“အနာဂတ်အတွက် အဓိကသော့ချက်ကတော့ ပွင့်လင်းလွတ်လပ်တဲ့ ပူးပေါင်း ဆောင်ရွက်မှုပါပဲ” ဟု Huawei တည်ထောင်သူနှင့် CEO ဖြစ်သူ ရန်ကျန်ဖေးက ဆိုပါတယ်။
၂၀၂၀ မျှော်မှန်းချက်များ
ကျွန်တော်တို့ Huawei အနေနဲ့ အခိုင်အမာ ယုံကြည်တာကတော့ နောက်လာမယ့် အနှစ် ၂၀ ကနေ ၃၀ အတွင်း လူသားမျိုးနွယ်စုဟာ ဉာဏ်ရည်မြင့်တဲ့ ခေတ်ကမ္ဘာကြီးထဲ ဝင်ရောက်သွားတော့မှာ ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းဟာ သီအိုရီအသစ်၊ နည်းပညာအသစ်တွေ ထပ်ပြီးဖောင်းပွပေါက်ကွဲ လာတော့မယ့်ဆဲဆဲ အခြေအနေမျိုးနဲ့ ကြုံတွေ့ကာနီး အခြေအနေကို ရောက်နေပါပြီ။ အလားအလာကောင်းတွေ များသလို မရေရာမှုတွေကလည်း ဒုနဲ့ဒေးပါပဲ။ ဖြေဆိုဖို့ ကျန်နေသေးတဲ့ မေးခွန်းတွေလည်း အများကြီးပါပဲ။ ပွင့်လင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုကသာ ဒါတွေကို ဖြေရှင်းနိုင်မယ့် အကောင်းဆုံး နည်းလမ်း ဖြစ်ပါတယ်။
အီလက်ထရွန်နစ်ပိုင်းမှာ ဆိုရင်လည်း ချစ်ပ်ပြားလေးတွေကို သုံးနာနိုမီတာဖြစ်အောင် လုပ်သွားမှာဖြစ်တဲ့အပြင် တစ်နာနိုမီတာအထိတောင် ဖြစ်သွားနိုင်ပါတယ်။ ကျွန်တော်တို့ မခန့်မှန်းနိုင်သေးတဲ့ပုံစံတွေနဲ့ ဒီဆင့်ကဲတိုးတက်မှုတွေက ဆက်သွားနေမှာဖြစ်ပြီးတော့ Moore’s Law နိယာမကတောင်မှ ခေတ်ဟောင်းမှာ ကျန်ခဲ့မယ့် ဘောရှိပါတယ်။ ဟိုးအရင်တုန်းက ဂရပ်ဖင်း (graphene) လို့ခေါ်တဲ့ ကာဗွန်လွှာလေးတွေဟာ ဒီဆင့်ကဲတိုးတက်မှုကို အဓိက တွန်းပို့မောင်းနှင်မယ့်အရာလို့ ကျွန်တော်တို့ ထင်ခဲ့တယ်။ အခုတော့ ဒီအထင်က မှန်မမှန်တောင် အသေအချာ မသိတော့ပါဘူး။
နောက်ထပ် ဆယ်စုနှစ် နှစ်ခုကနေ သုံးခုအတွင်းမှာ မျိုးရိုးဗီဇဆိုင်ရာ နည်းပညာတွေမှာ ထင်သာမြင်သာတဲ့ အောင်မြင်မှုတွေ တွေ့လာရမှာ အသေအချာပါပဲ။ ဒီအောင်မြင်မှုတွေက ဇီဝသိပ္ပံပညာတွေ၊ ဇီဝနည်းပညာတွေနဲ့ နာနိုဆေးပညာ (nanomedicine) တွေမှာ မယုံကြည်နိုင်လောက်တဲ့ တိုးတက်မှုတွေကို ဖော်ထုတ်ပေးလာပါလိမ့်မယ်။ ဒါပေမဲ့ ဒီအောင်မြင်မှုတွေက လူတွေရဲ့ နေထိုင်လုပ်ကိုင်မှုတွေကို ဘယ်လိုမျိုး ပြောင်းလဲပေးမလဲဆိုတာကတော့ ခုချိန်ထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ မော်လီကျူးသိပ္ပံနဲ့ နည်းပညာတွေကို အသုံးပြုပြီးတော့ အရင်က တစ်ခါမှ မရှိဖူးသေးတဲ့ ဒြပ်ဝတ္ထုပစ္စည်းတွေကို ဖန်တီးနိုင်ပါပြီ။ ဒါပေမဲ့ ဘယ်လိုဒြပ်ဝတ္ထုပစ္စည်းသစ်တွေနဲ့ နည်းပညာတွေ ပေါ်ထွက်လာမလဲဆိုတာကို ပြောနိုင်မယ့် နည်းလမ်း မရှိသေးပါဘူး။ ဉာဏ်ရည်တုနည်းပညာ (Artificial Intelligence - AI) ကို အသုံးပြုနိုင်မယ့်နည်းလမ်း အမြောက်အမြား ရှိလာမယ်ဆိုတာ ကျွန်တော်တို့ သိကြတယ်။ ဒါပေမဲ့ အဲဒီနည်းပညာက လူ့အဖွဲ့အစည်းကို ပိုတိုးတက်အောင် ဒါမှမဟုတ် ပိုမိုကြွယ်ဝလာအောင် ဘယ်လိုတွန်းပို့လုပ်ဆာင်ပေးမလဲဆိုတာ မခန့်မှန်းနိုင် ကြသေးပါဘူး။
ကွမ်တမ်တွက်ချက်မှု (Quantum computing) နဲ့ အဲဒီနည်းပညာကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုမှုတွေက အချက်အလက်စီးဆင်းမှု (data traffic) အပိုင်းမှာ ဖောင်းပွပေါက်ကွဲမှုတစ်ရပ်ကို ဖြစ်စေပါလိမ့်မယ်။ ဒီအကျိုးဆက်က အကြီးအကျယ်ဖြစ်လိမ့်မယ်ဆိုတာ ကျွန်တော်တို့ အသေအချာသိထားပေမဲ့ ကျွန်တော်တို့ ထင်ထားသလိုလည်း ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ အလင်းအခြေပြု ဆက်သွယ်ရေး (optical) ပိုင်းဆိုင်ရာ နည်းပညာတွေကိုလည်း နယ်ပယ်အများအပြားမှာ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာပါလိမ့်မယ်။
ပညာရပ်တစ်ခုချင်းစီမှာရှိတဲ့ တိုးတက်မှုတွေကလည်း မူးနောက်စေလောက်တဲ့ အမြန်နှုန်းတွေနဲ့ အခွင့်အရေးသစ်တွေကို ဖန်တီးနေပါတယ်။ ဒါပေမဲ့ ပညာရပ်တွေ ပေါင်းစပ်ထားတဲ့ အောင်မြင်ဖြစ်ထွန်းမှုရဲ့ အကျိုးဆက်တွေကတော့ ပိုလို့တောင် အံ့အားသင့်စရာ ကောင်းနေပါလိမ့်မယ်။ အဲဒီအနာဂတ် ဆန်းသစ်တီထွင်မှုတွေအားလုံးဟာ အချက်အလက် စီးဆင်းမှုပိုင်းမှာရှိတဲ့ အံ့မခန်းတိုးတက်မှုနဲ့အတူ ယှဉ်တွဲဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ ဒီလိုအလွန်တစ်ရာ များပြားလှတဲ့ အချက်အလက်တွေကို သိမ်းဆည်းမှုတွေ၊ ထုတ်လွှင့်ပေးပို့မှုတွေနဲ့ စီမံဆောင်ရွက်မှုတွေ လုပ်ဆောင်ရာမှာ ဘယ်လိုလိုအပ်ချက်တွေ ကြုံလာမလဲဆိုတာကို ခုချိန်ထိ ကျွန်တော်တို့ ကြိုတင်မခန့်မှန်းနိုင်သေးပါဘူး။ ကျွန်တော်တို့ အသေအချာ သိတာကတော့ ပိုပိုပြီးများလာတဲ့ အချက်အလက်တွေကို Cloud ထဲမှာ သိမ်းဆည်းပြီး စီမံဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ဟုန်ထိုးများပြားလာမယ့် အချက်အလက်တွေကို ကျွန်တော်တို့ ဘယ်လိုလွှဲပြောင်းပေးပို့ပေးမလဲ။
အတိုချုပ်အနေနဲ့ ပြောရရင် ကျွန်တော်တို့လူ့အဖွဲ့အစည်းက ဘယ်လို ဖွဲ့စည်းပုံမျိုး ရှိလာမလဲ၊ ကျွန်တော်တို့က အဲဒီ ဖွဲ့စည်းပုံအတိုင်း လိုက်လျောညီထွေရှိအောင် ဘယ်လိုပြင်ဆင်မလဲ၊ ဒါမှမဟုတ် အဲဒါကို စီမံထိန်းချုပ်နိုင်အောင် ဘယ်လိုပြင်ဆင်မလဲဆိုတာကို ကျွန်တော်တို့ မသိသေးပါဘူး။ စိတ်ကူးစိတ်သန်းအသစ်တွေ၊ နည်းပညာအသစ်တွေဟာ ကျွန်တော်တို့ မျက်စိရှေ့မှာတင် တဖွားဖွား ပေါ်ပေါက်နေပါတယ်။ ဒီနည်းပညာဆန်းသစ်တီထွင်မှု လှိုင်းလုံးသစ်ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ စရိုက်လက္ခဏာသစ်တစ်ခုကတော့ ပညာရပ်အသစ်တွေ အများအပြားကို ပေါင်းကူးဆက်သွယ်ပေးနိုင်တဲ့ “ကွင်းဆက် ဖြစ်စဉ်” (chain reactions) တွေဖြစ်ပါတယ်။ ဥပမာအနေနဲ့ သတင်းအချက်အလက်နည်းပညာတွေဟာ ပညာရပ်နယ်ပယ်တိုင်းမှာ သိပ္ပံနည်းကျ သုတေသနနဲ့ ဆန်းသစ်တီထွင်မှုအတွက် အခြေခံဖြစ်လို့ နေပါတယ်။ အလားတူပဲ ဒါတွေဟာ လုပ်ငန်းနယ်ပယ်တိုင်းရဲ့ တိုးတက်မှုအတွက် အခြေခံတွေဖြစ်လာခဲ့ပါတယ်။
ကျိန်းသေပေါက် ရှင်းရှင်းလင်းလင်းဖြစ်တာ တစ်ခုတော့ ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ သတင်းအချက်အလက်ဆိုင်ရာ အဖွဲ့အစည်းရဲ့ အခြေခံအဆောက်အအုံတွေကို ပိုအားကောင်းအောင် အားဖြည့်ရမှာပါ။ အခြေခံအဆောက်အအုံမှာ နှစ်ပိုင်းရှိပါတယ်။ တစ်ခုကတော့ Hard လို့ခေါ်တဲ့ တကယ့်နည်းပညာအပိုင်းနဲ့ နောက်တစ်ခုကတော့ Soft လို့ခေါ်တဲ့၊ အဲဒီနည်းပညာတွေမှာ အသုံးချတဲ့ စည်းမျဉ်းစည်းကမ်းနဲ့ စွမ်းရည်တွေ ဖြစ်ပါတယ်။
Hard အပိုင်းက ကြည့်မယ်ဆိုရင် ကျွန်တော်တို့မှာ အလင်းအခြေပြု ဆက်သွယ်ရေးကွန်ရက် (optical network) နဲ့ 5G ဆိုပြီး အဓိက ရှိနေတဲ့အပြင် အနာဂတ်မှာ 6G ဆိုတာလည်း ရှိလာပါလိမ့်မယ်။ AI က သတင်းအချက်အလက် နည်းပညာမျိုးစုံအပေါ် မူတည်နေတာမို့ အခြေခံအဆောက်အအုံဆိုင်ရာ စွမ်းဆောင်နိုင်စွမ်းတွေမှာ ဆက်တိုက်တိုးတက်မှုတွေ မရှိဘဲ နည်းပညာ တိုးတက်လာနိုင်မှာ မဟုတ်ပါဘူး။ ဒါက အဝေးပြေးလမ်းမရှိဘဲ ကားတွေကို အမြန်မောင်းဖို့ ကြိုးစားနေတာနဲ့ တူနေပါလိမ့်မယ်။
Soft အပိုင်းမှာတော့ ကျွန်တော်တို့မှာ အရည်အချင်းတွေ၊ လုပ်ထုံးလုပ်နည်းတွေ စသဖြင့်ရှိပါတယ်။ အဓိကကတော့ အရည်အချင်းပေါ် မူတည်ပါတယ်။ ဒီခေတ်သစ်ကြီးကို ကြိုဆိုလက်ခံနိုင်ဖို့အတွက် ကမ္ဘာကြီးတစ်ခုလုံးမှာ ပညာရေးကို အပြည့်အဝ အားပေးရပါလိမ့်မယ်။ ပြီးတော့ ပညာရေးလွတ်လပ်ခွင့်နဲ့ အတွေးအခေါ်လွတ်လပ်ခွင့်ကို အားပေးတဲ့ ပတ်ဝန်းကျင်တစ်ခု တည်ဆောက်ပြီး အရည်အချင်းမျိုးစုံကို မြှင့်တင်ဖန်တီးရမှာ ဖြစ်ပါတယ်။
အချက်အလက်နောက်ကို လိုက်ပါ
ဒီဉာဏ်ရည်မြင့်ခေတ်ကမ္ဘာကြီးရဲ့ အဝင်တံခါးဝမှာ ရပ်နေတဲ့ ကျွန်တော်တို့ Huawei အနေနဲ့ကတော့ နောက်ထပ် အနှစ် ၂၀ ကနေ ၃၀ ကြားဖြစ်လာမယ့် လူမှုဖွဲ့စည်းပုံအသစ်မှာ ဘယ်အပိုင်းက ပါဝင်လာမယ်ဆိုတာ ဆုံးဖြတ်ရမှာပါ။ အနာဂတ်မှာ အချက်အလက်စီးဆင်းမှုတွေက အင်မတန် တိုးပွားများပြားလာမှာကို ကျွန်တော်တို့ သိပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ရဲ့ မဟာဗျူဟာဆန်တဲ့ ဦးတည်ချက်အနေနဲ့ ဒီလောက်အဆမတန်များပြားတဲ့ အချက်အလက်စီးဆင်းမှုတွေကို လွှဲပြောင်းပေးပို့တာ၊ ဖြန့်ဝေတာ၊ သိမ်းဆည်းတာနဲ့ စီမံဆောင်ရွက်တာတွေအပေါ် အာရုံစိုက်သွားမှာ ဖြစ်ပါတယ်။ ဒါက ရေရှည်အတွက် ကျွန်တော်တို့ နှစ်မြှုပ်လုပ်ကိုင်မယ့် အပိုင်းဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ဟာ ဒီလမ်းကြောင်းကနေ သွေဖည်သွားလို့မရပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ခရီးစဉ်ရဲ့ မတူညီတဲ့ အဆင့်တွေအတွင်းမှာ လိုက်လျောညီထွေ ကိုက်ညီအောင် ပြင်ဆင်နိုင်ပါတယ်။
ပန်းတစ်ပွင့်တည်းနဲ့ နွေဦးကို မဖန်တီးနိုင်ပါဘူး။ ဒီလိုသတင်းအချက်အလက် စုံလင်အားကောင်းတဲ့ လူမှုအဖွဲ့အစည်းမှာ အမျိုးအစားစုံလင်တဲ့ ပန်းတွေကို မပွင့်အောင် တားဆီးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့ Huawei က ကမ္ဘာအနှံ့က ကုမ္ပဏီတွေနဲ့ ဆက်လက်လက်တွဲလုပ်ကိုင်ပြီးတော့ ခိုင်မာအားကောင်းတဲ့ ဂေဟစနစ်တစ်ခုကို တည်ဆောက်သွားပြီး အဲဒီကရတဲ့ အကျိုးကျေးဇူးတွေကို မျှဝေခံစားသွားမှာဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့ ပူးပေါင်းဆောင်ရွက်မှု ပြုသွားမယ်လို့ ခိုင်မာတဲ့ ကတိပြုချက်နဲ့အတူ အတူပိုင်ဆိုင်မယ့် အောင်မြင်မှုတွေအတွက်လည်း ဆက်လက်ပြီးတော့ ပွင့်လင်းလွတ်လပ်စွာနဲ့ ပူးပေါင်းလုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။
(The Economist ဝက်ဘ်ဆိုက်၌ ဖော်ပြသည့် Ren Zhengfei on the coming innovation explosion ဆောင်းပါးကို တိုက်ရိုက်ပြန်ဆိုပါသည်)










