ပြည်တွင်းရေးမူဝါဒနှင့် ပြည်သူတို့၏ နေ့စဉ်ဘဝကံကြမ္မာ

ပြည်တွင်းရေးမူဝါဒနှင့် ပြည်သူတို့၏ နေ့စဉ်ဘဝကံကြမ္မာ
Published 13 December 2019

နိုင်ငံတစ်နိုင်ငံ၏ နယ်နိမိတ်အတွင်းရှိ အားလုံးသော အကြောင်းအရာ၊ လုပ်ဆောင်ချက်တို့နှင့် တိုက်ရိုက် ပတ်သက်သော အုပ်ချုပ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို ပြည်တွင်းရေးမူဝါဒဟု ခေါ်သည်။ ပြည်တွင်းရေးမူဝါဒသည် ကမ္ဘာ့နိုင်ငံရေး၌ နိုင်ငံတစ်နိုင်ငံ၏ အစိုးရက နိုင်ငံ၏ အကျိုးစီးပွားဆီသို့ ချဉ်းကပ်ရာ နည်းလမ်းဖြစ်သည့် နိုင်ငံခြားရေးမူဝါဒနှင့် ကွဲပြားခြားနားသည်။ ပြည်တွင်းရေး မူဝါဒသည် လုပ်ငန်းများ၊ ပညာရေး၊ စွမ်းအင်၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ဥပဒေထိန်းသိမ်းရေး၊ ငွေကြေးနှင့် အကောက်ခွန်၊ သဘာဝရင်းမြစ်များ၊ လူမှုဖူလုံရေးနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အခွင့်အရေးနှင့် လွတ်လပ်ခွင့်များဟူ၍ အတိုင်းအတာ ကျယ်ပြောလှသည်။ ပြည်တွင်းရေးမူဝါဒ များစွာတို့သည် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ကိစ္စရပ်များ၌ အစိုးရက မည်သည့် အတိုင်းအတာအထိ ပါဝင်မည်နည်း ဟူသည်နှင့် ပတ်သက်၍ အငြင်းအခုံ ဖြစ်ကြရသည်။

အစဉ်အလာအရ ကွန်ဆာဗေးတစ် ဖြစ်သူများက လုပ်ငန်းများကို ထိန်းချုပ်ကွပ်ကဲခြင်းနှင့် စီးပွားရေးစီမံမှု၌ အစိုးရသည် အဓိက အခန်းကဏ္ဍမှ မပါဝင်သင့်ဟု ယုံကြည်ကြသည်။ ပို၍ ကွန်ဆာဗေးတစ် ဖြစ်သူများကမူ အစိုးရ၏ လုပ်ဆောင်ချက်များသည် ဆင်းရဲမွဲတေမှု၊ စီးပွားရေးအရ တန်းတူညီမျှခြင်း မရှိမှုတို့နှင့် ပတ်သက်သော ပြဿနာများကို မဖြေရှင်းနိုင်ဟု ယုံကြည်ကြသည်။ သို့သော် လစ်ဘရယ်အကျဆုံး သူများက စီးပွားရေး လုံခြုံမှုရှိရေး၊ လူမှုဒုက္ခများ လျော့ပါး သက်သာစေရေးနှင့် မညီမျှမှုများကို လျှော့ချရေးတို့အတွက် ကြိုးပမ်းသည့် အစိုးရ၏ အစီအစဉ်များကို ထောက်ခံကြ သည်။ လစ်ဘရယ်ကျသူ အများအပြားသည် ဘေးကင်းလုံခြုံ၍ မျှတသော လုပ်ငန်းခွင် အခြေအနေရပ်များအား အာမခံရန်နှင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုကို ကန့်သတ်ရန် လုပ်ငန်းများအား အစိုးရက ထိန်းချုပ်ကွပ်ကဲသင့်သည် ဟူသည်ကို ယုံကြည်ကြသည်။ ယဉ်ကျေးမှုအရ၊ ဘာသာရေးအရနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ယုံကြည်ချက်များအရ အချို့ သော ပြည်တွင်းရေး မူဝါဒများမှာ အငြင်းပွားဖွယ် ဖြစ်ရသည်လည်း ရှိသည်။

နိုင်ငံတစ်နိုင်ငံ၏ အစိုးရပုံစံသည် ယင်း၏ ပြည်တွင်းရေးမူဝါဒ ဖွဲ့စည်းပုံနှင့် အကောင်အထည်ဖော်ပုံကို အကြီးအကျယ် အဆုံးအဖြတ်ပေးနိုင်သည်။ အာဏာရှင် အစိုးရများ လက်အောက်၌ အုပ်စိုးသူ တစ်စုသည် အအုပ်ချုပ်ခံ ပြည်သူတို့၏ ပါဝင်မှု သို့မဟုတ် သဘောတူမှုမပါဘဲ ပြည်တွင်းရေး မူဝါဒများကို ချမှတ် အကောင်အထည်ဖော်ကြသည်။ သို့သော် ဒီမိုကရေစီ လူ့အဖွဲ့အစည်းများ၌ ပြည်သူတို့၏ဆန္ဒသည် ပြည်တွင်းရေး မူဝါဒများအပေါ် အကြီးအကျယ် သက်ရောက်မှုရှိသည်။

ဒီမိုကရေစီနိုင်ငံတွင် ပြည်တွင်းရေးမူဝါဒ၏ တရားဝင်ပုံစံသည် ရွေးကောက် တင်မြှောက်ခံ ခေါင်းဆောင်များ၊ ဥပဒေပြုအဖွဲ့များနှင့် အစိုးရ၏ အထူးပြုအေဂျင်စီများ၏ တာဝန်ယူမှုအပေါ်၌ အဓိက မူတည်သည်။ သို့သော် အခြားအကြောင်းခြင်းရာများလည်း လုပ်ငန်းစဉ်၌ ပါဝင်သည်။ ဥပမာအားဖြင့် မဲဆန္ဒရှင် ပြည်သူများက မည်သည့်ပုဂ္ဂိုလ်၊ မည်သည့် နိုင်ငံရေးပါတီက မူဝါဒကို ဆုံးဖြတ်နိုင်သည့် အာဏာရှိရမည်ဟု အဆုံးအဖြတ် ပေးနိုင်သည်။ လူထုမီဒီယာများက ပြည်တွင်းရေး အကြောင်းအရာများနှင့် ပတ်သက်၍ သတင်းအချက်အလက်များကို ဖြန့်ဝေပေးပြီး လူများ၏ ယုံကြည်မှုနှင့် ထင်မြင်ချက်အပေါ် သက်ရောက်မှု ရှိသည်။

ပြည်တွင်းရေးမူဝါဒ၏ ထိရောက်မှုသည် အစိုးရ၏ ဗျူရိုကရေစီ ယန္တရားအပေါ်၌ မူတည်နေပြီး ဥပဒေများနှင့် အစီအစဉ်များကို လုပ်ဆောင်ချက်အဖြစ် အကောင်အထည် ဖော်ရသည်။ အချို့ကိစ္စရပ်များတွင် ဗျူရိုကရေစီ ယန္တရားသည် နှေးကွေးခြင်း သို့မဟုတ် ထိရောက်မှုမရှိခြင်း ဖြစ်ပေါ်နိုင်သကဲ့သို့ မူလက ရည်ရွယ်ထားသည့်အတိုင်း မူဝါဒများကို ကျင့်သုံး အကောင်အထည်ဖော်နိုင်မှု မအောင်မမြင် ဖြစ်ရသည်လည်း ရှိသည်။ ပြည်တွင်းရေး မူဝါဒများအနေဖြင့် တရားရုံးများ၌ စိန်ခေါ်မှုများကိုလည်း ရင်ဆိုင်ရနိုင်သည်။ နိုင်ငံများစွာတို့တွင် တရားရုံးတို့သည် တရားစီရင်မှုဆိုင်ရာ ပြန်လည် သုံးသပ်နိုင်သည့် အခွင့်အာဏာရှိပြီး နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ကြောင်း တွေ့ရှိရသည့် မည်သည့် ဥပဒေမဆိုနှင့် မည်သည့် သမ္မတ/ဝန်ကြီးချုပ်တို့၏ အမိန့်/လုပ်ဆောင်ချက်ကို မဆို ပယ်ချပိုင်ခွင့် ရှိသည်။

မည်သို့ပင်ဆိုစေကာမူ ပြည်တွင်းရေးမူဝါဒ မှန်သမျှသည် ပြည်သူတို့၏ နေ့စဉ်ဘဝ ကံကြမ္မာများနှင့် ပတ်သက်နေသည်သာ ဖြစ်ပါကြောင်း The Daily Eleven  သတင်းစာ က ရေးသားအပ်ပါသည်။

ဒီဇင်ဘာ ၁၃ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

 

Most Read

Most Recent