စာမျက်နှာအဟောင်းများ

စာမျက်နှာအဟောင်းများ
Photo: steemit.com
Photo: steemit.com
Published 14 December 2019
မင်းည

အချိန်ကာလဆိုသည့် လှိုင်းလုံးကြီးက အရာအားလုံးအပေါ် ဖြတ်စီးသွားခဲ့သည်။ သည်အထဲ အခကြေးငွေပေးကာ ကြည့်ကြရသည့် ဗီဒီယိုရုံကလေးများလည်း ပါသွားခဲ့ပါသည်။ ကျွန်တော်တို့ရပ်ကွက်ကလေးထဲတွင်လည်း အခြားသော ရပ်ကွက်များကဲ့သို့ပင် အခကြေးငွေပေးကာ ကြည့်ကြရသည့် ဗီဒီယိုရုံကလေးတစ်ရုံ ရှိခဲ့ဖူးပါသည်။

မြန်မာဇာတ်ကားတစ်ကား၊ နိုင်ငံခြား ဇာတ်ကားတစ်ကား ပေါင်းနှစ်ကားကို နေ့လည်တစ်ကြိမ် ညတစ်ကြိမ် နှစ်ကြိမ်ခွဲ၍ ပြသတတ်သည့် ဗီဒီယိုရုံလေး ဖြစ်ပါသည်။ ကျွန်တော်တို့သည် ညနေစောင်းလာသည်နှင့် ၎င်းဗီဒီယိုရုံကလေးရှိရာဆီသို့ သွားရောက်ဖို့ စိုင်းပြင်းကြပါသည်။ ဗီဒီယိုရုံဟုဆိုသော်လည်း ဓနိမိုး ထရံကာ အဆောက်အဦးလေးသာ ဖြစ်ပါသည်။ ဗီဒီယိုရုံကလေး၏ အနောက်ဘက်အခြမ်းတွင် လာရောက်ကြည့်ရှုသူများ ထိုင်နိုင်ဖို့ ၀ါးလုံးများဖြင့် ခုံတန်းလျားများ ပြုလုပ်ထားပြီး ဗီဒီယိုရုံကလေး၏ အရှေ့ဘက်ခြမ်းတွင်တော့ ၀ါးဖြင့် ယက်လုပ်ထားသည့် ဖျာကြမ်းများကို ခင်းပေးထားပါသည်။

ကျွန်တော်တို့သည် ဖျာကြမ်းများပေါ်တွင်လည်းကောင်း ၀ါးလုံးဖြင့် ပြုလုပ်ထားသည့် ခုံတန်းလျားများပေါ်တွင်လည်ကောင်း ထိုင်၍ ပြသသည့်ဇာတ်ကားအား ကြည့်ကြရပါသည်။ အများအားဖြင့် ကလေးများနှင့် အမျိုးသမီးများသည် ဗီဒီယိုနှင့် နီးသည့် အရှေ့ဘက်အခြမ်းတွင် ထိုင်ကာ ကြည့်ရှုလေ့ ရှိတတ်ကြပြီး ကျွန်တော်တို့ကာလသားများနှင့် လူကြီးများကတော့ ဗီဒီယိုရုံ၏အနောက်ဘက် အခြမ်းများ၌ ထိုင်ကာ ကြည့်လေ့ရှိတတ်ကြပါသည်။

ဗီဒီယိုရုံ၏ပိုင်ရှင်သည် ရုံ၏တစ်ခုတည်းသော ဝင်ပေါက်ထွက်ပေါက်တွင် ထိုင်ကာ ဗီဒီယိုလာကြည့်သူများထံမှ ပိုက်ဆံကို ကောက်ယူလေ့ရှိပါသည်။ ဟုတ်ပါသည်။ ၎င်းဗီဒီယိုရုံကလေးများသည် ကျွန်တော်တို့လို စိတ်အပန်းဖြေစရာ ရှားပါးသည့်လက်လုပ်လက်စား အခြေခံလူတန်းစားများအတွက်တော့ အကောင်းဆုံးအပန်းဖြေစရာ နေရာများပင်ဖြစ်ပါသည်။။ တကယ်လည်း သည်ကနေ့ည ပြသမည့် ဇာတ်ကားအမည်အား ရုံ၏အပြင်ဘက်တွင် အစဉ်အမြဲထောင်ထားသည့် ဘောမှာရောင်စုံမြေဖြူခဲများဖြင့် ရေးသားကာ ကြော်ငြာထားတတ်သည့် ၎င်းဗီဒီယိုရုံကလေးများ၏ အသွင်အပြင်များသည် ယနေ့ခေတ်၏အဆင့်မြင့်ဆိုသည့် ရုပ်ရှင်ရုံကြီးများနှင့် မနှိုင်းယှဉ်သာသော်လည်း ကျွန်တော်တို့လို မွန်းကျပ်သည့် ဘဝအခြေအနေရှိသူ လူတန်းစားများအတွက်တော့ အကောင်းမွန်ဆုံး စိတ်အပန်းဖြေစရာနေရာပင် ဖြစ်ပါသည်။

ရဲကိုကို၊ လင်းဇာနည်ဇော်၊ ဒွေး၊ ထက်ထက်မိုးဦး၊ သီဟတင်စိုးနဲ့ ဇင်မာဦးတို့၏ အနု အလွမ်း အချစ် အကြမ်းမှာ ကျွန်တော်တို့ သောကအမောများကို လျှော့ချပစ်ခွင့်ရခဲ့ကြပါသည်။ ရမ်ဘို၊ အားနိုး၊ ဗန်ဒိန်း၊ ကုလားကျော်ဟိန်း၊ အမီတာဘဂျမ်းတို့၏ စွန့်စားခန်းများမှာ ကျွန်တော်တို့ ပေါ့ပါးခွင့်ရခဲ့ကြပါသည်။ ကျွန်တော်တို့ အော်ဟစ်ခဲ့ကြသည်။ ကျွန်တော်တို့ ပျော်ရွှင်ခဲ့ကြသည်။ ကျွန်တော်တို့ ကြေကွဲဝမ်းနည်းခဲ့ကြသည်။ ယုတ်စွအဆုံး  ဇာတ်လမ်း၏ဆွဲခေါ်ရာနောက် လိုက်ပါရင်း  ငိုကြွေးခြင်းအမှုကိုပင် ၎င်းဗီဒီယိုရုံကလေးများထဲ၌ ကျွန်တော်တို့ ပြုလုပ်ခဲ့ဖူးကြပါသည်။ ထိုမျှမက အခြေခံလူတန်းစားများ၏ ထုံးစံအတိုင်း ဗီဒီယိုရုံက စတင်သည့် အချစ်ဇာတ်လမ်းများမှာလည်း ကျွန်တော်တို့ ရင်ခုန်စိတ် လှုပ်ရှားခဲ့ကြပါသေးသည်။ သို့ပါသော်လည်း ယနေ့အချိန်အခါမှာတော့ အရာအားလုံး ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ ဗီဒီယိုရုံကလေးများ မရှိတော့ပြီဖြစ်သလို အိမ်တိုင်းနီးပါး ကိုယ်ပိုင်တီဗွီ၊ ကိုယ်ပိုင်အောက်စက်ဖြင့် ကိုယ့်အိမ် ကိုယ့်ယာမှာပင် ဇာတ်ကားမျိုးစုံကို ကြည့်ရှုနိုင်နေကြပြီဖြစ်သည်။ ရီမုလေးတစ်လုံးဖြင့် TV Channel လိုင်းများစွာကို ပြောင်းလဲ ကြည့်ရှုနိုင်နေကြပြီဖြစ်သည်။

တကယ်တော့ ဗီဒီယိုရုံကလေးများ သာမက စာအုပ်အငှားဆိုင်ကလေးများ ကတ်ဆတ်တိပ်ခွေ အငှားဆိုင်ကလေးများသည်လည်း ခေတ်၏အရွေ့မှာ ကြက်ပျောက်ငှက်ပျောက် ပျောက်ဆုံးခဲ့ကြပြီ ဖြစ်ပါသည်။မည်မျှအထိ ပျောက်ဆုံးသွားခဲ့ပါသနည်းဆိုလျှင် ကျွန်တော်တို့ တစ်မြို့လုံးကို ပတ်ကြည့်လျှင်ပင် ဗီဒီယိုရုံတစ်ရုံ စာအုပ်အငှားဆိုင်တစ်ဆိုင်ကို မတွေ့ကြရတော့သည်အထိပင် ဖြစ်ပါသည်။ တကယ်တော့ ဗီဒီယိုရုံကလေးများသည် ကျွန်တော်တို့၏ ဘဝအမောများကို   ပြေပျောက်စေသည့် နေရာလေးများဖြစ်သကဲ့ သို့စာအုပ်အငှားဆိုင်ကလေးများသည်လည်း ကျွန်တော်တို့၏ ဉာဏ်အလင်းကို တွန်းဖွင့်ပေးခဲ့ကြသည့် နေရာများပင် ဖြစ်ပါသည််။ ဟုတ်ပါသည်။ စာဖတ်သည့်အလေ့အကျင့်ကို စာအုပ်အငှားဆိုင်ကလေးများဆီမှ ရရှိခဲ့ကြပြီး  စာအုပ်အငှားဆိုင်များဆီသို့ ရောက်ရှိခဲ့ခြင်းကြောင့်သာ စာအုပ်များကိုပါ ဖတ်ရှုရ ကောင်းမှန်း သိရှိလာခြင်းဖြစ်ပါသည်။ ဗီဒီယိုရုံကလေးများဆီမှတစ်ဆင့် မင်းသား မင်းသမီးတို့၏ နာမည်များကို ရင်းနှီးခဲ့ကြရသလို စာအုပ်အငှားဆိုင်ကလေးကြောင့်လည်း ဒဂုန်ရွှေများ၊ ရွှေဥဒေါင်း၊ မြသန်းတင့်၊ တက္ကသိုလ် ဘုန်းနိုင်၊ မင်းလူ၊ နီကိုရဲ၊ တာရာမင်းဝေ အစရှိသည့် စာရေးဆရာကြီးများ၏ နာမည်များ၊ စာများနှင့် ရင်းနှီးခွင့် ရရှိလာခဲ့ရခြင်းဖြစ်ပါသည်။ ရွှေအမြုတေ၊ ကလျာ၊ မဟေသီ စသည့် မဂ္ဂဇင်းများကို တို့ ထိမြည်းစမ်းခွင့် ရရှိခဲ့ကြရပါသည်။

သို့ပါသော်လည်း ယခုအချိန်၌  စာအုပ်အငှားဆိုင်ကလေးများမှာ တဖြည်းဖြည်းရှားပါး ပျောက်ကွယ်လာနေခဲ့ပြီဖြစ်သလို ယခင်က စာအုပ်အငှားဆိုင်များနေရာမှာ အခြားသော လူသုံးကုန်ပစ္စည်း ကိရိယာအရောင်းဆိုင်များက အစားထိုးဝင်ရောက် နေရာယူထားခဲ့ကြသည်ကို ဝမ်းနည်းစိတ်မကောင်းဖွယ် တွေ့မြင်နေခဲ့ရပါသည်။ ထို့အတူပင် စာအုပ်များ စာစောင်များ၏နေရာ၌လည်း ဖုန်းများ၊ ကွန်ပျူတာများ၊ တက်ဘလက်များက အင်နှင့် အားနှင့် အစားထိုးဝင်ရောက် နေရာယူထားခဲ့ကြပြန်ပါသေးသည်။ ကျွန်တော်ကတော့ စာအုပ်အငှားဆိုင်ကလေးများ ပိတ်သိမ်း ပျောက်ကွယ်သွားကြရသည့် အကြောင်းအချက်များထဲတွင် အွန်လိုင်းစာမျက်နှာများ အစားထိုးဝင်ရောက် နေရာယူလာခဲ့ခြင်း အပါအဝင် ဆိုင်ငှားရမ်းခများ ကြီးမြင့်လာခြင်း အချိန်မလောက်ငှခြင်းတို့သည်လည်း ပါဝင်နေသည်ဟု ထင်မြင်မိပါသည်။ အထူးသဖြင့် ဆိုင်ခန်းငှားရမ်းခများ တစ်နေ့တခြား ကြီးမြင့်လာနေခြင်းက  အစကတည်းက အမြတ်အစွန်း နည်းပါးလှသည့် စာအုပ်အငှားဆိုင်ကလေးတွေကို ကွယ်ပျောက်သွားစေခဲ့ခြင်း၏  အဓိကအချက်ဟု ထင်ပါသည်။ ထို့အတူပင် စာအုပ်အငှားဆိုင်များ၏ အဓိကဖောက်သည်များဖြစ်ကြသည့် ကလေးများ၊ လူငယ်များဆီ၌ အချိန်ပိုပါးရှားလာခြင်းကလည်း စာအုပ် အငှားဆိုင်ကလေးများ ပျောက်ကွယ်သွားစေခဲ့ခြင်း၏ အချက်များထဲက အချက်တစ်ချက်ဖြစ်သည်ဟုပင် ထင်ပါသည်။ တကယ်လည်း စာအုပ်အငှားဆိုင်ကိုသွားဖို့ရာ မဆိုထားနှင့် ကျောင်းနှင့်ကျူရှင် ကျူရှင်နှင့် ကျောင်းတို့၏ကြားတွင် ရေချိုးခြင်း၊ ထမင်းစားခြင်းလို အလုပ်များကိုပင် အလျင်စလိုပြုလုပ်နေကြရသည့် ကလေးများကို တွေ့မြင်နေကြရခြင်းက သက်သေပင်ဖြစ်ပါသည်။ ထို့အတူပင် အရင်းစစ်တော့ အမြစ်ကပေါ်ဆိုသည့် စကားလိုပင် စားဝတ်နေရေး ကျပ်တည်းလာကြခြင်းကလည်း စာဖတ်သူများ လျော့နည်းလာစေခြင်း၊ စာအုပ်အငှားဆိုင်ကလေးများ ပျောက်ကွယ်သွားရခြင်း၏ အကြောင်းအချက်များစွာထဲမှ တစ်ခုအပါအဝင်ဖြစ်သည်ဟု ထင်မြင်မိပါသည်။ တကယ်လည်း စာအုပ်တစ်အုပ်ဝယ်ဖို့ရာအတွက် မလွယ်ကူကြောင်း ကိုယ်တိုင်ကိုယ်ကျ ကြုံတွေခဲ့ရဖူးပါသည်။ လွန်ခဲ့သောလ အနည်းငယ်ခန့်က ဖြစ်သည်။ကျွန်တော် အလွန်အင်မတန်မှ နှစ်ခြိုက်သည့် စာရေးဆရာကြီးတစ်ယောက်၏ ဝတ္ထုတိုပေါင်းချုပ်စာအုပ်တစ်အုပ် ထွက်ရှိလာခဲ့ပါသည်။ ပို့ဆောင်ပေးခ အပါအဝင် စာအုပ်၏တန်ဖိုးမှာ ၉၀၀၀ ဖြစ်ပါသည်။ စာအုပ်၏ အပြင်အဆင်နှင့် စာအုပ်၏ပုံသဏ္ဌာန် အရွယ်အစားအရ သင့်တော်သည့်စျေးနှုန်းလည်း ဖြစ်ပါသည်။ သို့ပါသော်လည်း တစ်နေ့လုပ်အားခ ပျမ်းမျှ ၆၀၀၀ ခန့်သာ ရှိသည့် ကျွန်တော့်အနေဖြင့် ထိုစာအုပ်ကို မဝယ်ယူနိုင်ပါ။ ထို့ကြောင့် ဝယ်ယူချင်စိတ် ရှိသော်ငြားလည်း ထိုစာအုပ်ကို ဝယ်ယူလိုသည့် အကြံအစည်အား စွန့်လွှတ်လိုက်ရပါသည်။ တကယ်တော့  စာအုပ်အငှားဆိုင်လေးများသာ ရှိနေခဲ့ကြဦး မည်ဆိုလျှင် ကျွန်တော်သည် ထိုစာအုပ်ကို တစ်ချိန်ချိန်၌ သင့်တော်သည့် စျေးနှုန်းတစ်ခုနှင့် ငှားရမ်းဖတ်ရှုနိုင်လိမ့်မည်ဟု ဖြစ်ပါသည်။

ကျွန်တော်ကဲ့သို့ အခြေအနေအကြောင်းကြောင့် စာအုပ်များကို မဝယ်ယူနိုင်သူများ စာအုပ်အငှားဆိုင်ကလေးများကို တမ်းတနေသည့်သူများလည်း ရှိကောင်းရှိကြလိမ့်မည်သာ ဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေ စာဖတ်ရခြင်း၌ မွေ့လျော်သူများသည် မိမိတို့ဖတ်ချင်သည့် စာအုပ်၊ စာပေများကို နည်းလမ်းပေါင်းစုံဖြင့် ရှာဖွေဖတ်ရှုကြလိမ့်မည်သာ ဖြစ်ပါသည်။ ထို့အတူပင် စာအုပ်အငှားဆိုင်ကလေးများ ကတ်ဆက်ခွေ အငှားဆိုင်ကလေးများ အခကြေးငွေပေးကာ ကြည့်ရှုကြရသည့် ဗီဒီယိုရုံကလေးများ ကျွန်တော်တို့၏ ရပ်ကွက်ကလေးများထဲ၌ တည်ရှိခဲ့ဖူးသည်မှာလည်း အမှန်ပင်ဖြစ်ပါတော့သည်။

 

Most Read

Most Recent