်စတင်နိုင်လိမ့်မယ်၊ သံတမန်ရေး လမ်းကြောင်းပေါ်မှာ ဆက်ရှိနေဦးမယ်လို့ ကျွန်တော်မျှော်လင့်နေဆဲပါ” ဟု ၎င်းက ဆိုသည်။

မြောက်ကိုရီးယားနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေအပေါ် စိုးရိမ်ရကြောင်းကို အမေရိကန် နိုင်ငံခြားရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ပြီးနောက် မြောက်ကိုရီးယားက နိုင်ငံ၏လူ့အခွင့်အရေးအပေါ် ဝေဖန်မှုအတွက် အမေရိကန်သည် ကြီးကြီးမားမား ပေးဆပ်ရလိမ့်မည်ဟု ဒီဇင်ဘာ ၂၁ ရက်တွင် သတိပေးခဲ့သည်။

ပြုံယမ်း၏ လူ့အခွင့်အရေးစံနှုန်းကို ဝေဖန်ခြင်းသည် ကိုရီးယားကျွန်းဆွယ်အရေးတွင် တင်းမာပြီးသားအခြေအနေကို ပိုမိုဆိုးရွားစေမည်သာဖြစ်ပြီး မီးလောင်ရာလေပင့်သည့်ပုံစံနှင့် တူနေကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ်၏ ပြောကြားချက်ကို KCNA သတင်းဌာနက ထုတ်ပြန်ခဲ့သည်။ ထိုကဲ့သို့မှတ်ချက်ပေးမှုအတွက် အမေရိကန်သည် ကြီးကြီးမာမား ပေးဆပ်ရလိမ့်မည်ဟုလည်း အဆိုပါပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။

ယခုသီတင်းပတ်တွင် ကျင်းပခဲ့သော ကုလသမဂ္ဂအထွေထွေညီလာခံ၌ မြောက်ကိုရီးယား၏ ကာလရှည်ကြာ စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေဆဲဖြစ်သော လူ့အခွင့်အရေးချိုးဖောက်မှုများကို ဝေဖန်ရှုတ်ချခဲ့ကြသည်။

 

Most Read

Most Recent