၂၀၁၇ ခုနှစ် ပထမခြောက်လအတွင်း အမျိုးသားဆေးဝါး ဥပဒေအရ တရားစွဲဆိုခဲ့သည့် အမှုပေါင်း ၂၅ မှုရှိ

၂၀၁၇ ခုနှစ် ပထမခြောက်လအတွင်း အမျိုးသားဆေးဝါး ဥပဒေအရ တရားစွဲဆိုခဲ့သည့် အမှုပေါင်း ၂၅ မှုရှိ
Published 29 July 2017


ဇူလိုင် ၂၉ ရက်က တပ်မတော်ခန်းမ၌ ကျင်းပသည့် စံမညီ၊ တရားမဝင်ဆေးဝါး၊ ဆေးဝါးအတု လူထုပညာပေးပွဲ ဖွင့်ပွဲအခမ်းအနားကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

၂၀၁၇ ခုနှစ် ဇန်နဝါရီမှ ဇွန်လအထိ အမျိုးသားဆေးဝါး ဥပဒေအရ တရားစွဲဆိုခဲ့သည့် အမှုပေါင်း ၂၅ မှုရှိကြောင်း ဇူလိုင် ၂၉ ရက်က တပ်မတော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည့် ‘စံမညီ၊ တရားမဝင် ဆေးဝါးနှင့် ဆေးဝါးအတုတို့၏ အန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် တိုက်ဖျက်ရေးဆိုင်ရာ လူထုပညာပေးပွဲ’ ဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်က ပြောကြားသည်။

ယခုနှစ် ပထမခြောက်လအတွင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ ဆေးဝါးဌာနခွဲ အနေဖြင့် ဆေးဝါးလက်ခံ စစ်ဆေးခြင်း ၁၇၇၈ ခု၊ ဆေးဝါးမှတ်ပုံတင် ထုတ်ပေးခြင်း (အသစ်၊ သက်တမ်းတိုး) ၁၁၆၂ ခု၊ ဆေးဝါးကြော်ငြာ စိစစ်ခြင်း ၄၁ ခု၊ ကွင်းဆင်းစစ်ဆေးခြင်း ၄၅ ခုနှင့် အမျိုးသားဆေးဝါး ဥပဒေအရ တရားစွဲဆိုခဲ့သည့် အမှုပေါင်း ၂၅ မှုအထိ ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ တိုင်းပြည်ရဲ့ ဆေးဝါးအန္တရာယ်က ဒေသကိုတော့ မပြောတော့ပါဘူး။ အဲဒီဒေသမှာရှိတဲ့ မြို့တစ်မြို့ကို ကျွန်တော်တို့ ဝင်ပါတယ်။ ဆေးဆိုင် ၁၄ ဆိုင် ရှိပါတယ်။ ဆေးဆိုင်အားလုံးက လိုင်စင်မရှိပါဘူး။ အဲဒီပြည်နယ်မှာရှိတဲ့ နောက်ထပ် မြို့တစ်မြို့ကို ထပ်ပြီး ကြည့်ပါတယ်။ ဆေးဆိုင် ၁၃ ဆိုင်လုံး လိုင်စင်မရှိပါဘူး။ အလားတူပဲ မြန်မာနိုင်ငံမှာရှိတဲ့ မြို့တွေကို လိုက်စစ်တဲ့အခါ မှတ်ပုံမတင်ထားတဲ့ ဆေးဝါးတွေက ရှိနေဆဲ ဖြစ်နေပါတယ်။ အလားတူပဲ စပ်ဆေးများသည်လည်း မြို့ရွာတိုင်းမှာ ရောက်ရှိနေပါတယ်။ ကျွန်တော်တို့ ဆေးဝါးတွေနဲ့ ပတ်သက်ပြီး ခပ်ကြမ်းကြမ်းလေး ကိုင်တွယ်ခဲ့တာ မနှစ် ၂၀၁၆ ခုနှစ်က အမှုပေါင်း ၉၉ မှုကို ရုံးတင် တရားစွဲခဲ့ပါတယ်။ ဒီနှစ်လည်းပဲ အခုချိန်အထိ ၂၅ မှု ရှိပါတယ်။ ဒီပမာဏက နည်းတဲ့ပမာဏ မဟုတ်ပါဘူး။ တရားစွဲလိုက်ခြင်းအားဖြင့် နောက်လူပါ မလုပ်တော့ပါဘူး။ ကျွန်တော်တို့ ရည်ရွယ်ချက်က အားလုံး ထောင်ထဲဝင်စေဆိုတာထက် နောက်မလုပ်ကြဖို့ ဖြစ်စေချင်ပါတယ်” ဟု ဒေါက်တာသန်းထွဋ်က ပြောကြားသည်။

မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက ကြီးမှူး၍ စံမညီ၊ တရားမဝင် ဆေးဝါးနှင့် ဆေးဝါးအတုတို့၏ အန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် တိုက်ဖျက်ရေးဆိုင်ရာ လူထုပညာပေးပွဲကို ဇူလိုင် ၂၉ ရက်နှင့် ၃၀ ရက်များတွင် ရန်ကုန်မြို့ တပ်မတော်ခန်းမ၌ ကျင်းပလျက်ရှိကြောင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏ ပြည်သူအများ ဆေးဝါးအတု၊ စံမညီ ဆေးဝါး၊ ရောနှောဆေးဝါး၊ တရားမဝင်ဆေးဝါးများ မှီဝဲသုံးစွဲခြင်း မရှိစေရန် ထိရောက်စွာ ကြပ်မတ်ကွပ်ကဲနိုင်စေရန်အတွက် နိုင်ငံတော်အဆင့် အစီအစဉ်တစ်ရပ် ဖြစ်ပေါ်လာစေရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ဈေးကွက်အတွင်းရှိ တရားမဝင်၊ သက်တမ်းလွန်ဆေးဝါးများကို စိစစ်ပြီး ပြစ်မှုကျူးလွန်သည့် ဆေးဆိုင်နှင့် လုပ်ငန်းစုစုပေါင်း ၉၉ ခုကို မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက တရားစွဲဆို အရေးယူခဲ့ကြောင်းနှင့် ၂၀၁၄ ခုနှစ်မှ လက်ရှိအချိန်အထိ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက အမျိုးသားဆေးဝါး ဥပဒေအရ တရားစွဲဆိုခဲ့သည့် အမှုပေါင်း ၂၆၅ မှုအထိ ရှိခဲ့ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ ဆေးဝါးဌာနခွဲမှ သိရသည်။