လက်နက်ကိုင်ပဋိပက္ခအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိနိုင်သော်လည်း လူမျိုးပြုန်းတီးမှုနှင့် လူမျိုးပြုန်းတီးစေရန် ရည်ရွယ်ချက်ရှိရှိဆောင်ရွက်သည်ဟု မသတ်မှတ်နိုင်၊ ချိုးဖောက်သူများ၊ ကျူးလွန်သူများရှိခဲ့ပါက ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

လက်နက်ကိုင်ပဋိပက္ခအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိနိုင်သော်လည်း လူမျိုးပြုန်းတီးမှုနှင့် လူမျိုးပြုန်းတီးစေရန် ရည်ရွယ်ချက်ရှိရှိဆောင်ရွက်သည်ဟု မသတ်မှတ်နိုင်၊ ချိုးဖောက်သူများ၊ ကျူးလွန်သူများရှိခဲ့ပါက ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား
Photo: Myanmar State Counsellor Office
Photo: Myanmar State Counsellor Office
Published 19 December 2019
ကြည်နိုင်

လက်နက်ကိုင်ပဋိပက္ခအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိနိုင်သော်လည်း လူမျိုးပြုန်းတီးမှုနှင့် လူမျိုးပြုန်းတီးစေရန် ရည်ရွယ်ချက်ရှိရှိဆောင်ရွက်သည်ဟု မသတ်မှတ်နိုင်၊ ချိုးဖောက်သူများ၊ ကျူးလွန်သူများရှိခဲ့ပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်၏ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ၌ ကြားနာမှုဆိုင်ရာ အတွေ့အကြုံများနှင့်စပ်လျဉ်း၍ ပြည်သူလူထုသို့အစီရင်ခံ တင်ပြသည့်မိန့်ခွန်းကို မြန်မာအသံနှင့် ရုပ်မြင်သံကြားက ဒီဇင်ဘာ ၁၈ ရက်က ထုတ်လွှင့်ခဲ့ပြီး အဆိုပါမိန့်ခွန်းတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ ကျွန်မအနေနဲ့ ဒီလိုမျိုးလက်နက်ကိုင် ပဋိပက္ခတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေမျိုးတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိ နိုင်တယ်။ တရားမျှတမှုနဲ့ တရားဥပဒေစိုးမိုး ရေးနဲ့စပ်လျဉ်းပြီး နိုင်ငံတကာက လက်ခံထားတဲ့စံနှုန်းတွေနဲ့ သွေဖည်နိုင်တယ်ဆိုတဲ့အချက်ကို အငြင်းမပွားခဲ့ပါဘူး။ ဒါပေမဲ့လည်း ဒီလိုချိုးဖောက်မှုတွေကို လူမျိုးပြုန်းတီးမှုနဲ့ လူမျိုးပြုန်းတီးစေဖို့ ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်တယ်လို့ မသတ်မှတ်နိုင်ပါဘူး။ ချိုးဖောက်သူတွေ၊ ကျူးလွန်သူတွေရှိခဲ့ရင် ဥပဒေနဲ့အညီ အရေးယူမှုတွေ ဆောင်ရွက်မှာဖြစ်သလို ဒီလိုအရေးယူရန် ဆန္ဒနဲ့အရေးယူနိုင်စွမ်းလည်း ကျွန်မတို့အနေနဲ့ အပြည့်အဝရှိနေပါတယ်။ ကျွန်မတို့နိုင်ငံဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ပြည်တွင်း တရားစီရင်မှုဖြစ်တဲ့ စစ်ဘက်ဆိုင်ရာတရားရေးစနစ်၊ အရပ်ဘက်ဆိုင်ရာ တရားရေးစနစ် တွေကနေ ပြည်သူတွေအားလုံးရဲ့အခွင့်အရေးတွေကို ဥပဒေကြောင်းအရ ကာကွယ်ပေးသွားဖို့ သန္နိဋ္ဌာန်ချမှတ်ထားပြီးသား ဖြစ်ပါတယ်။ အသိုက်အဝန်းတွေအကြား ကာလရှည်ကြာ တည်ရှိနေခဲ့တဲ့ လူမှုရေးဆိုင်ရာပဋိပက္ခတွေကြောင့် ဖြစ်ပေါ်လာခဲ့တဲ့ ဖွံ့ဖြိုးမှုနိမ့်ကျတာတွေ၊ ဆင်းရဲနွမ်းပါးမှု အမြစ်တွယ်နေခဲ့တာတွေကြောင့် အလွန်တရာကျယ်ပြန့် နက်နဲရှုပ်ထွေးလှတဲ့ စိန်ခေါ်မှုတွေအဖြစ် ကိုဖီအာနန်ကော်မရှင်က သတ်မှတ်ဖော်ပြခဲ့တဲ့ကိစ္စရပ်တွေကို ဖြေရှင်းနိုင်ဖို့အတွက် ကျွန်မတို့ ခိုင်ခိုင်မာမာ ဆောင်ရွက်နေတဲ့ ကြိုးပမ်းဆောင်ရွက်ချက်တွေကိုလည်း တရားရုံးတော်ကို ရှင်းပြပြော ကြားခဲ့ပါတယ်”  ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ဂမ်ဘီယာနိုင်ငံအနေဖြင့် လျှောက်လဲချက်ပေးရာ၌ ပဋိပက္ခများအစပြုဖြစ်ပေါ်စေသော ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်အတွင်းက ARSA ရဲ့ တိုက်ခိုက်မှု အကြောင်းများကိုပါရုံ မျှသာပြောကြားခဲ့ပြီး ရခိုင်ပြည်နယ်တွင် ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို ပိုမိုရှုပ်ထွေးစေသော တပ်မတော်နှင့် AA အကြား ယနေ့ထိဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခများ အကြောင်း လုံးဝထည့်သွင်းပြောကြားခြင်း မရှိခဲ့ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားမှုနှင့်ပတ်သက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာ ၁ဝရက်မှ ၁၂ ရက်အထိ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် သွားရောက်လျှောက်လဲခဲ့သည်။ ICJ တွင် နှစ်နိုင်ငံလျှောက်လဲပေး ရာ၌ ဂမ်ဘီယာနိုင်ငံက ကြားဖြတ်စီမံဆောင်ရွက်ချက်များ ချမှတ်ရန် လျှောက်လဲသော်လည်း မြန်မာနိုင်ငံဖက်မှ ရှေ့နေများက တရားရုံးတော်အနေဖြင့် ကြားဖြတ်စီမံ ဆောင်ရွက်ချက်များ ချမှတ်ရန်မသင့်ကြောင်းကို ချေပလျှောက်လဲခဲ့ပြီး ရှေ့နေတစ်ဦးဖြစ်သော ပါမောက္ခရှေးဘတ်စ်က ဂမ်ဘီယာနိုင်ငံ၏ လျှောက်ထားချက်သည် ကြားဖြတ်စီမံဆောင်ရွက်ချက်များ ချမှတ်နိုင်ရန်အတွက် သတ်မှတ်ချက်များနှင့်ကိုက်ညီမှုမရှိသည့်အပြင် ယုတ္တိ မတန်ကြောင်းကို ထောက်ပြခဲ့ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

ထို့ပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိမိအနေဖြင့် တရားရုံးတော်မှာ နောက်ဆုံးအပိတ်ပြောကြားခဲ့ရာတွင် မတူကွဲပြားမှုများကြားက ညီညွတ်မှုတည်ဆောက်နိုင်ရေး၊ ပြည်သူများ၏ အလားအလာကောင်းများ ဖွံ့ဖြိုးတိုးတက်နိုင်ရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖော်ဆောင်ရာတွင် ကြုံတွေ့ရမည့်စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရေးတို့ကို အထောက်အကူ ဖြစ်နိုင်စေမည့် ဆုံးဖြတ်ချက်မျိုး တရားစီရင်ရေးဆိုင်ရာ ဉာဏ်ပညာအမြော်အမြင်ဖြင့် ဆင်ခြင်တုံတရားပြည့်ဝစွာထားပြီး တရားသူကြီးများ အနေဖြင့် ချမှတ်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်ဟု ဆိုသည်။

“ ဒီနောက်မှာတော့ မြန်မာနိုင်ငံရဲ့ နောက်ဆုံးလျှောက်လဲချက်တွေကို တင်ပြရင်းနဲ့ နိဂုံးချုပ်ပါတယ်။ ကျွန်မတို့ရဲ့ နောက်ဆုံး လျှောက်လဲချက်တွေကတော့ “ရုံးတော်ရဲ့ ဥပဒေပုဒ်မ(၆၀) စာပိုဒ် (၂) အရလည်းကောင်း၊ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်မှ ၁၂ ရက်အတွင်း တင်သွင်းခဲ့တဲ့ အကြောင်းပြချက်များအရလည်းကောင်း၊ ရုံးတော်အနေနဲ့ သင့်တော်လျော်ကန်မယ်လို့ ယူဆတဲ့ အခြားအချက်အလက်များအပေါ်မှာ အခြေခံ၍ လည်းကောင်း၊ ရုံးတော်အား မြန်မာနိုင်ငံအနေနဲ့ မေတ္တာရပ်ခံလိုတာ ကတော့(၁) ဂမ်ဘီယာမှ ရုံးတော်သို့ တင်သွင်းထားတဲ့အမှုကိစ္စအား ရုံးတော်စာရင်းမှ ပယ်ဖျက်ပေးရန်၊ (၂) သို့ တည်းမဟုတ် ဂမ်ဘီယာမှ တောင်းဆိုသည့် ကြားဖြတ်စီမံဆောင်ရွက်ချက်များအား ပယ်ချပေးရန်” ဆိုပြီး လျှောက်လဲခဲ့တာ ဖြစ်ပါတယ်” ဟု  ၎င်းက ပြောကြားသည်။

ထို့နောက် နိုင်ငံတော်၏ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိမိတို့၏ ဥပဒေပညာရှင်များ၏ ထူးချွန်ပြောင်မြောက်သော ဥပဒေပညာဆိုင်ရာ ကျွမ်းကျင်မှု၊ တရားမျှတမှုအပေါ် သက်ဝင်ယုံကြည်မှုနှင့် မိမိတို့အမှုကိစ္စအပေါ် စေတနာထားဆောင်ရွက်ခဲ့မှုများအတွက် ကျေးဇူးဥပကာရ အထူးပင်တင်ရှိကြောင်း၊ ယခုလို အခွင့်အခါကြုံကြိုက်သည့်အခါတွင် အလေးအနက်ပြောကြားလိုကြောင်း ပြောကြားသည်။

ထို့ပြင် မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် ရုံးတော်ကို တင်ပြခဲ့ချိန်တွင် မြန်မာနိုင်ငံ တစ်ဝန်းလုံးနှင့် သည်ဟိတ်မြို့သာမက ကမ္ဘာအနှံ့အပြားမှာရှိနေကြသော မိမိတိုု့ပြည်သူများ၏ ရက်ရက်ရောရော၊ စောဒကမတက် စတမ်း၊ တခဲနက်အားပေးထောက်ခံမှုများသည် မိမိတို့ မြန်မာကိုယ်စားလှယ်အဖွဲ့အတွက် နိုင်ငံတကာတရားရုံးတော်၌ လျှောက်လဲစဉ် အမှန်တကယ်ခွန်အားများ ဖြစ်စေခဲ့ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

“ ကျွန်မတို့အနေနဲ့ ဒီအမှုကိစ္စကို ရိုးရိုးသားသား၊ ပြည့်ပြည့်စုံစုံ တင်ပြခဲ့တာဖြစ်တဲ့အပြင် ကျွန်မတို့ရဲ့ရှေ့နေတွေ၊ ကျွန်မတို့ရဲ့ ဥပဒေအကြံပေးတွေရဲ့ ချေပလျှောက်လဲချက်တွေဟာလည်း ဥပဒေကြောင်းအရ အမြင့်မားဆုံး စံနှုန်းတွေနဲ့အညီ ခိုင်ခိုင်မာမာတင်ပြခဲ့တာ ဖြစ်ပါတယ်။ စိတ်ရောကိုယ်ပါ အကောင်းဆုံးကြိုးပမ်း ဆောင်ရွက်ပေးခဲ့ကြတဲ့ ဥပဒေအ ဖွဲ့၊ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်တွေနဲ့ ပြည်တွင်းက ပံ့ပိုးပေးခဲ့ကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေ အားလုံးကို ကျေးဇူးအထူးပင်တင်ရှိကြောင်း ထပ်လောင်းပြောကြားလိုပါတယ်။ ကျွန်မတို့ နိုင်ငံမှာ အခုလိုမျိုးအရေးကိစ္စတွေနဲ့ ရင်ဆိုင် ကြုံတွေ့လာရချိန်မှာ’ အရေးကြီးပြီ-သွေးစည်းကြစို့’ ဆိုတဲ့အတိုင်း ကျွန်မတို့နိုင်ငံအနှံ့အပြားကနေ ထောက်ခံအားပေးခဲ့ကြတဲ့ ကျွန်မတို့ ပြည်သူတွေရဲ့ဝန်းရံမှုတွေဟာလည်း ကျွန်မတို့ အဖွဲ့ဝင်အားလုံးအတွက် အဖိုးမဖြတ်နိုင်တဲ့ စိတ်ဓာတ်ခွန်အားတွေ ဖြစ်စေခဲ့ပါတယ်။ ဒါကြောင့် ကျွန်မတို့နိုင်ငံအတွက် လိုအပ်တဲ့အချိန်၊ အရေးကြီးတဲ့အချိန်မှာ ကျွန်မတို့ကို ဝန်းရံအားပေးခဲ့ကြတဲ့ ပြည်သူလူထုကြီးတစ်ရပ်လုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း အလေးအနက် ပြောကြားလိုပါတယ်” ဟု ၎င်းက ဆိုသည်။

ဟိတ်ဂ်မြို့သို့ သွားရောက်ခဲ့ကြသော မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များအနေဖြင့် တရားရုံးလျှောက်လဲမှုများနှင့် အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာ တရားစီရင်ရေးနှင့်ပတ်သက်သော ဥပဒေရေးရာ၊ နိုင်ငံရေးရာနဲ့ သံတမန်ရေးရာ ရှုထောင့်အမြင်များကို ဆွေးနွေးတင်ပြနိုင်မည့် စကားဝိုင်းတစ်ရပ်နှင့် ဥပဒေကြောင်းအရ လျှောက်လဲချက်များ အသေးစိတ်ကို  ဒီဇင်ဘာ ၁၉ ရက်တွင် မြန်မာ့ရုပ်မြင်သံကြား၌ ဆွေးနွေးထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။             

 

Most Read

Most Recent