ထိုင်းနိုင်ငံအတွင်း အလုပ်ရုံစက်ရုံပိတ်သိမ်းမှု ရှိလာသော်လည်း MoU လုပ်သားအဖြစ် ထိုင်းနိုင်ငံသို့ ထွက်ခွာသူ ယခင်နှစ်ကထက် မြင့်တက်ကာ တစ်လထက်တစ်လ များပြားနေဆဲဖြစ်ကြောင်း သိရသည်။
မြဝတီနယ်စပ်မှတစ်ဆင့် အလုပ်ရုံစက်ရုံ များပြားပြီး လုပ်အားခပိုရသော ထိုင်းနိုင်ငံသို့ MoU လုပ်သားအဖြစ် ထွက်ခွာသူ ၁၁ လအတွင်း ၂၀၀၀၀၀ ကျော်ရှိပြီ ဖြစ်သော်လည်း စက်ရုံအလုပ်ရုံ ပိတ်သိမ်းလာခြင်းကြောင့် အလုပ်လက်မဲ့ဖြစ်ကာ နေရပ်သို့ ပြန်လည် ရောက်ရှိလာသူများ ရှိကြောင်း သိရသည်။
အိမ်နီးချင်းထိုင်းနိုင်ငံသို့ ထွက်ခွာလုပ်ကိုင်သူ များပြားနေရခြင်းမှာ ပြည်တွင်း၌ အခြေခံ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးခြင်း လုပ်ခလစာ နည်းပါးခြင်းတို့ကြောင့် ဖြစ်သည်ဟု MoU လုပ်သားအဖြစ် သွားရောက်လုပ်ကိုင်ကြသည့် မြန်မာလုပ်သားများထံမှ သိရသည်။
ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်သူ တစ်လထက် တစ်လ တစ်နှစ်ထက် တစ်နှစ် ပိုမိုများပြားလာပြီး ၂၀၁၈ ခုနှစ်အတွင်းက MoU စနစ်ဖြင့် ထွက်ခွာခဲ့သူ မြန်မာအလုပ်သမား ဦးရေမှာ တစ်သိန်းခွဲခန့်သာ ရှိခဲ့သော်လည်း ယခု ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလကုန်ထိ ၁၁ လအတွင်း အမျိုးသား အမျိုးသမီး ၂၀၀၀၀ ကျော် ထွက်ခွာသွားပြီဖြစ်ကြောင်း အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
ယခုနှစ် MoU လုပ်သားအဖြစ် ဇန်နဝါရီလတွင် အမျိုးသားအမျိုးသမီး ၁၇၄၉၉ ဦး၊ ဖေဖော်ဝါရီလတွင် ၁၇၇၄၈ ဦး၊ မတ်လတွင် ၁၆၅၉၃ ဦး၊ ဧပြီလတွင် ၁၅၄၁၁ ဦး၊ မေလတွင် ၂၀၉၅၀ ဦး၊ ဇွန်လတွင် ၁၉၁၃၉ ဦး၊ ဇူလိုင်လတွင် ၂၂၀၄၈ ဦး၊ သြဂုတ်လတွင် ၂၄၅၀၇ ဦး၊ စက်တင်ဘာလတွင် ၂၄၅၄၄ ဦး၊ အောက်တိုဘာလတွင် ၁၈၀၀၀ နှင့် နိုဝင်ဘာလတွင် အမျိုးသား အမျိုးသမီး ၂၁၂၀၇ ဦး ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသားများ ပြည်ပနိုင်ငံသို့ အလုပ်သွားလုပ်တဲ့ နိုင်ငံများတွင် ထိုင်းနိုင်ငံသို့ အများဆုံး သွားရောက်နေကြပြီး မဲဆောက် အပါအဝင် တာ့ချ်ခရိုင် ကိုးမြို့နယ်အတွင်း မြန်မာလုပ်သား လေးသိန်းခန့် ဝင်ရောက်လုပ်ကိုင်လျက် ရှိသလို ထိုင်းနိုင်ငံ တစ်ဝန်းလုံးတွင် လေးသန်းကျော်ခန့် သွားရောက် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံဘက်သို့ မြဝတီနယ်စပ်ဂိတ်ကနေ တစ်နေ့ ပျမ်းမျှလူဦးရေ ၈၀၀ နှင့် ၁၀၀၀ ကြား MoU လုပ်သားအဖြစ် ထိုင်းနိုင်ငံသို့ တရားဝင် ပို့ဆောင်ခဲ့သော်လည်း အချို့သော အေဂျင်စီများမှာ စာချုပ်ပါအတိုင်း အလုပ်နေရာသို့ မပို့ဆောင်ဘဲ လူစုခွဲ ပို့ဆောင်ခြင်း၊ လုပ်သားများ အလုပ်လုပ်ကိုင်ရခြင်း မရှိဘဲ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သူ အများအပြားရှိကြောင်း သိရသည်။















