ဂမ်ဘီယာ၏ နောက်ကွယ်မှာ ....

ဂမ်ဘီယာ၏ နောက်ကွယ်မှာ ....
၂၀၂၂ ခုနှစ် OIC ထိပ်သီးဆွေးနွေးပွဲကို လက်ခံကျင်းပမည့် ဂမ်ဘီယာနိုင်ငံ၏ International Conference Center
၂၀၂၂ ခုနှစ် OIC ထိပ်သီးဆွေးနွေးပွဲကို လက်ခံကျင်းပမည့် ဂမ်ဘီယာနိုင်ငံ၏ International Conference Center
Published 8 December 2019

 

၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ဖြစ်ပွားခဲ့သော ပဋိပက္ခများအတွင်း မြန်မာလုံခြုံရေး တပ်ဖွဲ့ဝင်များသည် ဘင်္ဂါလီလူမျိုးများအပေါ် လူမျိုးတုံး သတ်ဖြတ်မှုကျူးလွန်သည် သို့မဟုတ် အစုလိုက် အပြုံလိုက် နေရပ်စွန့်ခွာ စေခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် တရားစွဲဆိုထားသည်။

ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုမှုသည် အဖွဲ့ဝင်နိုင်ငံပေါင်း (၅၇) နိုင်ငံဖြင့် ဖွဲ့စည်းထားသည့် အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OIC) ကိုယ်စား တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းဖြစ်ရပ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက အဓိကနေရာမှ ပါဝင်လှုပ်ရှားခဲ့သည်။

လူမျိုးတုံး သတ်ဖြတ်မှုဖြင့် မြန်မာနိုင်ငံအပေါ် စွဲဆိုလိုက်သည့် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ၏ အမှုသည် ၁၉၉၀ ပြည့်လွန်နှစ်များနောက်ပိုင်း ပြန်လည်အစပျိုးလာသည့် ယင်းကဲ့သို့သော အမှုအမျိုးအစားများအနက် ပထမဆုံးဖြစ်သည်။

လွန်ခဲ့သည့်နှစ် မေလတွင် ဂမ်ဘီယာနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးက ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပြုလုပ်သည့် အစ္စလာမ္မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ၏ နှစ်ပတ်လည် ညီလာခံတွင် နောက်ဆုံးအချိန်ရောက်မှ ရောက်မလာတော့ဘဲ တရားရေးဝန်ကြီး အဘူဘာကာ မာရီတမ်ဘာဒူးကို စေလွှတ်ခဲ့သည်။

တမ်ဘာဒူးသည် ရဝမ်ဒါနိုင်ငံ၏ ၁၉၉၄ ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှုမှ အမှုများကို ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် တရားစွဲဆိုရင်း အချိန်ကုန်လွန်ခဲ့သူဖြစ်သည်။

သူသည် ကော့ဘဇားခရိုင်ရှိ ဒုက္ခသည်စခန်းများသို့ သွားရောက်သည့် OIC ကိုယ်စားလှယ်အဖွဲ့၌လည်း လိုက်ပါခဲ့သူ ဖြစ်သည်။

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် အရပ်သား အစိုးရအဖွဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာနိုင်ငံမှ အာဏာပိုင်များက စွပ်စွဲမှုအားလုံးနီးပါးကို ငြင်းဆိုခဲ့ပြီး အကြမ်းဖက်မှု တန်ပြန်သည့် စစ်ဆင်ရေးကိုသာ တရားဝင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တမ်ဘာဒူးက ဘင်္ဂါလီ (မူရင်း၌ ရိုဟင်ဂျာဟု ဖော်ပြ) တို့အပေါ် ကျူးလွန်ခဲ့သည်ဟု စွပ်စွဲမှုများကို စစ်ဆေးရန် OIC ကော်မတီတစ်ရပ် ဖန်တီးရေး အဆိုကို တင်ခဲ့ပြီး ယခုနှစ်တွင် နိုင်ငံပေါင်း ၅၇ နိုင်ငံပါဝင်သည့် OIC က မြန်မာနိုင်ငံကို တရားဝင် တရားစွဲဆိုရေးအား အတည်ပြုလိုက်ခြင်းဖြင့် အနောက်အာဖရိက နိုင်ငံငယ်လေးအား နိုင်ငံတကာ တရားစီရင်ရေး၏ ပရိုဖိုင်း အမြင့်ဆုံး အမှုတစ်ခု၏ ဗဟိုချက်အဖြစ်သို့ ရောက်ရှိသွားစေခဲ့သည်။

သည်ဟိတ်မြို့၌ ဒီဇင်ဘာ ၁၀ ရက်မှ ၁၂ ရက်အတွင်း အမှုကို စစ်ဆေးကြားနာသည့်အခါ ဂမ်ဘီယာနိုင်ငံ၏ ဥပဒေရေးရာ အဖွဲ့သည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

တမ်ဘာဒူးက မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂါလီအရပ်သားများအပေါ် အကြမ်းဖက်မှု ကျူးလွန်ခြင်းအား ချက်ချင်းရပ်ဆိုင်းပေးရန် တရားသူကြီးများအား အမိန့်ထုတ်ပြန် ခိုင်းရမည်ဖြစ်ပြီး မြန်မာနိုင်ငံသည် လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ကြောင်း တွေ့ရှိရသည်ဟူသည့် အခြေခံတစ်ရပ်ကို တည်ဆောက်နိုင်ရေး သက်သေများကို ခိုင်မာအောင် ပြုလုပ်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံက အမှုကို ရင်ဆိုင်သွားမည်ဟု ကတိပြုထားသည်။

၂၀၁၂ ခုနှစ်တွင် ရခိုင်ပြည်နယ်၌ လူမှုအသိုက်အဝန်း နှစ်ခုအကြား ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီးနောက် ၂၀၁၃ ခုနှစ် နိုဝင်ဘာတွင် OIC ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိလာကာ ၎င်းတို့၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီဒုက္ခသည် စခန်းများသို့လည်း သွားရောက်ခဲ့သည်။

သမားရိုးကျ မဟုတ်သော OIC ကိုယ်စားလှယ်အဖွဲ့၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မြန်မာနိုင်ငံတွင် OIC ရုံးခန်းဖွင့်လှစ်ရန် ပြောဆိုမှုများ ရှိခဲ့သော်လည်း ယင်းပြောဆိုချက်အပေါ် ကန့်ကွက်သည့် နိုင်ငံအနှံ့ ဆန္ဒပြမှုများကြောင့် OIC ၏ ရည်ရွယ်ချက် ပျက်ပြယ်ခဲ့ရသည်။

သို့သော်လည်း OIC သည် ၎င်းတို့၏ ရည်ရွယ်ချက်အား အကောင်အထည်ဖော်ရန် နောက်ဆုတ်သွားခြင်းမျိုး မဟုတ်ဘဲ နည်းလမ်းမျိုးစုံဖြင့် အသံတိတ် ဆက်လက် ဖော်ဆောင်နေရာ လက်ရှိ နိုင်ငံတကာ အလယ်တွင် မြန်မာနိုင်ငံ ရင်ဆိုင်နေရသော ပြဿနာများသည် OIC ၏ စနက်များကြောင့်ဟု ပြော၍ရသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ARSA အဖွဲ့၏ အကြမ်းဖက် တိုက်ခိုက်မှုများ၏ နောက်ကွယ်တွင် OIC ၏ နိုင်ငံရေး ရည်မှန်းချက်များ ထင်ဟပ်နေပြီး ARSA အဖွဲ့ကို OIC က အထောက်အပံ့ ပေးထားခြင်းပင် ဖြစ်နိုင်သည်။

“သူတို့ဒီလောက်ထိ အချိန်ကြာအောင် လုပ်အားရော လုပ်နိုင်စွမ်းရှိအောင် ဘယ်သူက ထောက်ပံ့ထားသလဲဆိုတာ လိုက်လေ့လာတဲ့အခါ OIC ရော အထူးသဖြင့် အရှေ့အလယ်ပိုင်းဒေသက တစ်ခါတစ်ခါ ISIS နဲ့ အဆက်အသွယ် ရှိတယ်လို့ သံသယဖြစ်စရာ ရှိတာပေါ့။ သေချာတာကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး OIC က အထောက်အပံ့ ပေးတယ်ဆိုတာ သံသယဖြစ်စရာ မရှိဘူး” ဟု သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက ပြောကြားသည်။

သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့သည် ရခိုင်အရေးနှင့် ပတ်သက်၍ လေ့လာမှုများ ပြုလုပ်နေသော အဖွဲ့အစည်း တစ်ခုလည်း ဖြစ်သည်။

နယ်မြေရလိုမှုနှင့် ရခိုင်ပြည်နယ် အတွင်းရှိ ဘင်္ဂါလီများ နိုင်ငံသားရလိုမှု၏ နောက်တွင် OIC ၏ နိုင်ငံရေး အိပ်မက်များ ရှိနေပြီး ယင်းအိပ်မက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက အကောင်အထည် ဖော်ပေးနေခြင်းဖြစ်သည်။

ကမ္ဘာ့နိုင်ငံကြီးများဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများအနက် ကုလသမဂ္ဂပြီးလျှင် OIC သည် ဒုတိယအကြီးဆုံး အဖွဲ့အစည်း တစ်ခုဖြစ်ပြီး တိုက်ကြီးလေးတိုက်မှ အဖွဲ့ဝင်နိုင်ငံပေါင်း (၅၇) နိုင်ငံဖြင့် ဖွဲ့စည်းထားကာ ယင်း၏သက်တမ်းသည် နှစ်ပေါင်း ၄၀ ကြာမြင့်နေပြီ ဖြစ်သည်။

ကမ္ဘာ့နေရာ အနှံ့အပြားရှိ မွတ်စလင်များ ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းပေးရန် OIC ကို ဖွဲ့စည်းထားခြင်းဖြစ်သည်။

OIC အဖွဲ့၏ ဆုံးဖြတ်ချက်များကို နိုင်ငံခြားရေးရာ ဝန်ကြီးများဖြင့် ဖွဲ့စည်းထားသည့် ကောင်စီက ဆုံးဖြတ်ချက်ချခြင်းဖြစ်ပြီး ယင်းကောင်စီ၏ အဖွဲ့ဝင်များသည် တစ်နှစ်တစ်ခါ ပုံမှန်တွေ့ဆုံကြပြီး အရေးကြီးသော လုပ်ဆောင်ချက်များ လုပ်ဆောင်ရန် အတွက်မူ သုံးနှစ်တစ်ကြိမ် တွေ့ဆုံသည်။

OIC အဖွဲ့ သုံးစွဲရန်အတွက် ငွေကြေးများကို အဖွဲ့ဝင်နိုင်ငံများက ထည့်ဝင်ကြပြီး သီးခြားအလှူငွေများကိုလည်း လက်ခံကာ ငွေကြေးထည့်ဝင်သည့် အဖွဲ့ဝင်နိုင်ငံများအနက် ဆော်ဒီနှင့် အီရန်က အလှူငွေအများဆုံး ထည့်ဝင်ခြင်းဖြင့် OIC တွင် သြဇာလွှမ်းမိုးထားသည်။

အမေရိကန်၌ ၉/၁၁ တိုက်ခိုက်မှုအပြီးတွင် OIC အဖွဲ့က ၎င်းတို့၏ မစ်ရှင်ကို ပြန်လည်သုံးသပ်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ မွတ်စလင် အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ကာ ၂၀၁၅ ခုနှစ်တွင် ၎င်းတို့ဆောင်ရွက်မည့် ဆယ်နှစ်ကြာ မဟာဗျူဟာ စီမံကိန်းတစ်ခု ချမှတ်ခဲ့သည်။

OIC က ဖော်ဆောင်မည့် စီမံကိန်းများထဲတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ အစ္စလာမ်ကြောက် ရောဂါကင်းဝေးရေး၊ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း၊ စီးပွားရေး ကွာဟလွန်းခြင်း စသည်တို့ ပါဝင်ပြီး ဆင်းရဲမွဲတေခြင်း၊ ပညာမတတ်ခြင်း၊ အဂတိလိုက်စားခြင်း၊ တန်းတူညီမျှမှု မရှိခြင်းတို့ကို တန်းတူညီမျှ ဖြစ်စေရန် ဆောင်ရွက်ရေးတို့ကို လုပ်ဆောင်သွားမည်ဟု OIC အတွင်းရေးမှူး အီမက်လဒင်း အီဆန်နော (Ekmeleddin Thsanoglu) က မိန့်ခွန်း တစ်ရပ်တွင် ပြောကြားထားသည်။

ယင်းကိစ္စများကို ဥပဒေအရ မဖြေရှင်းပေးနိုင်ပါက အခက်အခဲများဖြင့် ရင်ဆိုင်နေရသည့် မွတ်စလင်များကို အစွန်းရောက်သမားများဖြစ်ရန် တွန်းအားပေးသကဲ့သို့ ဖြစ်မည်ဟု အီမက်လဒင်းအီဆန်နော (Ekmeleddin Thsanoglu) က ပြောကြားသည်။

အီမက်လဒင်းအီဆန်နော (Ekmeleddin Thsanoglu) သည် တူရကီနိုင်ငံသား တစ်ဦးဖြစ်ပြီး တူရကီနိုင်ငံအနေဖြင့် အာဆီယံ အသိုင်းအဝိုင်းနှင့် ဆက်ဆံရေး တည်ဆောက်လိုသည်။

ထိုသို့ တည်ဆောက်ရာတွင် မွတ်စလင်များကို အကူအညီပေးသည့် ပုံရိပ်ဖြင့် အာဆီယံနိုင်ငံများအတွင်း အင်အားကြီး နိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ မလေးရှားစသည့် နိုင်ငံများဖြင့်အပြိုင် ဆက်ဆံရေး တည်ဆောက်ခြင်းသည် တူရကီနိုင်ငံအတွက် အလွန်အရေးကြီးသည့် ကိစ္စရပ်ဖြစ်သည်။

တူရကီနိုင်ငံ အနေဖြင့် ကုလသမဂ္ဂ၊ OIC၊ လူ့အခွင့်အရေးအဖွဲ့များနှင့် ချိတ်ဆက်၍ ဘင်္ဂါလီများ၏ အခွင့်အရေးများကို တောင်းဆိုလျက်ရှိပြီး ၎င်းတို့၏ မျှော်လင့်ချက်များအနက် ရခိုင်ပြည်နယ်မှ ဘင်္ဂါလီများ နိုင်ငံသားဖြစ်ခွင့် ရရေးသည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။

တူရကီသည် ရခိုင်ပြည်နယ်မှ ဘင်္ဂါလီများ နိုင်ငံသားဖြစ်ရေး လုပ်ငန်းစဉ်အား တတ်နိုင်သမျှ မြန်မြန်ဆန်ဆန် ဖြစ်စေလိုပြီး ယင်းအတွက် ကုလသမဂ္ဂနှင့် OIC ကဲ့သို့သော အဖွဲ့အစည်းများ၏ အကူအညီဖြင့် မြန်မာအစိုးရအား တွန်းအားပေးကာ လုပ်ငန်းစဉ်ကို အရှိန်မြှင့်တင်လိုသည့် သဘောရှိကာ ကုလသမဂ္ဂ၏ ကော်မတီအချို့က နိုင်ငံသားဖြစ်ရေးကို ဗြောင်ကျကျပင် တောင်းဆိုကြသည်။

ဘာသာရေး အခြေခံ မုန်းတီးမှုများကြောင့် မြန်မာနိုင်ငံတွင် လူမဆန်သော ဖြစ်ရပ်များ ဖြစ်ပွားနေပြီး ဘင်္ဂါလီ ခြောက်သိန်းကျော်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးနေရသည်ဟု ၂၀၁၇ ခုနှစ်အတွင်းက ပြုလုပ်ခဲ့သော ကုလသမဂ္ဂ၏ ကော်မတီတစ်ခုတွင် ဆော်ဒီသံအမတ် Abdallah Al-Mouallimi က OIC ကိုယ်စား ပြောကြားသည်။

ဂျီနီဗာကွန်ဗင်းရှင်းတွင် အဖွဲ့ဝင်နိုင်ငံ ၁၅၀ ရှိသော်လည်း မည်သည့်နိုင်ငံကိုမျှ ယခုကဲ့သို့ ဖိအားပေး ဆက်ဆံခြင်းမျိုးမရှိဘဲ မြန်မာနိုင်ငံကိုမူ ဘင်္ဂါလီအရေးနှင့် ပတ်သက်၍ OIC ၏ လှုံ့ဆော်မှုဖြင့် ကုလသမဂ္ဂတွင် ပြင်းပြင်းထန်ထန် ဖိအားပေးခြင်း ခံနေရသည်။

နောက်ဆုံးတွင် ဘင်္ဂါလီအရေးနှင့် ပတ်သက်၍ OIC ကိုယ်စား ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို နိုဝင်ဘာ ၁၁ ရက်တွင် ICJ ၌ အမှုဖွင့်ခဲ့ပြီး နိုဝင်ဘာ ၁၃ ရက်တွင် ဗြိတိန်ရှိ လူ့အခွင့်အရေးအုပ်စုများက မြန်မာနိုင်ငံ ထိပ်ပိုင်းခေါင်းဆောင်များကို အာဂျင်တီးနား တရားရုံးတွင် အမှုဖွင့်ခဲ့သည်။

ထို့နောက် ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၄ ရက်တွင် ICC တရားသူကြီး သုံးဦးက မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ဖြစ်ပွားခဲ့သော ကိစ္စရပ်များအား စုံစမ်းဖော်ထုတ်ရန် ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ခဲ့ပြီး ယခုကဲ့သို့ တစ်ပတ်အတွင်း ဖြစ်ရပ်သုံးခု သုံးရက်ဆက်တိုက် ဖြစ်ပေါ်ခဲ့ခြင်းသည် သာမန်တိုက်ဆိုင်မှု မဟုတ်ပေ။

၂၀၁၆ ခုနှစ်တွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အတွင်းရှိ ရဲကင်းစခန်းအချို့ကို ARSA အဖွဲ့က အကြမ်းဖက်တိုက်ခိုက်မှု တစ်ကြိမ်ပြုလုပ်ခဲ့ပြီး ၂၀၁၇ ခုနှစ် သြဂုတ်တွင် ဘူးသီးတောင်၊ မောင်တောဒေသရှိ တပ်ဌာနချုပ်တစ်ခု အပါအဝင် နယ်ခြားစောင့် ရဲကင်းစခန်း (၃၀) ကို အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ARSA အဖွဲ့၏ ထိုသို့အကြမ်းဖက် လုပ်ရပ်ကြောင့် မြန်မာ့လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရပြီး ယင်းသို့ဆောင်ရွက်မှုများကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ARSA အဖွဲ့တို့အကြား ပဋိပက္ခများ ဖြစ်ပွားခဲ့ရာ နောက်ဆက်တွဲအဖြစ် ဘင်္ဂါလီခြောက်သိန်းခန့်သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ထို့ပြင် ရာနှင့်ချီသော ဟိန္ဒူလူမျိုးများနှင့် လူနည်းစုမျိုးနွယ်စုအချို့တို့သည် ARSA အဖွဲ့၏ အကြမ်းဖက် သတ်ဖြတ်ခြင်းများကို ခံခဲ့ရပြီး ကုလသမဂ္ဂနှင့် OIC သည် ယင်းဖြစ်ရပ်များကို မျက်ကွယ်ပြုထားဆဲပင် ဖြစ်သည်။

ထိုသို့ မျက်ကွယ်ပြုထားရခြင်းမှာ ARSA အဖွဲ့က OIC ၏ နိုင်ငံရေး ရည်ရွယ်ချက်များကို အကြမ်းဖက် တိုက်ခိုက်ခြင်းမှတစ်ဆင့် အကောင်အထည် ဖော်ပေးရခြင်းကြောင့်ဖြစ်ပြီး ယင်းအကြမ်းဖက် တိုက်ခိုက်မှုများသည် အစီအစဉ်တကျ ရေးဆွဲထားသော နိုင်ငံရေး ဇာတ်လမ်းပင်ဖြစ်သည်။

ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးသွားကြသော ဘင်္ဂါလီများ ပြန်လည် လက်ခံရေးအတွက် မြန်မာနိုင်ငံက ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နှစ်နိုင်ငံ သဘောတူညီချက်များအတိုင်း ဆောင်ရွက်ရန် ဆန္ဒရှိသော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ပူးပေါင်းဆောင်ရွက်မှု အားနည်းသည့်အတွက် အစိုးရက စိတ်ပျက်နေရသည်။

နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်အတွက် ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် လည်းကောင်း၊ အာဆီယံနိုင်ငံများနှင့် လည်းကောင်း မြန်မာနိုင်ငံဘက်က ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နေသော်လည်း ဘင်္ဂလားဒေ့ရှ်ဘက် အခြမ်းတွင် နေရပ်ပြန်လိုသူများအပေါ် ခြိမ်းခြောက်မှုများနှင့် နိုင်ငံရေး ကစားနေသည့် ဘင်္ဂလားဒေ့ရှ်၏ လုပ်ရပ်ကြောင့် ယင်းလုပ်ငန်းစဉ်မှာ မြန်မြန်ဆန်ဆန် အကောင်အထည် မဖော်နိုင်ဘဲ ဖြစ်နေသည်။

ထို့ပြင် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို ဆောင်ရွက်ရာတွင် အာဆီယံနိုင်ငံများ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့မှ ကိုယ်စားလှယ်များဖြင့် အဖွဲ့အစည်း တစ်ခုဖွဲ့၍ ယင်းအဖွဲ့၏ စောင့်ကြည့်မှုဖြင့် ပြန်လည်လက်ခံရေးကို ဆောင်ရွက်သင့်သည်။

ယင်းသို့ ဆောင်ရွက်ရာတွင် အဓိက လိုက်နာဆောင်ရွက်ရမည့် အချက်များမှာ လူ့အခွင့်အရေးကို လေးစားလိုက်နာခြင်း၊ နိုင်ငံသားဖြစ်မှုအတွက် နိုင်ငံသား စိစစ်ရေး လုပ်ငန်းစဉ်ကို လျင်လျင်မြန်မြန်နှင့် မှန်မှန်ကန်ကန် ဆောင်ရွက်ခြင်းနှင့် ယင်းသို့ဆောင်ရွက်ရာတွင် ၁၉၈၂ နိုင်ငံသား ဥပဒေအတိုင်းသာ ဆောင်ရွက်ခြင်းတို့ဖြစ်သည်။

နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး ဆောင်ရွက်ရာတွင် ပြန်လည်ဝင်ရောက်လာသူများ၏ ဘေးကင်းလုံခြုံစွာ ပြန်လာနိုင်ရေးနှင့် ဘေးကင်းလုံခြုံစွာ ရှင်သန်ရပ်တည်နိုင်ရေးကိုလည်း မြန်မာနိုင်ငံဘက်က အာမခံချက်ပေးရမည်ဖြစ်ပြီး ထိုအာမခံချက်သည် ပြန်လည် လက်ခံရေးလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် အဓိက သော့ချက်လည်း ဖြစ်သည်။

၁၉၄၅ ခုနှစ်တွင် ပေါ်ပေါက်လာခဲ့သော ကုလသမဂ္ဂပဋိညာဉ် စာတမ်းအရ ကုလသမဂ္ဂတရားရုံး တစ်ရုံးဖြစ်သော International Court of Justic (ICJ) ကို တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ၁၉၄၆ ခုနှစ်တွင် စတင်အသက်ဝင်ခဲ့ကာ ၎င်း၏တာဝန်မှာ တစ်နိုင်ငံနှင့် တစ်နိုင်ငံ တရားစွဲဆိုရာတွင် နိုင်ငံတကာ ဥပဒေများနှင့်အညီ တရားမျှတမှုရရှိရန် ဆောင်ရွက်ပေးခြင်းဖြစ်သည်။

International Court of Justic (ICJ) တွင် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ အပါအဝင် နိုင်ငံတကာ ဥပဒေပညာရှင် တရားသူကြီး ၁၅ ဦး ခန့်အပ်တာဝန်ပေးထားပြီး ၎င်းတို့ကို ကုလသမဂ္ဂ အထွေထွေ ညီလာခံနှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက (၉) နှစ်တစ်ကြိမ် ရွေးချယ်ခန့်အပ်ခြင်းဖြစ်သည်။

 AFP)

ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားခြင်းနှင့် ပတ်သက်၍ မကြာမီ ရက်ပိုင်းအတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က သွားရောက် ဖြေရှင်းချက်ပေးမည် ဖြစ်သည်။

ICJ တွင် သွားရောက်ဖြေရှင်းမည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ဥပဒေပညာရှင် အငြိမ်းစားပါမောက္ခ ဒေါက်တာမြင့်ဇံနှင့် ဘီဘီစီမြန်မာ ပိုင်းအစီအစဉ်တို့၏ သီးသန့်တွေ့ဆုံ မေးမြန်းခန်းပါ အချက်တချို့ကို ကောက်နုတ်ဖော်ပြ အပ်ပါသည်။

ယခုလျှောက်လဲမှုသည် မြန်မာအစိုးရ အနေဖြင့် ဂျီနိုဆိုက်ကွန်ဗင်းရှင်းပါ တာဝန်များကို ပျက်ကွက်သည် ဆိုခြင်းအား ဆုံးဖြတ်ရန် လျှောက်ထားခြင်း မဟုတ်သေးဘဲ မြန်မာနိုင်ငံ အနေဖြင့် လတ်တလောတွင် ဂျီနိုဆိုက်များကို ရပ်ပစ်ရန်၊ ဂျီနိုဆိုက်နှင့် ပတ်သက်သည့် သက်သေများကို မဖျက်ဆီးရန်နှင့် မြန်မာနှင့် ဂမ်ဘီယာသည် ယခုပြဿနာအား ပိုမိုကြီးထွားလာအောင် မလုပ်ဘဲ အေးချမ်းစွာ ဖြေရှင်းရန်ဆိုသည့် အမိန့်ကို ထုတ်ပြန်ပေးရန် လျှောက်ထားခြင်းသာ ဖြစ်ကြောင်း ဒေါက်တာမြင့်ဇံက ဘီဘီစီနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

ထိုသို့ လျှောက်ထားချက်အပေါ် သာမန်အားဖြင့် တရားသူကြီးအများစု၏ မဲခွဲဆုံးဖြတ်မှုနှင့်ပင် အတည်ပြုမည်ဖြစ်ပြီး တရားသူကြီး ၁၇ ဦးရှိသည် ဆိုပါက အနည်းဆုံး တရားသူကြီး ကိုးဦးက ဂမ်ဘီယာ၏ တောင်းဆိုချက်ကိုဖြစ်စေ၊ မြန်မာ၏ တုံ့ပြန်ချက်ကိုဖြစ်စေ ထောက်ခံနိုင်သည်ဟု ၎င်းကဆိုသည်။

မြန်မာနှင့်တကွ ICJ တွင် တရားစွဲခံရသော နိုင်ငံများအနေဖြင့် ပြောလေ့ရှိသည်မှာ ICJ တွင် စီရင်ပိုင်ခွင့် မရှိဟူသော အချက်ကိုပင် မြန်မာက ပြန်လည်ချေပနိုင်ဖွယ်ရှိပြီး ဒုတိယအချက် အနေဖြင့် ဂမ်ဘီယာသည် မြန်မာကို ICJ တွင် အမှုဖွင့်ရန် ရပ်တည်ပိုင်ခွင့်၊ စွပ်စွဲပိုင်ခွင့်မရှိဟု မြန်မာဘက်က ပြောလာနိုင်ကြောင်း မြန်မာ၏ ဖြစ်နိုင်ဖွယ် ချေပနိုင်မှုများနှင့် ပတ်သက်၍ ၎င်းကဆိုသည်။

ထို့ပြင် ဂမ်ဘီယာ အပါအဝင် ကုလသမဂ္ဂ အဖွဲ့အစည်းများက အကိုးအကားပြုထားသော သက်သေများသည် မြန်မာနိုင်ငံက အသိအမှတ်ပြုထားခြင်း မရှိသော အချက်အလက် ရှာဖွေရေးအဖွဲ့ (FFM) ကဲ့သို့သော အဖွဲ့အစည်းများ၏ တင်ပြချက်များ ဖြစ်သဖြင့် ICJ နည်းဥပဒေများအရ သက်သေမရောက်ကြောင်း မြန်မာဘက်က ချေပနိုင်ဖွယ်ရှိသည်ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံက ပြန်လည် ချေပနိုင်သည့် နောက်ထပ်ဖြစ်နိုင်ခြေ တစ်ခုမှာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ မကြာမီ အစီရင်ခံစာ ထုတ်ပြန်မည် ဖြစ်သည့်အတွက် ဂမ်ဘီယာ၏ လျှောက်ထားချက်များကို လုပ်ဆောင်ရန် မလိုအပ်ဟု ချေပနိုင်ကြောင်း ဒေါက်တာမြင့်ဇံက ဆိုသည်။ 

မကြာမီ ICJ တွင် ဆောင်ရွက်မည့် အခင်းအကျင်းသည် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နှင့် ပတ်သက်၍ မြန်မာအစိုးရ၏ တာဝန်ရှိမှု၊ မရှိမှုကို ဆုံးဖြတ်ခြင်း မဟုတ်ဘဲ အစိုးရ၏ လတ်တလော စီမံဆောင်ရွက်ထားရှိမှုများကို ထုတ်ပြန်ပေးရန် တောင်းဆိုမည့် အကြောင်းပင်ဖြစ်ကာ အစိုးရ၏ ဆောင်ရွက်ထားရှိမှုများ ရှင်းပြချက်ကို လက်မခံပါက ယင်းအမှုတွင် မြန်မာနိုင်မည်ဟု ဒေါက်တာမြင့်ဇံက ပြောကြားသည်။

အကယ်၍ မြန်မာနိုင်ငံ၏ ချေပချက်ကို လက်ခံဘဲ အမှုကို ရှေ့ဆက်မည် ဆိုပါက ယင်းအမှုသည် အနည်းဆုံး သုံးနှစ်အထိ ကြာမြင့်မည်ဟု ဂမ်ဘီယာရှေ့နေတစ်ဦး၏ ပြောကြားချက်ကို ကိုးကားကာ ဒေါက်တာမြင့်ဇံက ပြောကြားသည်။

ဒေါက်တာမြင့်ဇံနှင့် ဘီဘီစီ သတင်းဌာနတို့၏ မေးမြန်းဖြေကြားချက်များအရ လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နှင့် ပတ်သက်၍ နိုင်ငံတကာအလယ်တွင် မြန်မာနိုင်ငံပုံရိပ် ကျဆင်းခြင်းမှအပ အခြားသော ကြီးကြီးမားမား စိုးရိမ်ဖွယ်ရာ အနေအထား မရှိသည်ကို တွေ့ရသည်။

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အမှုဖွင့်ထားသော်လည်း ICJ သည် မြန်မာနိုင်ငံအား ကြီးစွာဒုက္ခပေးနိုင်မည် မဟုတ်ဟုသာ ကောက်ချက်ချရမည်ဖြစ်သည်။

သို့သော် အစိုးရက ICJ တွင် ဖြေရှင်းနေချိန်တွင် ပြည်တွင်း၌ တစ်ယောက် တစ်ပေါက်ဖြင့် ညီညွတ်မှု ပြိုကွဲနေသည့် အနေအထားမျိုးကမူ နိုင်ငံအတွက် ကြီးစွာဒုက္ခရောက်နိုင်ပြီး OIC သည် မြန်မာနိုင်ငံရေး၏ လစ်ဟာကွက်ကို အမြဲတမ်း ချောင်းမြောင်းစောင့်ကြည့်နေကာ အားနည်းသည့်နေရာ တွေ့ပါက ယင်းနေရာမှ ဝင်ရောက်ထိုးနှက်မည်သာ ဖြစ်သည်။

မြန်မာနိုင်ငံအပေါ် OIC ထိုးနှက်တိုက်ခိုက်မှုများ၏နောက်တွင် အမေရိကန် အပါအဝင် အနောက်အုပ်စုများ၏ နိုင်ငံရေး ရည်မှန်းချက်များလည်း ပါဝင်နေပြီး အနောက်အုပ်စုသည် တဖြည်းဖြည်း အင်အားကြီးထွားလာနေသည့် တရုတ်နိုင်ငံနှင့် အားပြိုင်မှု ပြင်းထန်နေကာ ယင်းအားပြိုင်မှုများအကြား မြန်မာနိုင်ငံက မြေစာပင်သဖွယ် ခံစားနေရသည်။

OIC၊ အထူးသဖြင့် အနောက်အုပ်စုနှင့် တရုတ်နိုင်ငံတို့၏ အားပြိုင်မှုများအကြား မြန်မာနိုင်ငံကို ပစ်မှတ်ထား တိုက်ခိုက်လာမှုတွင် အဓိကအားဖြင့် အာဂျင်ဒါသုံးမျိုး ရှိသည်ဟု ပြော၍ရနိုင်သည်။

ယင်းအာဂျင်ဒါ သုံးရပ်အနက် ပထမတစ်ခုမှာ တရုတ်လွှမ်းမိုးမှု လျော့ချရေးဖြစ်ပြီး ဒုတိယတစ်ခုမှာ တပ်မတော်ဖြိုချရေး ဖြစ်ကာ တတိယ တစ်ခုမှာ ဗုဒ္ဓဘာသာ ဖြိုဖျက်ရေး ဖြစ်သည်။

တစ်ခုနှင့်တစ်ခု ချိတ်ဆက်ထားသည့် ယင်းအာဂျင်ဒါ သုံးရပ်အနက် ဒုတိယအချက်နှင့် တတိယအချက်သည် မြန်မာနိုင်ငံ၏ အသက်သွေးကြောသဖွယ် ဖြစ်နေပြီး တရုတ်နှင့် အနောက်အုပ်စု၏ အားပြိုင်မှုများအကြား ယင်းအချက်နှစ်ခု ပြိုလဲသွားပါက မြန်မာနိုင်ငံလည်း ပြိုလဲသွားနိုင်သည်။

ထို့ကြောင့် လက်ရှိ မြန်မာနိုင်ငံ၏ ပြည်တွင်းရေး အခြေအနေသည် ညီညွတ်ရေးကို ဦးတည်နေရမည့် အနေအထားဖြစ်ပြီး ယင်းညီညွတ်မှုဖြင့်ပင် ပြည်ပဖိနှိပ်မှုများကို တွန်းလှန်ရင်ဆိုင်ရမည်ဖြစ်ကာ လတ်တလောတွင် ပြည်တွင်းညီညွတ်ရေးမှာ အားရဖွယ် အနေအထားမျိုး မဟုတ်ပေ။

လက်ရှိ ပြည်တွင်းရေး အခြေအနေမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ICJ တွင် အမှုသွားရင်ဆိုင်မည့် ကိစ္စနှင့်ပတ်သက်၍ အစိုးရ၏ ဆောင်ရွက်မှုအပေါ် ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်မှုများ ရှိနေသည်။

နိုင်ငံတကာတွင် မြန်မာနိုင်ငံ ရင်ဆိုင်နေရသည့် အနေအထား သို့မဟုတ် ICJ တွင် မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားမှုနှင့် ပတ်သက်၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အကြားတွင်လည်း ဆွေးနွေးမှုများ ရှိနေပြီး အများအားဖြင့် အစိုးရ၏ တာဝန်ယူမှု၊ တာဝန်ခံမှုအပေါ် အသိအမှတ်ပြုကာ ထောက်ခံကြောင်း ကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်။

သို့သော်လည်း ညီနောင်မဟာ မိတ်သုံး ဖွဲ့ဖြစ်သည့် တအာင်းအဖွဲ့ (TNLA) ၊ ကိုးကန့်အဖွဲ့ (MNDAA)နှင့် ရခိုင်အဖွဲ့ (AA) တို့ကမူ ICJ ၏ လုပ်ဆောင်ချက်သည် တပ်မတော်အပေါ် အရေးယူရန် ဆောင်ရွက် ခြင်းဟုဆိုသည့်ဘက်မှ ရပ်တည်ထောက်ခံခဲ့ကြသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့၏ အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ဒီဇင်ဘာ ၅ ရက်တွင် တရုတ်နိုင်ငံမှ တာဝန်ရှိသူများက ညီနောင် မဟာမိတ်သုံးဖွဲ့၏ ထိပ်ပိုင်းခေါင်းဆောင်အချို့နှင့် တွေ့ဆုံပြီး ခေါ်ယူ သတိပေးမှုများ ပြုလုပ်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

ယင်းခေါ်ယူသတိပေးမှု၏ နောက်ဆက်တွဲအဖြစ် ညီနောင်မဟာမိတ်သုံးဖွဲ့အနေဖြင့် UWSA ကဲ့သို့ပင် အစိုးရကို ထောက်ခံကြောင်း ပြန်လည်ထုတ်ပြန်ပြီး ၎င်းတို့၏ ကနဦးထုတ်ပြန်ချက်အား ပြန်လည် ရုပ်သိမ်းပေးရန် တောင်းဆိုခဲ့သည်ဟု သိရသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့သည် ‘၀’ အဖွဲ့ (UWSA) ဦးဆောင်သည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိ နှိုင်းရေးကော်မတီ (FPNCC) ၏ အဖွဲ့ဝင်များ ဖြစ်ကြပြီး ‘၀’ အဖွဲ့ (UWSA) ကမူ အစိုးရ၏ ဆောင် ရွက်ချက်အပေါ် ထောက်ခံကြောင်း ကြေညာချက် ထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံသည် နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံဘက်မှ အမြဲတမ်းရပ်တည်ပေးနေပြီး ကုလ သမဂ္ဂတွင် မြန်မာနိုင်ငံအပေါ်အရေးယူမည့် ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ အမြဲတစေ ကန့်ကွက် မှုများ ပြုလုပ်ခဲ့သည်။

‘၀’ အဖွဲ့ (UWSA) ၏ သဘောထားသည် တရုတ်အစိုးရ၏ သဘောထားဟုပင် ပြော၍ရပြီး မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံရေးတွင် ပါးနပ်မှုမရှိပါက အနောက်အုပ်စုနှင့် တရုတ်နိုင်ငံ၏ အကြားတွင် ကျွဲနှစ်ကောင် ခတ်သည့်ကြားက မြေစာပင်ပမာ ဖြစ်သွားနိုင်သည်ကို သတိပြုရမည် ဖြစ်သည်။     

ရခိုင်ပြည်နယ်မှ ဘင်္ဂါလီအရေးနှင့် ပတ်သက်၍ ဒီဇင်ဘာ ၁၀ ရက် တွင် နယ်သာလန်နိုင်ငံ၊ The Hague မြို့ရှိ ICJ တွင် ကြားနာမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး မည်သို့မျှ အန္တရာယ် မဖြစ်နိုင်သည့် ICJ တွင် ခိုင်မာသော အချက်အလက်များဖြင့် မာမာထန်ထန် တုံ့ပြန်ရန် မျှော်လင့်သည်။

အစိုးရက ICJ  တွင် ချေပမှုများ ဆောင်ရွက်နိုင်ရန်အတွက် တပ်မတော်ကလည်း လိုအပ်သော အချက် အလက်များ ပေးပို့ထားမည်ဖြစ်ပြီး တစ်ဖက်တွင် တပ်မတော်က ရခိုင်အရေးနှင့်ပတ်သက်၍ စုံစမ်းစစ် ဆေးမှုများ ပြုလုပ်နေသည်။

ယခုအချိန်သည် နိုင်ငံတော်၏ အကျိုးစီးပွားအတွက် အစိုးရနှင့် တပ်မတော်သည် ပြည်သူလူထုတစ် ရပ်လုံးကို ဦးဆောင်ကာ ညီညီညွတ်ညွတ်ဖြင့် တုံ့ပြန်ရမည့်အချိန်လည်း ဖြစ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမူ တပ်မတော် အင်အားရှိမှ တိုင်း ပြည်အင်အားရှိမည်ဟူသော စကားသည် မည်သည့်ခေတ် မည်သည့် အခါမဆို အမြဲမှန်ကန်မှုရှိနေမည်ဟု ပြောကြားသည်။

ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ် စစ်ရေးပြကွင်း၌ ဒီဇင်ဘာ ၆ ရက် တွင် ပြုလုပ်ခဲ့သော စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၆၁) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားတွင် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

တပ်မတော်သည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အ ခြာအာဏာ တည်တံ့ခိုင်မြဲရေးဆိုသည့် တို့တာဝန်အရေးသုံးပါးကို အမျိုးသားရေးမူဝါဒအနေဖြင့် ဦးထိပ်ပန်ဆင်ပြီး နိုင်ငံအတွက် အသက်ပေးတာဝန်ထမ်းဆောင်ရန် ပြိုင်တူသစ္စာဆိုထားသူများ ဖြစ်၍ ပေးအပ်လာသည့်တာဝန်များကို သစ္စာရှိရှိ တာဝန်ကျေပွန်စွာ ထမ်းဆောင်ရမည်ဖြစ်သည်ဟု ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ယခုအခါ ICJ တွင် မြန်မာနိုင်ငံနှင့် ဂမ်ဘီယာနိုင်ငံတို့၏ အမှုကြား နာချိန်များ ထွက်ပေါ်လာပြီဖြစ်သည်။

ဂမ်ဘီယာနိုင်ငံ၏ ပထမအကျော့နှုတ်ဖြင့် လျှောက်ထားချိန်မှာ ဒီဇင်ဘာ ၁၀ ရက် နံနက် ၁၀ နာရီမှ မွန်းလွဲ ၁ နာရီ (မြန်မာအချိန် ညနေ ၃ နာရီခွဲမှ ၆ နာရီခွဲ) အထိ  ဖြစ်ပြီး မြန်မာနိုင်ငံ၏ လျှောက်ထားချိန်မှာ ဒီဇင်ဘာ ၁၁ ရက် နံနက် ၁၀ နာရီမှ မွန်းလွဲ ၁ နာရီ (မြန်မာ အချိန် ညနေ ၃ နာရီခွဲမှ ၆ နာရီခွဲ) အထိ ဖြစ်သည်။

ဂမ်ဘီယာနိုင်ငံ၏ ဒုတိယအကျော့ နှုတ်ဖြင့် လျှောက်ထားချိန် မှာ ဒီဇင်ဘာ ၁၂ ရက် နံနက် ၁ဝနာရီ မှ ၁၁ နာရီခွဲ (မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲမှ ၅ နာရီ) အထိ ဖြစ် ပြီး မြန်မာနိုင်ငံ၏ ဒုတိယအကျော့ နှုတ်ဖြင့် လျှောက်ထားချိန်မှာ ဒီဇင် ဘာ ၁၂ ရက်  ညနေ ၄ နာရီခွဲမှ ၆ နာရီ (မြန်မာစံတော်ချိန် ည ၁၀ နာရီမှ ၁၁ နာရီခွဲ) အထိဖြစ်သည်။

‘‘အဲဒီတော့ ICJ တစ်ခုတည်း အနေနဲ့ ကြည့်ရင်တော့ ဘာမှမဖြစ်ဖူးလို့ တွက်ရပေမဲ့ ဒါကိုဖြေရှင်း အပိုင်းမှာ အားနည်းတာတွေ ချွတ်ချော်တာတွေ ကိုယ့်ဘက်က ပြင်ဆင်မှုတွေမှာ လိုအပ်တာတွေရှိခဲ့လို့ရှိရင်တော့ နိုင်ငံရေးအရ  Image တွေ အရမ်းကျသွားနိုင်တယ်။အဲဒီတစ်ချက်ကတော့ စိုးရိမ်စရာ ရှိပါတယ်’’ဟု သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက ပြောကြားသည်။

ကမ္ဘာ့ရေးရာအရ တရုတ်သည် တဖြည်းဖြည်း အင်အားကြီးထွားလာပြီး ၎င်း၏ ပါ၀ါကို ချဲ့ထွင်လာသည့် အခါ အမေရိကန်နှင့် အင်အားပြိုင်ဆိုင်မှု ပြင်းထန်လာကာ လက်ရှိ အခြေအနေတွင် အမေရိကန်အနေဖြင့် တရုတ်အား စီးပွားရေးအရ ယှဉ်ပြိုင်ရန် လွယ်ကူမှုမရှိတော့ဟု ဦးသိန်းထွန်းဦးက သုံးသပ်သည်။

‘‘တကယ်တမ်းက ပါ၀ါနိုင်ငံကြီး နှစ်ခုကြားမှာ သူတို့ရဲ့အကျိုး စီးပွားအတွက် နေရာတစ်ခု ကစား ကြတယ်။အဲဒီကစားတဲ့ ဆုံချက်က ကျွန်တော်တို့ရခိုင်ဒေသက ရခိုင်မြောက်ပိုင်း ဘူးသီးတောင်၊ မောင် တော ဖြစ်သွားတာတစ်ချက်က ကျွန်တော်တို့အတွက် စိုးရိမ်စရာ ဖြစ်တယ်။ ဥပမာ ပြောရရင် ကျွဲနှစ် ကောင်ခတ်တဲ့ကြားက မြေဇာပင် ဖြစ်သွားတဲ့သဘောပါပဲ’’ဟု ဦးသိန်းထွန်းဦးက ပြောကြားသည်။

ယခုအချိန်တွင်  မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာဆက်ဆံရေးတွင် ပိုပြီးသတိထား ဆက်ဆံရန် လိုအပ်နေပြီး နိုင်ငံခြားရေးရာတွင် မဟာမိတ်နိုင်ငံများနှင့် မည်သို့ ပေါင်းသင်းဆက်ဆံမည်၊ နိုင်ငံတကာကို မည်သို့ သော သတင်းအချက် အလက်များပေးမည် ဆိုသည့် အပိုင်းများတွင် သတိထားသင့်သည် ဟု ၎င်းက ယူဆသည်။

‘‘အဓိကအရေးကြီးတာက တော့ မြန်မာနိုင်ငံရဲ့ ကိုယ်ကျိုးစီးပွားပေါ့။နိုင်ငံရဲ့ ကိုယ်ကျိုးစီးပွား၊ အမျိုးသားအကျိုးစီးပွားကို ဘယ်လောက်ထိ ဖော်ဆောင်နိုင်မလဲ၊ ဘယ်သူတွေနဲ့ ဘယ်လိုပေါင်းပြီး သွားမလဲ ဆိုတာတော့ တိတိကျကျ လေး မဟာဗျူဟာချပြီး သွားနိုင်ဖို့ လိုပါတယ်။ အဲဒါ တစ်ခုခု လွဲချော် သွားခဲ့ရင်တော့ ကျွန်တော်တို့ နိုင်ငံအနေနဲ့က ဒီလိုမျိုးပဲ ဟိုဘက်လာလိုက် ဟိုဘက်ကို နည်းနည်းလေး ကပ်လိုက်။ ဒီဘက်က ဖိအားပြန်ပေးလိုက် ဟိုဘက် ကပ်သွားလိုက်နဲ့။ ဆိုလိုတာက ကြားထဲမှာ ကျွန်တော် တို့က ပဋိပက္ခတွေအများကြီးနဲ့ တစ်ချိန်လုံးသွားနေရတာနဲ့ တိုးတက်ရေးအတွက် ဘာမှလှည့်ကြည့်နိုင်မှာ မဟုတ်ဘူး’’ဟု ဦးသိန်းထွန်းဦးက ပြောသည်။

ICJ ဟူသည်မှာ

အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ကို ကမ္ဘာ့ခုံရုံး (World Court) ဟုလည်း ရည်ညွှန်းခေါ်ဆိုသည်။ ကုလသမဂ္ဂ၏ တရားစီရင်ရေးဆိုင်ရာ ပင်မအဖွဲ့အစည်း ဖြစ်ပြီး အဓိကလုပ်ငန်း တာဝန်နှစ်ရပ်ကို ဆောင် ရွက်သည်။

ပထမတာဝန်မှာ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ တစ်နိုင်ငံနှင့် တစ်နိုင်ငံအကြား ဥပဒေကြောင်းအရ အငြင်းပွားမှုများ ဖြစ်ပေါ်ပါက လက်ခံကြားနာဖြေရှင်းပေးရန် ဖြစ်သည်။

ဒုတိယတာဝန်မှာ ကုလသမဂ္ဂ အဖွဲ့အစည်းတစ်ရပ်ရပ်က နိုင်ငံတကာ ဥပဒေနှင့်ပတ်သက်၍ မည်သို့ မည်ပုံ ဆောင်ရွက်သင့်သနည်း၊ ယင်းကဲ့သို့ ဆောင်ရွက်နိုင်ပါသလား အစရှိသဖြင့် ဥပဒေပိုင်းဆိုင်ရာ အ ကူအညီတောင်းခံမှုများအတွက် အကြံဉာဏ်ပေးရန်ဖြစ်သည်။

မြန်မာနိုင်ငံသည် ကုလသမဂ္ဂ၏ ၁၉၄၈ ခုနှစ်၊ လူမျိုးတုံး သတ်ဖြတ်မှု တားဆီးရေးနှင့် အပြစ်ပေး ရေးဆိုင်ရာ သဘောတူညီချက်၌ ပါဝင်လက်မှတ်ရေးထိုးထားသည့် နိုင်ငံ ဖြစ်သော်လည်း သဘောတူ စာချုပ်ပါ အချက်များအတိုင်း ဆောင်ရွက်ရန် ပျက်ကွက်သည့် နိုင်ငံအဖြစ် ဂမ်ဘီယာက တရားလိုနိုင်ငံ လုပ် ကာအမှုဖွင့်ထားခြင်းဖြစ်သည်။

ဂျီနိုဆိုက်ကွန်ဗင်းရှင်းဟု ခေါ် သည့် ယင်းကုလသမဂ္ဂ သဘောတူညီချက်တွင် မြန်မာနိုင်ငံသည် ၁၉၅၆ ခုနှစ်၌ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာသည်။ ယင်းသဘောတူညီချက်အရ လူမျိုးတုံးသတ်ဖြတ်မှုဟူသည် နိုင်ငံ တကာဥပဒေအရ ရာဇဝတ်မှု မြောက်ပြီး မိမိနိုင်ငံ၌ အဖြစ်မခံဘဲ တားဆီးရမည့် တာဝန်ရှိသကဲ့သို့ ဖြစ်လာလျှင်လည်း အရေးယူရမည်ဟု ဆိုထားသည်။

ဂမ်ဘီယာက အဘယ်ကြောင့် တရားလိုနိုင်ငံ ဖြစ်လာသလဲ

ICJ ၌ တရားစွဲဆိုခြင်းသည် နိုင်ငံတစ်ခုနှင့် တစ်ခုအကြား တရား စွဲဆိုမှုဖြစ်သည်။ ယခုအမှုတွင် တ ရားလိုနိုင်ငံက အာဖရိကအနောက်ပိုင်းမှ နိုင်ငံငယ်ကလေး ဂမ်ဘီယာ ဖြစ်သည်။

ဂမ်ဘီယာသည် အမေရိကန် သုတေသနအဖွဲ့ (ICF) ၏စစ်တမ်းအရ မွတ်စလင်ဦးရေ ၉၅ ရာခိုင်နှုန်း ရှိပြီး အစ္စလာမ္မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့  (OIC) ၏အဖွဲ့ဝင် ၅၇ နိုင်ငံထဲ၌ ပါဝင်သည်။

ရခိုင်မြောက်ပိုင်းကိစ္စများနှင့် ပတ်သက်၍ စုံစမ်းအရေးယူမှုများ ပြုလုပ်ရန် အမှုတည်ဆောက်ထားသည့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) ၏ တရားစွဲဆိုရေးအဖွဲ့ အကြီးအကဲ ဖာတူးဘင်ဆူဒါသည်လည်း အခုအမှု၌ တရားလိုဖြစ်သည့် ဂမ်ဘီယာနိုင်ငံသူ ဖြစ်သည်။

ဂမ်ဘီယာ၏ တရားရေး ဝန်ကြီးလည်းဖြစ်၊ ရှေ့နေချုပ်လည်း ဖြစ်သူ အဘူဘာကာ မာရီတမ်ဘာဒူးသည် ဗြိတိန်နိုင်ငံမှ ဥပဒေဘွဲ့ ရထားသည့် ရှေ့နေ ဖြစ်ပြီး ရဝမ်ဒါ လူမျိုးတုံးသတ်ဖြတ်မှု နိုင်ငံတကာ ရာဇဝတ် ခုံရုံး ICC ၌ ရှေ့နေအဖြစ် ထဲထဲဝင်ဝင် ပါခဲ့သူဖြစ်သည်။

ဆိုးရွားသည့် ကြမ်းကြုတ်ရက်စက်မှုများ ကြုံတွေ့ရသည့်အခါ ကမ္ဘာကြီးအနေဖြင့် ဘာမျှ မလုပ်ဘဲ လက်ပိုက်ကြည့်နေမည် မဟုတ်ကြောင်း မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကို ရှင်းရှင်းလင်းလင်း သိစေလိုသည့် အတွက် ဂမ်ဘီယာက တရားလို လုပ်ရခြင်းဖြစ်သည်ဟု တမ်ဘာဒူးက ပြောကြားထားသည်။

မြန်မာနိုင်ငံ တရားစွဲခံရခြင်းက မည်သူတရားစွဲခံရခြင်းလဲ

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲဆိုခြင်းဖြစ်သောကြောင့် နိုင်ငံအနေဖြင့် တရားစွဲ အမှုဖွင့်ခံရခြင်း ဖြစ်သည်။

‘‘နိုင်ငံအချင်းချင်း တရားစွဲတဲ့ အခါ အစိုးရက နိုင်ငံကို ကိုယ်စား ပြုရတာ ဖြစ်တာကြောင့် အစိုးရကို တရားစွဲတယ်လို့ပဲ ကျွန်တော်တို့ မှတ်ယူရမှာပေါ့။ ကျွန်တော့် အမြင်ပေါ့လေ။ ဥပဒေပညာရှင် တစ် ယောက်ရဲ့အမြင်တော့ မဟုတ်ဘူးပေါ့’’ဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ဆိုသည်။

ICC နှင့် ICJ ခြားနားမှု

နိုင်ငံအချင်းချင်း တရားစွဲ ဆိုသည့် အမှုများကိုသာ ICJ က လက်ခံကြားနာ စစ်ဆေးသည်။ လူ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းအနေဖြင့် နိုင်ငံတစ်နိုင်ငံအား တရားစွဲ၍ မရနိုင်ပေ။

ထို့ကြောင့် OIC အနေဖြင့် တရားစွဲခြင်း မဟုတ်ဘဲ ဂမ်ဘီယာ နိုင်ငံက တရားစွဲခြင်းဖြစ်သည်။

ICJ က လုပ်ဆောင်သည့် အဓိက တာဝန်များမှာ တစ်နိုင်ငံနှင့် တစ်နိုင်ငံအကြား အချင်းများမှုကို ဖြေရှင်းပေးရေးနှင့် တရားရေးဆိုင်ရာ အကြံဉာဏ်များ တောင်းခံလာလျှင် နိုင်ငံတကာဥပဒေအပေါ် အ ခြေခံ၍ အကြံပြုရေး ဖြစ်သည်။

ICC မှာမူ ကျူးလွန်သူဟု သံသယရှိသည့် လူပုဂ္ဂိုလ်တစ်ဦးချင်းစီအပေါ် စုံစမ်းအရေးယူသည့်ရုံးတော် ဖြစ်သည်။

လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူသားဆန်မှုကို ချိုးဖောက်သည့် ရာဇဝတ်မှု အစရှိသည်တို့နှင့် ပတ်သက်၍ ICC က ကိုင်တွယ်ခြင်း ဖြစ်ပြီး တရားခံအဖြစ် မည်သူမည်ဝါ၌ တာဝန်ရှိသည်ဟူ၍လူတစ်ဦး ချင်းကို အမှုဖွင့်အရေးယူသည်။

ICC က ဆုံးဖြတ်သည့် အခါ၌လည်း ထိုသူ၌ အပြစ်မရှိဘူး၊ သို့မဟုတ် အပြစ်ရှိသည်၊ မည်သို့သော ပြစ်ဒဏ်မျိုး ကျခံရမည်ဟူ၍ အတိ အကျ ဆုံးဖြတ်သည်။

ICJ ၌မူ နိုင်ငံကို တရားစွဲခြင်း ဖြစ်၍ စွဲချက်များအတိုင်း နိုင်ငံတကာ ပဋိညာဉ်ကို ဖောက်ဖျက် ကြောင်း ဆုံးဖြတ်ခဲ့လျှင်ပင် လူပုဂ္ဂိုလ်တစ်ဦးဦးကို အရေးယူရန် ခက်ခဲသည်။

မြန်မာနိုင်ငံအနေဖြင့် မည်သည့် အရာများကို ရင်ဆိုင်ရနိုင်သနည်း

ဘော့စနီးယား မွတ်စလင်များ လူမျိုးတုံးသတ်ဖြတ်ခံရမှုအကြောင်း ICJ က ကြားနာစီရင်ခဲ့ဖူးခြင်းသည် ထင်ရှားပြီး အကိုးအကားများလှသည်။ဘော့စနီးယားဟာဇီဂိုဗီးနား နိုင်ငံက ဆားဘီးယားနှင့် မွန်တီနီ ဂရိုးနိုင်ငံအပေါ် တရားစွဲရာ၌ လူမျိုးတုံးသတ်ဖြတ်များကို ကာကွယ်ပေးရန် ပျက်ကွက်မှုဖြင့် ဆားဘီးယား၌ အပြစ်ရှိကြောင်း ICJ က ဆုံး ဖြတ်ခဲ့သည်။

ယင်းနှင့်ပတ်သက်၍ ဥပဒေအထောက်အကူပြုကွန်ရက်ကို ထူထောင်သူ လူ့အခွင့်အရေးရှေ့နေ ဦးအောင်ထူးက BBC သတင်းဌာန သို့ ဖြေကြားရာတွင် ‘‘ဗိုလ်ချုပ်ကြီး ရပ်ချ်ကို မလားဒစ်ရှ်ကို တရားစီ ရင်နိုင်ဖို့ လွှဲပေးရမယ် ဆိုတဲ့ ယူဂို ဆလားဗီးယား ပြည်ထောင်စုဟောင်းဆိုင်ရာ နိုင်ငံတကာ ရာဇဝတ် ခုံရုံး ICTY က အမိန့်ချထားတာကို မလိုက်နာဘဲ ပျက်ကွက်တာဟာ ဂျီနိုဆိုက် ကွန်ဗင်းရှင်းကို ချိုးဖောက်တာပဲ ဆိုပြီး ICJ က ဆုံးဖြတ်ပါတယ်။ တရားလို ဘော့စနီးယား ဟာဇီဂိုဗီးနားက လျော်ကြေးငွေ ရလိုမှု တောင်းခံတာကိုတော့ အမှုနဲ့ မဆီလျော်ဘူးလို့ ဆုံးဖြတ်ပါတယ်။ဆာဘီးယားဟာ ဂျီနိုဆိုက် ကွန်ဗင်း ရှင်းကို ဖောက်ဖျက်တဲ့ နိုင်ငံအဖြစ်  ICJ က ဆုံးဖြတ် ကြေညာပြီး ICTY ခုံရုံးက အလိုရှိကြောင်း သတ်မှတ် ထားတဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်းစီကို ဆားဘီးယားက လွှဲပေးရမယ်လို့လည်း အမိန့်ချပါတယ်။ ဘော့စနီးယားနဲ့ ဟာဇီဂိုဗီးနားအမှုကို ကြည့်ရင် ICJ ကို မရောက်ခင်ကတည်းက လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး ICTY ဆိုတဲ့ နိုင်ငံတကာ ခုံရုံးဖွဲ့ စစ်ခဲ့ပြီး ဘယ်စစ်ဗိုလ်ချုပ်တွေ၊ ဘယ်အဖွဲ့တွေမှာ တာဝန်ရှိတယ်ဆို တဲ့ အဆုံးအဖြတ်ရှိနှင့် နေပြီးဖြစ်ပါတယ်။ မြန်မာကိစ္စမှာ တော့ နိုင်ငံတကာ ခုံရုံး ICCမှာ စစ်နိုင်ဖို့ အမှု တည် ဆောက်ဆဲ၊ ကြိုးစားဆဲ အခြေ အနေပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ICJ မှာ မြန်မာဘက် အလေးသာတဲ့ ဆုံး ဖြတ်ချက်ချလာခဲ့ရင် ICC သွားနေတဲ့ လမ်းကြောင်း ထိခိုက်သွားနိုင်ပြီး မြန်မာအနေနဲ့ ဂျီနိုဆိုက် ကွန်ဗင်း ရှင်းကို ချိုးဖောက်ကြောင်း ဆုံးဖြတ်ခဲ့ရင်လည်း ကျူးလွန်သူ လူပုဂ္ဂိုလ်၊ ဒါမှမဟုတ် အဖွဲ့အစည်းကို အပြစ် ပေး အရေးယူနိုင်ရေးအတွက် မသေချာလှဘူး’’ဟု သုံးသပ်ခဲ့သည်။

ကမ္ဘာကုလသမဂ္ဂ ပဋိညာဉ်စာချုပ်နှင့် နယ်သာလန်နိုင်ငံသည် ဟိတ်မြို့အခြေစိုက် ICJ ဥပဒေပါ အချက်အလက်အချို့

ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်အရ အဖွဲ့ဝင်နိုင်ငံများသည် မိမိ ပါဝင်သည့် မည်သည့်အမှုမဆို ICJ ၏ဆုံးဖြတ်ချက်အား လိုက်နာ ဆောင်ရွက်ရန် တာဝန်ယူရသည်ဟု အခန်း ၁၄၊ အပိုဒ် ၉၄ ၌ အတည့် အလင်း ဖော်ပြထားသည်။ 

အခန်း ၁၄ ၌ အပြည်ပြည် ဆိုင်ရာ တရားရုံးအကြောင်း ဖော်ပြထားပြီး အပိုဒ် ၉၂ ၌ ယင်းတရားရုံးသည် ကုလသမဂ္ဂ၏ အဓိက တရားစီရင်ရေးအဖွဲ့ ဖြစ်ရမည်ဟု ဆိုထားသည်။

အပိုဒ် ၉၃ တွင်  ကုလသမဂ္ဂအ ဖွဲ့ဝင်နိုင်ငံအားလုံးသည် အဖွဲ့ဝင် အဖြစ် ပါဝင်သည့်အကြောင်း ကြောင့်သာ အပြည်ပြည်ဆိုင်ရာ တရားရုံး ဥပဒေနှင့် သက်ဆိုင်သည်ချည်းဖြစ်သည်ဟု ဆိုသည်။

အဖွဲ့ဝင်နိုင်ငံမဟုတ်လျှင်ပင် လုံခြုံရေးကောင်စီ၏ ထောက်ခံ ချက်နှင့် ကိစ္စတစ်ခုချင်းစီအလိုက်  သတ်မှတ်ထားသည့် စည်းကမ်းချက်အရ  ICJ ဥပဒေနှင့် အကျုံးဝင်သည့် နိုင်ငံဖြစ်လာနိုင်သည်ဟုလည်း ဆို ထားသည်။

အပိုဒ် ၉၄ အရ အမှုတစ်ခုခု၌ ပါဝင်နေသည့် အဖွဲ့ဝင်တစ်နိုင်ငံသည် တရားရုံး၏ စီရင်ချက်အရ မိမိပေါ် ကျရောက်သည့် တာဝန်ကို ပျက်ကွက်လျှင် တစ်ဖက်အမှုသည် နိုင်ငံက လုံခြုံရေးကောင်စီ၏ အကူ အညီကို ရယူနိုင်သည်။ လိုအပ်သည်ဟု လုံခြုံရေးကောင်စီက ထင်မြင်လျှင် စီရင်ချက်အတိုင်း အတည် ဖြစ်အောင် မည်သို့မည်ပုံ ဆောင်ရွက်မည်ဆိုသည်ကို ဆုံးဖြတ်နိုင်သည်။

ကုလသမဂ္ဂပဋိညာဉ်စာချုပ် အပိုဒ် ၉၆ အပိုဒ်ခွဲ ၁ ၌ အထွေထွေညီ လာခံ သို့မဟုတ် လုံခြုံရေးကောင် စီသည် တရားဥပဒေနှင့်ဆိုင်သော မည်သည့်ကိစ္စမဆို အပြည်ပြည် ဆိုင်ရာတရားရုံးနှင့် တိုင်ပင်ရုံမက ထင်မြင်ချက်တောင်းနိုင်သည်ဟု ဖော်ပြထားသည်။

အပြည်ပြည်ဆိုင်ရာ တရားရုံး ဥပဒေ အခန်း၂ ၌ တရားရုံး၏ စီရင်ပိုင်ခွင့်ကို ဖော်ပြထားသည်။

အပိုဒ်မှာ ၁ ၌ ICJ ရှေ့မှောက် ရောက်ရှိလာသည့် အမှုများ၌ အမှုသည်များသည် နိုင်ငံများသာ ဖြစ် ရမည်ဟု သတ်မှတ်ထားသည်။ ICJ သည် ၎င်း၏ဥပဒေနှင့်အညီ အမှုနှင့် သက်ဆိုင်သည့် အကြောင်းအရာ များကို အများနှင့်ဆိုင်သည့် နိုင်ငံ တကာအဖွဲ့အစည်းများက တောင်းနိုင်သည့်အပြင် ယင်းအကြောင်း အရာများကို အဖွဲ့အစည်းများက အလိုအလျောက် တင်သွင်းလျှင်လည်း လက်ခံရမည်ဟု ပါရှိသည်။

အခန်း-၃ သည် ကျင့်ထုံးဖြစ် ပြီး အပိုဒ် ၅၀ မှာ ၌ တရားရုံးက ရွေးချယ်သည့် မည်သည့်ပုဂ္ဂိုလ်၊ မည် သည့်အဖွဲ့၊ မည်သည့်ဌာန၊ မည်သည့်ကော်မရှင်၊ သို့မဟုတ် အခြားမည်သည့်အဖွဲ့အစည်းကိုမဆို စုံစမ်း စစ်ဆေးရေးကိစ္စ ဆောင်ရွက်ရန် ဖြစ်စေ၊ အထူးထင်မြင်ချက်ပေး ရန်ဖြစ်စေ အချိန်မရွေးတာဝန်အပ် နှင်းနိုင်သည်ဟု ဖော်ပြထားသည်။

ICJ နှင့် လုံခြုံရေးကောင်စီ

အပိုဒ် ၉၄ အရ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံး၏တာဝန်သည် ၎င်းတို့ပါဝင်ပတ်သက်သည့် တရား ရုံး၏ဆုံးဖြတ်ချက်များနှင့်ကိုက်ညီရန်ဖြစ်သည်။ ပါဝင်သူများအနေဖြင့် ကိုက်ညီမှုမရှိပါက ယင်းအ ကြောင်းအရာကို အာဏာတည်စေရန်အတွက် လုံခြုံရေးကောင်စီရှေ့ မှောက်သို့ တင်သွင်းရမည်ဖြစ်သည်။ ယင်းကဲ့သို့ပြုလုပ်မှုနှင့်ပတ်သက်၍ သိသာထင်ရှားသောပြဿနာများ ရှိနေသည်။ ဆုံးဖြတ်ချက်သည် လုံ ခြုံရေးကောင်စီ၏အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံအနက် တစ်နိုင်ငံနှင့်ဆန့် ကျင်နေလျှင်သော်လည်းကောင်း၊ ၎င်းတို့၏မဟာမိတ်နိုင်ငံများနှင့် ဆန့်ကျင်နေလျှင်သော်လည်းကောင်း ယင်းဆုံးဖြတ်ချက်သည် ဗီတိုသုံး၍ ပယ်ချခံရလိမ့်မည်ဖြစ်သည်။ ဥပမာအဖြစ် နီကာရာဂွါနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့၏ အမှုကို ပြရ မည်ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုသည် တရားရုံး၏ဆုံးဖြတ်ချက်ကို  လိုက်နာခြင်းမရှိမှုအား လုံခြုံရေးကောင်စီရှေ့မှောက်သို့  ရောက်ရှိလာစေခြင်း ဖြစ်သည်။ ၎င်းအပြင် လုံခြုံရေးကောင်စီက အခြားမည်သည့်နိုင်ငံအပေါ်ကိုမဆို ဆုံးဖြတ်ထားသည့် ဆုံးဖြတ်ချက်တစ်ရပ်အား ငြင်းပယ်ခဲ့လျှင် ယင်းနိုင်ငံကို လိုက်နာစေရန် တွန်းအားပေးရမည့် နည်းလမ်းမရှိတော့ပေ။ ၎င်းအပြင် လုံခြုံရေးကောင်စီအတွက် အရေးယူဆောင်ရွက်ရန် အထိရောက်ဆုံးပုံစံ ဖြစ်သော ကုလသမဂ္ဂပဋိညာဉ်၏ အခန်း (၇) အရ အတင်းအကျပ် အရေးယူရန်သည်လည်း နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံမှု ထိန်းသိမ်း ရေး ချိန်ခွင်ညှာပေါ်၌ တည်နေ သည်။ လုံခြုံရေးကောင်စီသည် ယခုအထိ ယင်းကဲ့သို့ အတင်းအ ကျပ်အရေးယူမှုမျိုး မပြုလုပ်ခဲ့ဖူးပေ။

ICJ နှင့် လုံခြုံရေးကောင်စီအကြား ဆက်နွှယ်ချက်နှင့်အာဏာပိုင်းခြားထားမှုအကြောင်း တရားရုံးအနေဖြင့် စဉ်းစားပါက ၁၉၉၂ ခုနှစ် Pan Am အမှုကို ကြည့်ရမည်ဖြစ်သည်။ လစ်ဗျားနိုင်ငံက ၎င်း၏အခွင့်အရေးကို ကာကွယ်ပေးရန် ကြိုတင်နည်းလမ်းများ အမိန့်ထုတ်ပြန်ပေးရေးအတွက် လျှောက်ထားမှုကို တရားရုံးက စဉ်းစားရန်ဖြစ်လာသည်။ ဗြိတိန်နှင့်အမေရိကန်တို့က စီးပွားရေးပိတ်ဆို့မှုများပြုလုပ်မည်ဟူသော ခြိမ်းခြောက်မှုဖြင့် ၎င်း၏ အခွင့်အရေးကို ချိုးဖောက်သည်ဟု လစ်ဗျားက စွပ်စွဲထားသည်။ ယင်း၌ ပြဿနာမှာ ယင်းပိတ်ဆို့မှုများကို လုံ ခြုံရေးကောင်စီက အာဏာပိုင်ပြီး လုံခြုံရေးကောင်စီ၏အခန်း (၇) လုပ်ငန်းဆောင်တာများနှင့် တရားရုံး၏ တရားစီရင်ရေးဆိုင်ရာ လုပ်ငန်းဆောင်တာများအကြား ပဋိပက္ခတစ်ရပ်ဖြစ် ပေါ်လာသည်။ တရားရုံးက ကြိုတင်ကာကွယ်ရေးနည်းလမ်းများ ထုတ်ပြန် ပေးရန်ကိစ္စကို ၁၁ မဲ - ငါးမဲဖြင့် ပယ်ချလိုက်သည်။ အဘယ့်ကြောင့်ဆိုသော် လစ်ဗျားက တင်သွင်းသော ၎င်း၏အ ခွင့်အရေးသည် မွန်ထရီယယ်ကွန်ဗင်းရှင်းအရ အကျူံးဝင်လျှင်ပင် အရေးယူ ဆောင်ရွက်မှုကို လုံခြုံရေးကောင်စီက အမိန့်ပေးမှသာ ဆောင်ရွက်နိုင်သော ကြောင့်ဖြစ်သည်။ ကုလသမဂ္ဂပဋိညာဉ် ၏အပိုဒ် (၁၀၃) နှင့်အညီ ပဋိညာဉ် အောက်ရှိ တာဝန်ဝတ္တရားများသည် အခြားနိုင်ငံများအကြားသဘောတူညီ ထားမှုဝတ္တရားများနှင့်ပတ်သက်သော ထုံးတမ်းကိုသာ လိုက်နာရ သောကြောင့် ဖြစ်သည်။

နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ရှိ ICJ တရားရုံးတော်

နီကာရာဂွါအမှုတွင်လည်း လုံခြုံရေးကောင်စီ၏အရေးယူဆောင်ရွက်မှုနှင့် ICJ ၏ဆုံးဖြတ်ချက်တို့အကြား ရှေ့နောက်မညီဖြစ်နေမှု မလိုအပ်ကြောင်း တရားရုံးက ဖော်ပြခဲ့သည်။ မည်သို့ပင်ဆိုစေ ICJ နှင့် လုံခြုံရေး ကောင်စီတို့၏ဆုံးဖြတ်ချက်ချင်း ပဋိပက္ခဖြစ်သည့်အခါ ချိန်ခွင်ညှာသည် လုံခြုံရေးကောင်စီဘက်သို့သာ အလေးသာနေသည်မှာ သိသာထင်ရှားသည်။

တရားရုံးက ချမှတ်သည့် ဆုံးဖြတ်ချက်တစ်ရပ်ကို လိုက်နာဆောင်ရွက်ရန် တစ်ဖက်ဖက်က ပျက်ကွက်ပါ က အကြံပြုရန် သို့မဟုတ် ဆုံးဖြတ်ရန် လုံခြုံရေးကောင်စီကို ခေါ်ယူနိုင်သည်။ လုံခြုံရေးကောင်စီအနေဖြင့်လည်း ယင်းကဲ့သို့အရေးယူဆောင်ရွက်မှုမျိုးသည် လိုအပ်သည်ဟု ယူဆမှသာလျှင် ဖြစ်နိုင်သည်။ လက်တွေ့၌ တရားရုံး၏အာဏာများသည် ရှုံးနိမ့်သည့်ဘက်မှ တရားရုံး၏ဆုံးဖြတ်ချက်ကို လိုက်နာရန် ဆန္ဒမရှိခြင်းဖြင့်လည်းကောင်း၊ ထွက်ပေါ်လာသည့်ရလဒ်ကို အာဏာတည်စေရန် လုံခြုံရေးကောင်စီက ဆန္ဒမရှိ ခြင်းဖြင့်လည်းကောင်း ကန့်သတ်ခံထားရသည်။ သဘောတရားအရမူ တရားရုံး၏ဆုံးဖြတ်ချက်သည် အတည်နှင့် နောက်ဆုံးဖြစ်ပြီး အယူခံခွင့်မရှိစေရ ဟူ၍ဖြစ်သည်။

ဥပမာအားဖြင့် အမေရိကန်သည် ၁၉၄၆ ခုနှစ်၌ ဖန်တီးခဲ့သော တရားရုံး၏စည်းကမ်းစည်းမျဉ်းအရ တရား စီရင်ပိုင်ခွင့် (compulsory jurisdiction) ကို လက်ခံထားသော်လည်း ၁၉၈၄ ခုနှစ်တွင် တရားရုံးက နီကာ ရာဂွါအစိုးရအပေါ် တရားဥပဒေနှင့်မညီသောအင်အားသုံးမှုကို ရပ်ဆိုင်းရန်နှင့် ရှောင်ရှားရန် တောင်း ဆိုသည့် ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ ပြီးနောက် အမေရိကန်သည် compulsory jurisdiction မှ နုတ်ထွက် သွားခဲ့သည်။ အမေရိကန်သည် နီကာရာဂွါနှင့်ချစ်ကြည်ရေး သဘောတူညီချက်အောက်ရှိ  တာဝန် ဝတ္တရားများကိုချိုးဖောက်ကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပြီး နီကာရာဂွါအပေါ် အင်အားမသုံးရန် အမိန့်ပေးခဲ့သည့်အပြင် အမေရိကန်အနေဖြင့် စစ်လျော်ကြေးပေးရန်လည်း အမိန့်ချခဲ့သည်။

မြန်မာနိုင်ငံဘက်မှ ရပ်တည်မည့် အိမ်နီးချင်း အင်အားကြီး နှစ်နိုင်ငံ

ယင်းကဲ့သို့သော အခြေအနေ တွင် မြန်မာနိုင်ငံဘက်မှ အခိုင်အမာရပ်တည်မည့် အိမ်နီးချင်း အင်အားကြီး နှစ် နိုင်ငံရှိနေသည်။ ယင်းတို့မှာ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့ ဖြစ် သည်။ တရုတ်နိုင်ငံဆိုလျှင် ကုလ သမဂ္ဂလုံခြုံရေးကောင်စီ၌ ဗီတိုအာဏာ သုံးပိုင်ခွင့်ရှိသော နိုင်ငံလည်း ဖြစ်သည်။ ယင်းနှစ်နိုင်ငံသည် မြန် မာနိုင်ငံနှင့် ကုန်သွယ်ဖက်ဖြစ်ခြင်းနှင့်အတူ စီးပွားရေးအကျိုးစီးပွား ဆက်စပ်နေရုံသာမက နိုင်ငံရေး၌ လည်း ကံတူအကျိုးပေး အနေအထားတစ်ရပ်က ရှိနေသည်။ ယင်း နှစ်နိုင်ငံစလုံး၌ မြန်မာနိုင်ငံကဲ့သို့ ပင် မွတ်စလင်များနှင့် ပတ်သက်သောပြဿနာအသီးသီး ရှိနေခြင်းပင်။ အနောက်အုပ်စုအနေဖြင့် မြန် မာနိုင်ငံပြဿနာတွင် OIC အား နောက်မှနေ၍ တွန်းအားပေးခြင်း မှာ ယင်းနှစ်နိုင်ငံကို ဖိအားပေးခြင်း လည်း ဖြစ်နေသည်။ အထူးသဖြင့် စီးပွားရေးအင်အားနှင့်အတူ ကြီးထွားလာသည့် တရုတ်၏ နိုင်ငံရေး သြဇာကို ဖြိုချရန် အမြဲမပြတ် ကြိုးပမ်းနေခြင်းမှာ အနောက်အုပ်စု၏ အာဂျင်ဒါတစ်ရပ်ဖြစ်သည်။ ထို့ကြောင့် ယင်းနှစ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံဘက်မှ ရပ်တည်ပေးခြင်း၌ ၎င်းတို့ကိုယ်တိုင်၏ နိုင်ငံရေးအကျိုး စီးပွားလည်း ပါဝင်ပတ်သက်နေသည်။

တရုတ်နှင့် ရှင်ကျန်းမှ ဝီဂါများ

တရုတ်၏ နိုင်ငံရေး အကျိုးစီးပွားဟု ဆိုနိုင်သော ယင်းအကျိုးစီးပွားမှာ ရှင်ကျန်း ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ပြဿနာဖြစ်သည်။ လွန်ခဲ့သည့်နှစ်က ရှင်ကျန်းပြဿနာ သည် အလွန်ပင် ဆူညံခဲ့သည်။

၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၄ ရက် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့  (ဗှု) ၏အစီရင်ခံ စာအသစ်တစ်စောင်၌ အနောက်ဖျားဒေသက ရှင်ကျန်းတွင် အစုလိုက်အပြုံလိုက် ဖိနှိပ်မှုတစ်ရပ်အ တွင်း ထိန်းသိမ်းထားသည့် ဝီဂါလူ မျိုးစု တစ်သန်းခန့်၏ကံကြမ္မာနှင့် ပတ်သက်၍ ရှင်းလင်းဖော်ပြရန် တရုတ်နိုင်ငံကို တောင်းဆိုခဲ့သည်။

ဝေဖန်သူများက တရုတ်သည် ရှင်ကျန်းဒေသ၏ မွတ်စလင် ဝီဂါ လူမျိုးစုများကို အစ္စလာမ္မစ်အစွန်း ရောက်၊ ခွဲထွက်ရေးသမားများဟု သတ်မှတ်ထားသောကြောင့် ကန့်သတ်ချုပ်ချယ်မှုများစွာ လုပ်ထား ကြောင်း၊ သို့သော် ယင်းကဲ့သို့ အ တင်းအဓမ္မ ဖိနှိပ်မှုမှုများသည် ခွဲ ထွက်ရေးသဘောထားကို ထပ်မံ မီး မွှေးပေးသလိုဖြစ်ကြောင်း ဆိုကြ သည်။

တရုတ်က မွတ်စလင် ဝီဂါလူမျိုး တစ်သန်းခန့်အထိကို ပြန်လည် ပညာပေးရေးဟု အမည်တပ်ထားသော စခန်းများ၌ ထိန်းသိမ်းထားသည့်ကိစ္စကို အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၁ ရက် တွင် ‘ကြောက်ခမန်းလိလိ မတော်မတရားမှုများ’ဟု အမည်တပ်ကာ ရှုတ်ချခဲ့သည်။

ကနေဒါနိုင်ငံကလည်း ယင်းကိစ္စနှင့် ပတ်သက်၍ စက်တင်ဘာ ၂၅ ရက်၌ တရုတ်ကို ပြင်းပြင်းထန် ထန် ဝေဖန်မှု ပြုလုပ်ခဲ့သည်။ ‘‘ကမ္ဘာ့ ခေါင်းဆောင်တွေနဲ့ ကျွန်တော် ထိုင် ရတဲ့ အချိန်တိုင်းမှာ အထူးသဖြင့် လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ စိုး ရိမ်ဖွယ်ရာတွေ ရှိနေပြီး ကျွန်တော် လူ့အခွင့်ရေးကိစ္စကို ပြောရပါ တယ်’’ ဟု ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုးက ကုလသမဂ္ဂအထွေ ထွေညီလာခံ၏ ဘေး ဆွယ်ဆွေးနွေးပွဲ၌ ပြောကြားခဲ့ သည်။

ကနေဒါနိုင်ငံခြားရေးဝန်ကြီး ခရိုင်စတီယာဖရီးလန်းကလည်း ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၅ ရက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနှင့် တွေ့ဆုံခဲ့ပြီး ဝီဂါအရေး ကိစ္စကို မြှင့်တင်ပြောဆိုခဲ့သည်။

စက်တင်ဘာ ၂၈ ရက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ရှင်ကျန်းကိစ္စကို လုံခြုံရေး ဆိုင်ရာ ကိစ္စအဖြစ် ကာကွယ်ပြောကြားခဲ့ သည်။ သူက လူ့အခွင့်အရေးအဖွဲ့ များနှင့်  ပြည်ပရောက် ဝီဂါ တက်ကြွ လှုပ်ရှားသူများ အကြီးအကျယ် ဝေဖန်နေကြသကဲ့သို့ မဟုတ်ဘဲ မူဝါဒရေးရာအရ အကျိုးရှိသည့် ထောက် ပံ့မှုဟု ဆိုသည်။

‘‘လွန်ခဲ့တဲ့နှစ်အနည်းငယ်အ တွင်း ရှင်ကျန်းမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ထပ်ဖြစ်တာမျိုး ကျွန်တော်တို့ မမြင်ရတော့ဘူး’’ ဟု ဝမ်ယီက ဆိုသည်။ သူက ‘‘ရှင်ကျန်း မှာ နေထိုင်နေတဲ့ လူပေါင်း သန်း ၂၀ ရှိပါတယ်။ သူတို့က အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို ထောက်ခံပါတယ်။ ဘာဖြစ်လို့လဲဆိုတော့  သူတို့အနေနဲ့ လုံခြုံတယ်လို့ ခံစားရပြီး အကြမ်းဖက်မှုကို ကြောက်လန့်စရာမလိုဘဲ ညဘက်မှာ ကောင်းကောင်း အိပ်နိုင်မှာမို့ပါ’’ ဟုလည်း ဆိုသည်။

တရုတ်နိုင်ငံ အနောက်ဖျား၌ ရှိသည့် ရှင်က ျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် တရုတ်အာဏာပိုင်များနှင့် ဒေသခံဝီဂါလူမျိုးစုများအကြား ရှည်လျားလှသည့် ပဋိပက္ခ သမိုင်းကြောင်းတစ်ရပ်ရှိသည်။ တရုတ်နိုင်ငံ၏ အကျယ်ပြန့်ဆုံး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော ရှင်ကျန်းဒေသသည် မွန်ဂိုလီးယား၊ ရုရှား၊ ကာဇက်စတန်၊ ကာဂျစ္စတန်၊ တာဂျီကစ္စတန်၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန်နှင့် အိန္ဒိယဟူသည့် နိုင်ငံပေါင်း ရှစ်နိုင်ငံနှင့် နယ်နိမိတ် ချင်း ထိစပ်နေပြီး အများဆုံးနေထိုင်သူများမှာလည်း ဝီဂါလူမျိုးများဖြစ်သည်။

ဝီဂါအများစုသည် မွတ်စလင်များ ဖြစ်ကြပြီး အစ္စလာမ်ဘာသာသည် သူတို့ဘဝ၏ အရေးကြီးဆုံး အစိတ်အပိုင်းအပြင် သူတို့၏အမျိုး သားရေးလက္ခဏာလည်း ဖြစ်သည်။ သူတို့၏ ဘာသာစကားမှာ တူရကီ မှ တာ့က်လူမျိုးများနှင့် ဆင်တူနေပြီး သူတို့ကိုယ်သူတို့ ယဉ်ကျေးမှုနှင့် လူမျိုးအရ ဗဟိုအာရှနိုင်ငံများနှင့် နီးစပ်သည်ဟု ခံယူထားကြသည်။

အိန္ဒိယနှင့် ကက်ရှ်မီးယား

အိန္ဒိယနိုင်ငံ၏ ဟိန္ဒူအမျိုးသားရေးဝါဒီ အစိုးရအဖွဲ့သည် နိုင်ငံအစွန်အဖျားဒေသများကို ထိရောက်စွာ အုပ်ချုပ်နိုင်ရေး ကြိုးပမ်းသည့်အနေဖြင့် ကက်ရ်ှမီးယားဒေသကို ဆယ်စုနှစ်များချီလျက် ပေးအပ်ထားသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပြန်လည်ရုပ်သိမ်းကြောင်း ၂၀၁၉ ခုနှစ် သြဂုတ် ၆ ရက်တွင် ကြေညာခဲ့သည်။ ယင်းလုပ်ရပ်ကြောင့် မွတ်စလင်အများစု နေထိုင်သည့် ကက်ရ်ှမီးယားဒေသ၌ လူမှုရေး၊ နိုင်ငံရေးအရ မတည်မငြိမ် ဖြစ်လာမည်ကို စိုးရိမ်မှုများ ထွက် ပေါ်လာခဲ့သည်။

အိန္ဒိယအစိုးရသည် ကက်ရ်ှမီး ယားဒေသတွင် လုံခြုံရေးအထူး တင်းကျပ်လိုက်ပြီး နာရီပိုင်းအကြာ မှာပင် ဖွဲ့စည်းအုပ်ချုပ်ပုံပါ ပြဌာန်းချက်အမှတ် ၃၇၀ ကို ပယ်ဖျက်သည့် အမိန့်ကို သမ္မတက လက်မှတ်ရေး ထိုးခဲ့ခြင်းဖြစ်သည်။

ယင်းပြဌာန်းချက်မှာ ကက်ရ်ှမီးယားဒေသ၌ နိုင်ငံခြားရေး၊ ကာကွယ်ရေးနှင့် ဆက်သွယ်ရေး ကိစ္စ များမှလွဲ၍ကိုယ်ပိုင်ဥပဒေများ၊ ပြဌာန်းအုပ်ချုပ်ခွင့် ပေးထားခြင်း ဖြစ်သည်။ ထို့အပြင် ကက်ရ်ှမီးယားဒေ သတွင် နေထိုင်သူမဟုတ်ပါက မြေယာဝယ်ယူခွင့်မရှိသည့် ကန့်သတ်ချက်ကိုလည်း အိန္ဒိယအစိုးရက ရုပ် သိမ်းလိုက်သည့်အတွက် ပြည်နယ် ပြင်ပမှ အိန္ဒိယနိုင်ငံသားများလည်း ယင်းဒေသတွင် အခြေချနေထိုင်ခွင့် ရမည်ဖြစ်သကဲ့သို့ အစိုးရတာဝန် များကိုလည်း ထမ်းဆောင်နိုင်တော့ မည်ဖြစ်သည်။

ပါကစ္စတန်ဝန်ကြီးချုပ်က ‘‘ဒါဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ပြဌာန်းချက်ကို ချိုးဖောက်လိုက်တဲ့ လုပ်ရပ်ဖြစ်တယ်’’ဟု အိန္ဒိယကို ဝေ ဖန်ခဲ့သည်။

ကက်ရ်ှမီးယားဒေသကို အိန္ဒိယနှင့် ပါကစ္စတန်တို့ တဝက်စီ ခွဲလျက် အုပ်ချုပ်နေသော်လည်း ဒေ သအားလုံးကို ၎င်းတို့ ပိုင်သည်ဟု နှစ်ဘက်စလုံးက အခိုင်အမာ ပြောဆိုထားသည်။ အိန္ဒိယနှင့် ပါကစ္စ တန်နိုင်ငံတို့အကြား သုံးကြိမ် စစ်ဖြစ်ခဲ့ရာတွင် နှစ်ကြိမ်မှာ ကက်ရ်ှမီးယားကြောင့် ဖြစ်ပြီး ယခုအချိန်ထိ လည်း ယင်းဒေသကြောင့် ဆက်ဆံရေး တင်းမာနေဆဲဖြစ်သည်။

၎င်းအပြင် အိန္ဒိယနိုင်ငံသည် ၂၀၁၉ ခုနှစ် စက်တင်ဘာ ၁  ရက်တွင် ထုတ်ပြန်ခဲ့သည့် နိုင်ငံသား  မှတ်ပုံတင်စာရင်းသစ်တွင် အာသံ ပြည်နယ်မှ  လူပေါင်း ၁ ဒသမ ၉  သန်းကို နိုင်ငံသားဖြစ်ခွင့် စာရင်းမှ ထုတ်ပယ်ခဲ့သည်။ ယင်းပြည်နယ်၌ လူဦးရေ သုံးသန်းသာ ရှိသည်။ ယင်း ကဲ့သို့ စာရင်းသစ်ပြုလုပ်ရခြင်းသည် အာသံ၌ နေထိုင်နေကြသည့် မှတ်တမ်းမှတ်ရာမရှိသည့် ဘင်္ဂလားဒေ့ရှ် မှ ရွှေ့ပြောင်းလာသူများကို ဖော်ထုတ်ပြီး နိုင်ငံမှ နှင်ထုတ်ရန်ဖြစ်သည်။

၂၀၁၅ခုနှစ်မှစ၍ အာသံ၌ နေထိုင်သူများအနေဖြင့် ၁၉၇၁  ခုနှစ်  မတ်လ၂၄ ရက် ဘင်္ဂလားဒေ့ရှ် လွတ် မြောက်ရေးစစ်ပွဲမဖြစ်မီ အာသံ ပြည်နယ်တွင် နေထိုင်ကြောင်း   သက်သေပြရမည်ဖြစ်ပြီး သက်သေ ပြနိုင်သူများကိုသာ အိန္ဒိယနိုင်ငံသားအဖြစ် စဉ်းစားပေးမည်ဖြစ် သည်။

အိန္ဒိယကက်ဘိနက်ကလည်း အချို့သော ဘာသာရေးလူနည်း စုများကို နိုင်ငံသားဖြစ်ခွင့်ပေးသော်လည်း မွတ်စလင်များ မပါသည့် နိုင်ငံသားဥပဒေကြမ်းတစ်ရပ်ကို  ဒီဇင်ဘာ ၄ ရက်တွင် လက်မှတ်ရေး ထိုးအတည်ပြုပေးလိုက်ပြန်သည်။ယင်းသည် လူဦးရေ သန်း ၂၀၀ ခန့်ရှိသည့် အစ္စလာမ် အသိုင်းအဝိုင်းကို ဘေးဖယ်ထားရန် ကြိုးပမ်းမှုအသစ် တစ်ရပ်ဖြစ် သည်ဟု ဝေဖန်သူတို့က ဆိုသည်။

မေလ ရွေးကောက်ပွဲတွင် အပြတ်အသတ် ထပ်မံအနိုင်ရရှိခဲ့သော  ဝန်ကြီးချုပ် နရင်ဒရာမိုဒီ၏ BJP ပါတီသည် အိန္ဒိယလူများစု ဟိန္ဒူတို့၏ ဘာသာရေးဂိုဏ်းဂဏ စွဲကို တရားဝင် အားပေးသည့် Hindutva အာဂျင်ဒါနောက်သို့ လိုက်နေသည်ဟု စွပ်စွဲခံနေရသည်မှာ ကာလကြာခဲ့ပြီဖြစ်သည်။

ဆယ်စုနှစ်ခြောက်ခု ကြာပြီဖြစ်သည့် အိန္ဒိယနိုင်ငံသားဖြစ်ခွင့် အက်ဥပဒေ ပြင်ဆင်ချက်များကို မိုဒီ၏ ကက်ဘိနက်အဖွဲ့က ဒီဇင်ဘာ ၄ ရက်တွင် အတည်ပြုပေးလိုက်ပြီးနောက် အောက်လွှတ်တော်သို့ အစောဆုံးအဖြစ် ယခုသီ တင်းပတ်အတွင်း တင်သွင်းမည် ဖြစ်သည်။

ယင်းဥပဒေကြမ်းအရ မွတ်စလင်အများစုနေထိုင်သော ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်နှင့် အာဖဂန် နစ္စတန်နိုင်ငံတို့မှ နှိပ်ကွပ်ခံရသောကြောင့် ထွက်ပြေးလာသည့် ဟိန္ဒူ၊ ဗုဒ္ဓ၊ ဆစ်၊ ခရစ်ယာန်၊ ဂျိန်းနှင့် ပါဆစ် ဘာသာဝင်များအား အထောက်အထားစာရွက် စာတမ်းများ မရှိလျှင်ပင် နိုင်ငံသားဖြစ်ခွင့်ကို အာမခံပေးမည်ဖြစ်သည်။

မွတ်စလင်များကို ထည့်သွင်းထားခြင်းမပြုသည်မှာ ၎င်းတို့ အနေဖြင့် ကမ္ဘာတစ်လွှားရှိ  အစ္စ လာမ်နိုင်ငံများ၌ ခိုလှုံခွင့်ရနိုင်သောကြောင့်ဖြစ်ကြောင်း မိုဒီ၏ ပါတီက ပြောကြားခဲ့သည်။

အကြီးတန်းဝန်ကြီး ပရာကက်ရှ်ဂျာဗာဒီကာက ယခုဥပဒေ သည် သဘာဝအရ တရားမျှတမှု သဘောတရားစည်းမျဉ်းများကို လိုက်နာထားပြီး မည်သူတစ်ဦး တစ်ယောက်ကိုမျှ ဆန့်ကျင်ထားခြင်း မရှိဟု သတင်းထောက်များ အား ပြောကြားခဲ့သည်။

မိုဒီ၏အစိုးရအဖွဲ့သည် ၎င်း၏ ပထမသက်တမ်းကတည်းက အလားတူဥပဒေကြမ်းတစ်ရပ်ကို အတည်ပြုနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း အထက်လွှတ်တော်၌ လုံလောက်သော ထောက်ခံမှု မရရှိခဲ့သော ကြောင့် ယခုအကြိမ်၌လည်း အောင်မြင်မည် မအောင်မြင်မည် ဟူသည်ကား မသေချာဟု ဆိုကြသည်။

မွတ်စလင်များအကြား မကျေနပ်ချက်များ ဖြစ်ပေါ်အောင် နှိုးဆွမှုအပြင် အဆိုပြုထားသည့် အ ပြောင်းအလဲများက အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း၌လည်း ဒေါသများဖြစ်ပေါ်အောင် လှုံ့ဆော်မှုပေး ခဲ့သည်။ အိန္ဒိယ နိုင်ငံအရှေ့မြောက်ပိုင်းသို့ ဟိန္ဒူများအပါအဝင် ဘာ သာပေါင်းစုံမှ လူများ ဆယ်စုနှစ်

အတန်ကြာအတွင်း ဝင်လာမစဲ တသဲသဲဖြစ်ခဲ့သည်ဟု ရှုမြင်ထားကြသောကြောင့်ဖြစ်သည်။

မိုဒီ၏ညာလက်ရုံးဖြစ်သည့် ပြည်ထဲရေးဝန်ကြီး အမစ်ရှားက ၎င်းတို့၏ စိုးရိမ်မှုများနှင့်ပတ်သက်၍ ယင်းဒေသမှ ကိုယ်စားလှယ်များနှင့် ဒီဇင်ဘာ ၆ ရက်တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။

ရှားသည် ယင်းဥပဒေကြမ်းကို တွန်းအားပေးနေသူဖြစ်ပြီး ယင်းသည် မွတ်စလင် အများစုနေထိုင် ရာ အိမ်နီးချင်း နိုင်ငံများ၌ နှိပ်ကွပ် မှုခံရသော ဘာသာရေးအုပ်စုဝင်များ၏ အသက်ကို ကယ်တင်ပေး နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

နိဂုံး

အချုပ်အားဖြင့်ဆိုရသော် ဂမ်ဘီယာ၏ တရားစွဲဆိုခြင်းသည် OIC အဖွဲ့ဝင် ၅၇ နိုင်ငံကိုယ်စား တရား စွဲဆိုခြင်းဖြစ်သည်။ ထို့ကြောင့် ဂမ်ဘီယာ၏နောက်တွင် OIC ရှိနေပြီး  အစ္စလာမ္မစ်နိုင်ငံများက ဗုဒ္ဓဘာသာ အများစုနေထိုင်သည့် မြန်မာနိုင်ငံအပေါ် ဖိအားပေးတရားစွဲဆိုခြင်း ပင်ဖြစ်သည်။

OIC နှင့်အတူ အနောက်အုပ်စုများက လူမျိုးတုံးသတ်ဖြတ်ခြင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်ခြင်း ဟူသော ခေါင်းစဉ်အောက်မှနေ၍ မြန်မာနိုင်ငံအား လိုသလိုပုံဖော် ဖိအားပေးခြင်းပင်ဖြစ်သည်။

ဥပဒေပညာရှင်များ၊ ကျွမ်းကျင်သူများ၏ သုံးသပ်ချက်အရ ICJ မှတစ်ဆင့် မြန်မာနိုင်ငံအပေါ် တရားစွဲဆိုခြင်းမှာ ချက်ခြင်းလက်ငင်း အရေးယူနိုင်ရန် ခဲယဉ်းပြီး ဥပဒေကြောင်းအရ စနစ်တကျ အချိန်ယူဖြေရှင်းရန်သာ လိုအပ်မည်ဖြစ်သည်။ ထိုသို့ ဥပဒေကြောင်းအရ ရင်ဆိုင်နေစဉ်အတွင်း မြန်မာ နိုင်ငံအနေဖြင့် မဖြစ်မနေ လုပ်ဆောင်ရန် လိုအပ်သည်မှာ ဘင်္ဂလားဒေ့ရှ်ရောက် ဘင်္ဂါလီများကိစ္စပင် ဖြစ်သည်။ ၎င်းတို့အား သိက္ခာရှိစွာဖြင့် မြန်မာနိုင်ငံသို့ တည်ဆဲဥပဒေ စည်းမျဉ်းစည်းကမ်းများအတိုင်း ပြန် လာနိုင်ရန် ပွင့်လင်းမြင်သာစွာ လုပ်ဆောင်ပေးရန် လိုအပ်မည်ဖြစ်သည်။ ၎င်းတို့အတွက် လုံလောက်သော အာမခံချက်များပေးရမည် ဖြစ်သည်။ ထို့အတွက် မြန်မာနိုင်ငံ၏ အိမ်နီးချင်း အင်အားကြီးနိုင်ငံများဖြစ်သော တရုတ်နှင့် အိန္ဒိယအပြင် အာဆီယံဒေသတွင်း နိုင်ငံများ၏ အကူအညီဖြင့် လုပ်ဆောင်ရန် လိုအပ်မည်ဖြစ်သည်။

ဘင်္ဂါလီအရေးကိစ္စနှင့် ပတ်သက်၍ ဖြေရှင်းရာတွင် နိုင်ငံ၏အချုပ်အခြာအာဏာကို မထိပါး စေသောနည်းဖြင့် အားလုံးပူးပေါင်း လုပ်ဆောင်သင့်သည်။ ဂမ်ဘီယာ၏ နောက်ကွယ်မှ OIC ၏ အန္တရာယ် ကို သတိပြုပြီး တရားစွဲဆိုခံထားရသည့်ကိစ္စ၌ အစိုးရ၊ တပ်မတော်နှင့် ပြည်သူတစ်ရပ်လုံးက အချုပ် အခြာအာဏာပိုင်နိုင်ငံအဖြစ် အမှန်တရားအပေါ် အခြေပြုဖြေရှင်း သွားမည်ဆိုပါက စိုးရိမ်စရာမရှိဘဲ ဖြေရှင်းနိုင်မည့် ကိစ္စရပ်တစ်ခုသာ ဖြစ်သည်။    

==============================================================================

ကမ္ဘာကုလသမဂ္ဂ ပဋိညာဉ်စာချုပ်နှင့် နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့အခြေစိုက် ICJ ဥပဒေပါ အချက်အလက်အချို့

ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်အရ အဖွဲ့ဝင်နိုင်ငံများသည် မိမိပါဝင်သည့် မည်သည့်အမှုမဆို ICJ ၏ဆုံးဖြတ်ချက်အား လိုက်နာဆောင်ရွက်ရန် တာဝန်ယူရသည်ဟု အခန်း ၁၄၊ အပိုဒ် ၉၄ ၌ အတည့်အလင်း ဖော်ပြထားသည်။ 

အခန်း ၁၄ ၌ အပြည်ပြည်ဆိုင်ရာ တရားရုံးအကြောင်း ဖော်ပြထားပြီး အပိုဒ် ၉၂ ၌ ယင်းတရားရုံးသည် ကုလသမဂ္ဂ၏ အဓိက တရားစီရင်ရေးအဖွဲ့ ဖြစ်ရမည်ဟု ဆိုထားသည်။

အပိုဒ် ၉၃ တွင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ အားလုံးသည် အဖွဲ့ဝင်အဖြစ် ပါဝင်သည့် အကြောင်းကြောင့်သာ အပြည်ပြည်ဆိုင်ရာ တရားရုံးဥပဒေနှင့် သက်ဆိုင်သည်ချည်း ဖြစ်သည်ဟုဆိုသည်။

အဖွဲ့ဝင်နိုင်ငံ မဟုတ်လျှင်ပင် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်နှင့် ကိစ္စတစ်ခုချင်းစီအလိုက် သတ်မှတ်ထားသည့် စည်းကမ်းချက်အရ ICJ ဥပဒေနှင့် အကျုံးဝင်သည့်နိုင်ငံ ဖြစ်လာနိုင်သည်ဟုလည်း ဆိုထားသည်။

အပိုဒ် ၉၄ အရ အမှုတစ်ခုခု၌ ပါဝင်နေသည့် အဖွဲ့ဝင် တစ်နိုင်ငံသည် တရားရုံး၏ စီရင်ချက်အရ မိမိပေါ် ကျရောက်သည့် တာဝန်ကို ပျက်ကွက်လျှင် တစ်ဖက်အမှုသည် နိုင်ငံက လုံခြုံရေးကောင်စီ၏ အကူအညီကို ရယူနိုင်သည်။ လိုအပ်သည်ဟု လုံခြုံရေးကောင်စီက ထင်မြင်လျှင် စီရင်ချက်အတိုင်း အတည်ဖြစ်အောင် မည်သို့မည်ပုံ ဆောင်ရွက်မည် ဆိုသည်ကို ဆုံးဖြတ်နိုင် သည်။

ကုလသမဂ္ဂ ပဋိညာဉ်စာချုပ် အပိုဒ် ၉၆ အပိုဒ်ခွဲ ၁ ၌ အထွေထွေညီလာခံ သို့မဟုတ် လုံခြုံရေးကောင်စီသည် တရားဥပဒေနှင့် ဆိုင်သော မည်သည့်ကိစ္စမဆို အပြည်ပြည်ဆိုင်ရာ တရားရုံးနှင့် တိုင်ပင်ရုံမက ထင်မြင်ချက် တောင်းနိုင်သည်ဟု ဖော်ပြထားသည်။

အပြည်ပြည်ဆိုင်ရာ တရားရုံး ဥပဒေအခန်း၂ ၌ တရားရုံး၏ စီရင်ပိုင်ခွင့်ကို ဖော်ပြထားသည်။

အပိုဒ်မှာ ၁ ၌ ICJ ရှေ့မှောက် ရောက်ရှိလာသည့် အမှုများ၌ အမှုသည်များသည် နိုင်ငံများသာ ဖြစ်ရမည်ဟု သတ်မှတ်ထားသည်။ ICJ သည် ၎င်း၏ဥပဒေနှင့်အညီ အမှုနှင့် သက်ဆိုင်သည့် အကြောင်းအရာများကို အများနှင့် ဆိုင်သည့် နိုင်ငံတကာ အဖွဲ့အစည်းများက တောင်းနိုင်သည့်အပြင် ယင်းအကြောင်းအရာများကို အဖွဲ့အစည်းများက အလိုအလျောက် တင်သွင်းလျှင်လည်း လက်ခံရမည်ဟု ပါရှိသည်။

အခန်း-၃ သည် ကျင့်ထုံးဖြစ်ပြီး အပိုဒ် ၅၀ ၌ တရားရုံးက ရွေးချယ်သည့် မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့၊ မည်သည့်ဌာန၊ မည်သည့်ကော်မရှင်၊ သို့မဟုတ် အခြားမည်သည့် အဖွဲ့အစည်းကိုမဆို စုံစမ်းစစ်ဆေးရေးကိစ္စ ဆောင်ရွက်ရန်ဖြစ်စေ၊ အထူးထင်မြင်ချက် ပေးရန်ဖြစ်စေ အချိန်မရွေး တာဝန်အပ်နှင်းနိုင်သည်ဟု ဖော်ပြထားသည်။

ICC နှင့် ICJ ခြားနားမှု

နိုင်ငံအချင်းချင်း တရားစွဲဆိုသည့် အမှုများကိုသာ ICJ က လက်ခံကြားနာ စစ်ဆေးသည်။ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း အနေဖြင့် နိုင်ငံတစ်နိုင်ငံအား တရားစွဲ၍ မရနိုင်ပေ။

ထို့ကြောင့် OIC အနေဖြင့် တရားစွဲခြင်း မဟုတ်ဘဲ ဂမ်ဘီယာနိုင်ငံက တရားစွဲခြင်းဖြစ်သည်။

ICJ က လုပ်ဆောင်သည့် အဓိက တာဝန်များမှာ တစ်နိုင်ငံနှင့် တစ်နိုင်ငံအကြား အချင်းများမှုကို ဖြေရှင်းပေးရေးနှင့် တရားရေးဆိုင်ရာ အကြံဉာဏ်များ တောင်းခံလာလျှင် နိုင်ငံတကာ ဥပဒေအပေါ် အခြေခံ၍ အကြံပြုရေး ဖြစ်သည်။

ICC မှာမူ ကျူးလွန်သူဟု သံသယရှိသည့် လူပုဂ္ဂိုလ် တစ်ဦးချင်းစီအပေါ် စုံစမ်းအရေးယူသည့် ရုံးတော်ဖြစ်သည်။

လူမျိုးတုံး သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူသားဆန်မှုကို ချိုးဖောက်သည့် ရာဇဝတ်မှု အစရှိသည်တို့နှင့် ပတ်သက်၍ ICC က ကိုင်တွယ်ခြင်းဖြစ်ပြီး တရားခံအဖြစ် မည်သူမည်ဝါ၌ တာဝန်ရှိသည်ဟူ၍ လူတစ်ဦးချင်းကို အမှုဖွင့် အရေးယူသည်။

ICC က ဆုံးဖြတ်သည့် အခါ၌လည်း ထိုသူ၌ အပြစ်မရှိဘူး၊ သို့မဟုတ် အပြစ်ရှိသည်၊ မည်သို့သော ပြစ်ဒဏ်မျိုး ကျခံရမည်ဟူ၍ အတိအကျ ဆုံးဖြတ်သည်။

ICJ ၌မူ နိုင်ငံကို တရားစွဲခြင်းဖြစ်၍ စွဲချက်များအတိုင်း နိုင်ငံတကာ ပဋိညာဉ်ကို ဖောက်ဖျက်ကြောင်း ဆုံးဖြတ်ခဲ့လျှင်ပင် လူပုဂ္ဂိုလ် တစ်ဦးဦးကို အရေးယူရန် ခက်ခဲသည်။

OIC

ကမ္ဘာ့နိုင်ငံကြီးများဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများအနက် ကုလသမဂ္ဂပြီးလျှင် OIC သည် ဒုတိယအကြီးဆုံး အဖွဲ့အစည်း တစ်ခုဖြစ်ပြီး တိုက်ကြီးလေးတိုက်မှ အဖွဲ့ဝင် နိုင်ငံပေါင်း (၅၇) နိုင်ငံဖြင့် ဖွဲ့စည်းထားကာ ယင်း၏သက်တမ်းသည် နှစ်ပေါင်း ၄၀ ကြာမြင့်နေပြီ ဖြစ်သည်။

ကမ္ဘာ့နေရာ အနှံ့အပြားရှိ မွတ်စလင်များ ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းပေးရန် OIC ကို ဖွဲ့စည်းထားခြင်းဖြစ်သည်။

OIC အဖွဲ့၏ ဆုံးဖြတ်ချက်များကို နိုင်ငံခြားရေးရာ ဝန်ကြီးများဖြင့် ဖွဲ့စည်းထားသည့် ကောင်စီက ဆုံးဖြတ်ချက်ချခြင်းဖြစ်ပြီး ယင်းကောင်စီ၏ အဖွဲ့ဝင်များသည် တစ်နှစ်တစ်ခါ ပုံမှန်တွေ့ဆုံကြပြီး အရေးကြီးသော လုပ်ဆောင်ချက်များ လုပ်ဆောင်ရန် အတွက်မူ သုံးနှစ်တစ်ကြိမ် တွေ့ဆုံသည်။

OIC အဖွဲ့ သုံးစွဲရန်အတွက် ငွေကြေးများကို အဖွဲ့ဝင်နိုင်ငံများက ထည့်ဝင်ကြပြီး သီးခြားအလှူငွေများကိုလည်း လက်ခံကာ ငွေကြေးထည့်ဝင်သည့် အဖွဲ့ဝင်နိုင်ငံများအနက် ဆော်ဒီနှင့်အီရန်က အလှူငွေ အများဆုံး ထည့်ဝင်ခြင်းဖြင့် OIC တွင် သြဇာလွှမ်းမိုးထားသည်။

အမေရိကန်၌ ၉/၁၁ တိုက်ခိုက်မှုအပြီးတွင် OIC အဖွဲ့က ၎င်းတို့၏ မစ်ရှင်ကို ပြန်လည်သုံးသပ်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ မွတ်စလင် အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ကာ ၂၀၁၅ ခုနှစ်တွင် ၎င်းတို့ဆောင်ရွက်မည့် ဆယ်နှစ်ကြာ မဟာဗျူဟာ စီမံကိန်းတစ်ခု ချမှတ်ခဲ့သည်။

ICJ

၁၉၄၅ ခုနှစ်တွင် ပေါ်ပေါက်လာခဲ့သော ကုလသမဂ္ဂပဋိညာဉ် စာတမ်းအရ ကုလသမဂ္ဂ တရားရုံး တစ်ရုံးဖြစ်သော International Court of Justic (ICJ) ကို တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ၁၉၄၆ ခုနှစ်တွင် စတင်အသက်ဝင်ခဲ့ကာ ၎င်း၏တာဝန်မှာ တစ်နိုင်ငံနှင့် တစ်နိုင်ငံ တရားစွဲဆိုရာတွင် နိုင်ငံတကာ ဥပဒေများနှင့်အညီ တရားမျှတမှုရရှိရန် ဆောင်ရွက်ပေးခြင်းဖြစ်သည်။

International Court of Justic (ICJ) တွင် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ အပါအဝင် နိုင်ငံတကာ ဥပဒေပညာရှင် တရားသူကြီး ၁၅ ဦး ခန့်အပ် တာဝန်ပေးထားပြီး ၎င်းတို့ကို ကုလသမဂ္ဂ အထွေထွေ ညီလာခံနှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက (၉) နှစ်တစ်ကြိမ် ရွေးချယ်ခန့်အပ်ခြင်း ဖြစ်သည်။

ICJ တွင် သွားရောက်ဖြေရှင်းမည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ဥပဒေပညာရှင် အငြိမ်းစား ပါမောက္ခ ဒေါက်တာမြင့်ဇံနှင့် ဘီဘီစီမြန်မာပိုင်း အစီအစဉ်တို့၏ သီးသန့် တွေ့ ဆုံမေးမြန်းခန်းပါ အချက်တချို့ကို ကောက်နုတ်ဖော်ပြခြင်း

ယခုလျှောက်လဲမှုသည် မြန်မာအစိုးရအနေဖြင့် ဂျီနိုဆိုက်ကွန်ဗင်းရှင်းပါ  တာဝန်များကို ပျက်ကွက်သည်ဆိုခြင်းအား  ဆုံးဖြတ်ရန် လျှောက်ထားခြင်း မဟုတ်သေးဘဲ မြန်မာနိုင်ငံအနေဖြင့် လတ်တလောတွင် ဂျီနိုဆိုက်များကို ရပ်ပစ်ရန်၊ ဂျီနိုဆိုက်နှင့်ပတ်သက်သည့် သက်သေများကို မဖျက်ဆီးရန်နှင့် မြန်မာနှင့်ဂမ်ဘီယာသည် ယခုပြဿနာအား ပိုမိုကြီးထွားလာအောင် မလုပ်ဘဲ အေးချမ်းစွာ ဖြေရှင်းရန်ဆိုသည့် အမိန့်ကို ထုတ်ပြန်ပေးရန် လျှောက်ထားခြင်းသာဖြစ်ကြောင်း ဒေါက် တာမြင့်ဇံက ဘီဘီစီနှင့် တွေ့ဆုံစဉ် ပြော ကြားသည်။  

ထိုသို့ လျှောက်ထားချက်အပေါ် သာမန်အားဖြင့် တရားသူကြီးအများစု ၏ မဲခွဲဆုံးဖြတ်မှုနှင့်ပင် အတည်ပြုမည်ဖြစ်ပြီး တရားသူကြီး ၁၇ ဦး ရှိသည်ဆိုပါက အနည်းဆုံး တရားသူကြီးကိုးဦးက ဂမ်ဘီယာ၏ တောင်းဆိုချက်ကိုဖြစ်စေ၊ မြန်မာ၏ တုံ့ပြန်ချက်ကိုဖြစ်စေ ထောက်ခံနိုင်သည်ဟု ၎င်းက ဆိုသည်။

မြန်မာနှင့်တကွ ICJ တွင် တရားစွဲခံရသော နိုင်ငံများအနေဖြင့် ပြောလေ့ရှိသည်မှာ ICJ တွင် စီရင် ပိုင်ခွင့်မရှိဟူသော အချက်ကိုပင် မြန်မာက ပြန်လည်ချေပနိုင်ဖွယ်ရှိ ပြီး ဒုတိယအချက်အနေဖြင့် ဂမ်ဘီယာသည် မြန်မာကို ICJ တွင် အမှုဖွင့်ရန် ရပ်တည်ပိုင်ခွင့်၊ စွပ်စွဲပိုင်ခွင့်မရှိဟု မြန်မာဘက်က ပြောလာနိုင်ကြောင်း မြန်မာ၏ ဖြစ်နိုင်ဖွယ် ချေပနိုင်မှုများနှင့် ပတ်သက်၍ ၎င်းက ဆိုသည်။

ထို့ပြင် ဂမ်ဘီယာအပါအဝင် ကုလသမဂ္ဂအဖွဲ့အစည်းများက အကိုးအကားပြုထားသော သက်သေများသည် မြန်မာနိုင်ငံက အသိအမှတ်ပြုထားခြင်းမရှိသော အချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) ကဲ့သို့သော အဖွဲ့အစည်းများ၏ တင်ပြချက်များဖြစ်သဖြင့် ICJ နည်းဥပဒေများအရ သက်သေမရောက် ကြောင်း မြန်မာဘက်က ချေပနိုင်ဖွယ်ရှိသည်ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံက ပြန်လည် ချေပနိုင်သည့် နောက်ထပ်ဖြစ်နိုင်ခြေတစ်ခု မှာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ မကြာမီ အစီရင်ခံစာ ထုတ်ပြန်မည်ဖြစ်သည့်အတွက် ဂမ်ဘီယာ ၏ လျှောက်ထားချက်များကို လုပ်ဆောင်ရန် မလိုအပ်ဟု ချေပနိုင်ကြောင်း ဒေါက်တာမြင့်ဇံက ဆိုသည်။ 

မကြာမီ ICJ တွင် ဆောင်ရွက်မည့် အခင်းအကျင်းသည် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နှင့် ပတ်သက်၍ မြန်မာအစိုးရ၏ တာဝန်ရှိမှု၊ မရှိမှုကို ဆုံးဖြတ်ခြင်း မဟုတ်ဘဲ အစိုးရ ၏ လတ်တလော စီမံဆောင်ရွက် ထားရှိမှုများ ကို ထုတ်ပြန်ပေးရန် တောင်းဆိုမည့် အကြောင်းပင်ဖြစ်ကာ အစိုးရ၏ ဆောင် ရွက်ထားရှိမှု များ ရှင်းပြချက်ကို လက်မခံပါက ယင်းအမှုတွင် မြန်မာနိုင်မည်ဟု ဒေါက်တာမြင့်ဇံက ပြောကြားသည်။

အကယ်၍ မြန်မာနိုင်ငံ၏ ချေပချက်ကို လက်ခံဘဲ အမှုကို ရှေ့ဆက်မည်ဆိုပါက ယင်းအမှုသည် အနည်းဆုံး သုံးနှစ်အထိ ကြာမြင့်မည်ဟု ဂမ်ဘီယာ ရှေ့နေတစ်ဦး၏ ပြောကြားချက်ကို ကိုးကားကာ ဒေါက်တာမြင့်ဇံက ပြောကြားသည်။

ဒေါက်တာမြင့်ဇံနှင့် ဘီဘီစီ သတင်းဌာနတို့၏ မေးမြန်းဖြေကြားချက်များအရ  လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နှင့်ပတ်သက်၍ နိုင်ငံတကာ အလယ်တွင် မြန်မာနိုင်ငံ ပုံရိပ်ကျဆင်းခြင်းမှအပ အခြားသော ကြီးကြီးမားမား စိုးရိမ်ဖွယ်ရာ အနေအထားမရှိသည်ကို တွေ့ရသည်။

Most Read

Most Recent