တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ဒေသရှိ ရှေးဟောင်းမြို့တစ်ခုဖြစ်သော ထားဝယ်-မြိတ် ကားလမ်းမပေါ်မှ ရှင်မုတ္ထီးမြို့ ဟောင်း၏မြို့ရိုးအချို့ ဖြိုဖျက်ခံရမှုများဖြစ်ပွားနေသဖြင့် အစိုးရအနေဖြင့် အချိန်မီထိန်း သိမ်းပေးရန် လိုအပ်နေကြောင်း သိရသည်။
ထားဝယ်မြို့၏တောင်ဘက် ငါးမိုင်ခန့် အကွာတွင်ရှိသော ရှင်မုတ္ထီးကျေးရွာ(မုတ္တသုခ နဂရမြို့ဟောင်း) ရှိ မြို့ရိုးနှင့် ကျုံးများတည်ရှိ ရာနေရာ၌ ယခုနှစ်ပိုင်းအတွင်း ဒေသခံအချို့ အိမ်ရာမြေကွက်ဖော်ခြင်းနှင့် ဘောလုံးကွင်း နေရာချဲ့ခြင်း၊ သဲကျောက်လုပ်ငန်းမြေနေရာ အတွက်ဖြိုချရှင်းလင်းခြင်းတို့ကြောင့် မြို့ရိုး အချို့ ဖြိုချဖျက်ဆီးခံခဲ့ရကြောင်း၊ ပြီးခဲ့သည့် ဒီဇင်ဘာလအစောပိုင်းက ဖြိုချခံရသော မြို့ရိုးနေရာများကို သွားရောက်စစ်ဆေးရာ၌ ယခင်က မြေသာမြို့ရိုးအဖြစ် သတ်မှတ်ထား သော ရှင်မုတ္ထီးမြို့ဟောင်း မြို့ရိုးများ၏အောက်ခြေတွင် ရှေးဟောင်းအုပ်ချပ်ကြီး များ ပေါ်ထွက်လာပြီး မြေသားမြို့ရိုးမဟုတ်ဘဲ အုတ်မြို့ရိုးအဖြစ် ထပ်မံတွေ့ရှိလာရသော ကြောင့် ၎င်းမြို့ရိုးအား ထပ်မံဖြိုဖျက်ခံရခြင်း မရှိစေရေးအတွက် ထိန်းသိမ်းရေးနယ်မြေအဖြစ်သတ်မှတ်ပေးရန် လိုအပ်နေကြောင်း သိရသည်။
“၂၀၁၅ တုန်းက တားမြစ်ထားတာရှိတယ်။ ရှင်မုတ္ထီးရွာအရှေ့ဘက် လှည်းဂျော တော (ဂျောစေတီ) ကို ဝင်တဲ့လမ်းနံဘေး ရှင်မုတ္ထီးရဲ ့တောင်ဘက်မြို့ရိုးမှာ အိမ်ရာကွက်ဖော်လို ့ တားမြစ်ထားတယ်။ အခုတော့အဲနေ ရာမှာ အိမ်တွေဆောက်ထားတဲ့အပြင် အိမ်တွေအနောက်မှာ မြို့ရိုးရှိတော့ အိမ်ဘက်ကို ရေတွေမဆင်းအောင် ဘက်ဟိုးနဲ့ ခြောက်ပေလောက်နက်တဲ့ ရေမြောင်းတွေ တောက် လျှောက်တူးလိုက်တယ်။ တူးလိုက်တော့ အုတ်မြို့ရိုးက တောက်လျှောက်တစ်တန်းလုံး ပေါ်လာတယ်။၂၀၁၆ သြဂုတ် ၈ ရက်မှာ ရှေး ဟောင်းသုတေသနနဲ ့အမျိုးသားပြတိုက်ဦးစီး ဌာနကိုလိပ်မူပြီးတော့ ရှင်မုတ္ထီးမြို့ဟောင်းယဉ်ကျေးမှုအမွေအနှစ်ဖြစ်သည့် မြို့ဟောင်း ကျုံးအားဖျက်ဆီး၍ ဘောလုံးကွင်းပြုလုပ်ခြင်း ကိုပြန်လည်ပြုပြင်ပေးနိုင်ပါရန်လို့ စာတစ် စောင်ပို့ဖူးတယ်။ ဒါပေမဲ့ ဘာမှ မထူးလာ ဘူး။၂၀၁၆ ဇူလိုင် ၂၅ တုန်းကလည်းဝန်ကြီး ချုပ်ကို လိပ်မူပြီး အဲဒီဘောလုံးကွင်းကိစ္စနဲ ့ ပတ်သက်လို့စာပို့ခဲ့တယ်။ ဒါပေမဲ့ဘာမှ မဖြစ် လာဘူး။အခုဘောလုံးကွင်းက ဘယ်မှာလုပ် လဲဆိုရင် ပသျှူးကြောက်ဘုရားရှေ့က ဘော လုံးကွင်းကို ချဲ့ဖို့ဆိုပြီး ဘေးက မြို့ရိုးကို ဖြိုချ လိုက်တာ။ မြို့ရိုးကို ဖြိုချလိုက်တာကို သိတာ နဲ့ သက်ဆိုင်တဲ့တာဝန်ခံဝန်ကြီး ဦးဟိုပင် (တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့လူမှုရေးဝန်ကြီး) ကို ချက်ချင်းဓာတ်ပုံတွေနဲ ့ဆက်သွယ်ပြီးပြောတယ်။၂ ရက်လောက်အကြာ မှာ ပြန်သွားကြည့်တော့ ဘက်ဟိုးတွေရော ဘာမှမရှိတော့ဘူး။ ညတွင်းချင်းအပြီးလုပ်လိုက်တာ။ ဒီဇင်ဘာ ၃ ရက်က အဲဒီနေရာကို သွားကြည့်တော့ အောက်မှာ အုတ်မြို့ရိုးကြီး တောက်လျှောက်ရှိနေတာတွေ့ရတယ်။ မြေ မြို့ရိုးကိုဖြိုချလိုက်တော့ အုတ်မြို့ရိုးပေါ်လာတာ။ အရင်က ဒီမြို့ရိုးကိစ္စဝန်ကြီးဆီအကြိမ် ကြိမ်တင်ပြခဲ့ဖူးပေမယ့် ဝန်ကြီးက တာဝန်ခံကိုလွှဲ၊ တာဝန်ခံက ဝန်ကြီးကို လွှဲနဲ ့ဖြစ်နေ တယ်။ အခု ရှင်မုတ္ထီးမြို့ရိုးတစ်ပတ်လုံးကို ပတ်ကြည့်လိုက်တော့ အုတ်မြို့ရိုး လက်စတွေ တွေ့ရတယ်။ ဒါကြောင့် မြို့ရိုးတွေ ထပ်ပြီး ဖျက်ဆီးမခံရအောင် တိုင်းအစိုးရက ရှေးဟောင်း ကာကွယ်ထိန်းသိမ်းရေးဇုန်အနေနဲ့ သတ်မှတ်ပေးပြီး ထိန်းသိမ်းပေးဖို့လို နေတာ”ဟု ထားဝယ်ဒေသခံရှေးဟောင်း သုတေသီ တစ်ဦးဖြစ်သူ ဦးအောင်မျိုးက ပြောကြားသည်။လက်ရှိရှင်မုတ္ထီးမြို့ဟောင်း၏မြို့ရိုးများကို ဖြိုချဖျက်ဆီးခံနေရသော်လည်း တာဝန်ရှိ သူများမှ အချိန်မီတားဆီးနိုင်ခြင်း မရှိသဖြင့် ထိုသို့လုပ်ဆောင်နေသူများမှာ ထားဝယ်လူ မျိုးများ၏အစဉ်အလာကြီးမားသည့်အမိုင်းအမွေအနှစ်များကို အကွက်ကျကျဖျက်ဆီးနေ သလားဟု မေးခွန်းထုတ်လိုကြောင်း၊ သက်ဆိုင်ရာရှေးဟောင်းသုတေသနဦးစီးဌာနတာ ဝန်ရှိသူများဘက်က ထိုသို့ဖျက်ဆီးနေသူများ မှာ ဒေသခံများသာဖြစ်သည်ဟုပြောဆိုမှုရှိသော်လည်း ရှေးဟောင်း အမွေအနှစ်များထိန်း သိမ်းရေးနှင့်ပတ်သက်၍ ဌာနမှဒေသခံအသိ ပညာပေးမှုမရှိသဖြင့် ဒေသခံများသိရှိခြင်းမရှိမှုများရှိနေသောကြောင့် အသိပညာပေး ရှင်းပြခြင်းကို သေချာစွာဆောင်ရွက်ရန်လိုအပ်နေကြောင်း ဦးအောင်မျိုးက ပြောကြား သည်။

ထို့ပြင် ထားဝယ်ဒေသရှိရှေးဟောင်းမြို့ များမှာ ထားဝယ်တစ်မျိုးသားလုံးနှင့်သက်ဆိုင်သည့် ရှေးဟောင်းအမွေအနှစ်တစ်ခုဖြစ် သောကြောင့် ကာကွယ်ထိန်းသိမ်းရေးဇုန် အနေဖြင့်သတ်မှတ်၍ ထိန်းသိမ်းထားသင့်ပြီး ထားဝယ်လူမျိုးများ၏သမိုင်းအစဉ်အလာကို ထိန်းသိမ်းသည့်အနေဖြင့် ထားဝယ်ဒေသ၏ခရီးသွားလုပ်ငန်းတစ်ခုအဖြစ်ဖော်ထုတ်ကာ ဒေသအတွက် ဝင်ငွေရရှိအောင် အစိုးရက ဆောင်ရွက်ပေးသင့်ကြောင်း ဦးအောင်မျိုး က ပြောကြားသည်။
ပြီးခဲ့သည့် ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၆ ခုနှစ်အတွင်း ထားဝယ်ဒေသရှိ သာဂရမြို့ ဟောင်းကို သုံးကြိမ်တူးဖော်ခဲ့ရာ၌ ရှေး ဟောင်းသုတေသန တူးဖော်ရေးပညာရှင်များ လာရောက်ခဲ့ပြီး သာဂရမြို့ဟောင်းအား ရှေး ဟောင်းဇုန်အဖြစ် သတ်မှတ်တူးဖော်ခဲ့ကာ ထိုစဉ်က ဒေသတွင်းရှိ ရှေးဟောင်းမြို့များဖြစ် သော ဝေဒီနှင့် ရှင်မုတ္ထီးမြို့ဟောင်းနေရာများ ကိုလည်း ကွင်းဆင်းခဲ့ပြီး သာဂရမြို့ဟောင်း အပါအဝင် ၎င်းမြို့ဟောင်း သုံးမြို့၏မြို့ရိုး များအား မြေသားမြို့ရိုးအဖြစ် မှတ်တမ်းတင်ခဲ့ ကြောင်း၊ ရှေးဟောင်းသုတေသနပညာရှင် အချို့က ရှင်မုတ္ထီးမြို့ဟောင်းကို ၂၀၁၆ ခုနှစ်က လေးကြိမ်ကွင်းဆင်းခဲ့ဖူးပြီး ဒေသခံများ ဘက်ကလည်း ရှေးဟောင်းကာကွယ်ထိန်း သိမ်းရေးဇုန်အဖြစ် သတ်မှတ်ပေးရန်တောင်း ဆိုမှုကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ ့ထံ ကွင်းဆင်း အစီရင်ခံစာတင်ပြထားခဲ့ကြောင်း သိရသည်။
ရှင်မုတ္ထီးမြို့ဟောင်းရှိမြို့ရိုးမှာ ဗိဿနိုးမြို့ဟောင်း၏မြို့ရိုးတည်ဆောက်ပုံနှင့်တူညီ နေပြီး မြို့တည်ထားသည့်ပုံစံချင်းလည်း တူညီနေကာ ဗိဿနိုးမြို့မှာ ရန်ပယ်ချောင်းကိုမေး တင် တည်ဆောက်ထားကာ ရှင်မုတ္ထီးမြို့ ဟောင်းမှာ ပေါက်တိုင်းချောင်းကို မေးတင် တည်ဆောက်ထားကြောင်း သိရသည်။
အဆိုပါ ရှင်မုတ္ထီးမြို့ဟောင်းတည်ရှိရာ ရှင်မုတ္ထီးကျေးရွာတွင် ၂၀၁၈ ခုနှစ် မေ ၂၀ ရက်ညနေပိုင်းက ရွာခံတစ်ဦး၏ခြံအတွင်း စက်ယန္တရားများဖြင့် မြေယာရှင်းလင်းနေစဉ် ရှေးဟောင်းအုတ်ခွက်ဘုရားများနှင့် ရှေးဟောင်းအုတ်ချပ်အများအပြား ပေါ်ထွက်လာ ခဲ့ဖူးသည်။ အုတ်ခွက်ဘုရားများတွေ့ရှိခဲ့သည့် ရှင်မုတ္ထီးရွာ(မုတ္ထီးမြို့ဟောင်း) ကို ပြီးခဲ့သည့် ၂၀၁၅-၂၀၁၆ ခုနှစ်က ရှေးဟောင်းသုတေ သနနှင့် ပြတိုက်ဦးစီးဌာနမ ှပညာရှင်များဖြင့် ကွင်းဆင်းခဲ့ရာတွင် ရှင်မုတ္ထီးရွာအတွင်းရှိ မုတ္ထီးမြို့ဟောင်း၏ မြို့ရိုးများမှ တွေ့ရှိခဲ့ရ သည့်ရှေးဟောင်း အုတ်များ၏အရွယ်အစား အရ အေဒီ ၁ ရာစုမှ ၆ ရာစုအကြားပျူခေတ် ဟုပြော၍ရကြောင်း၊ ထို့ပြင် မုတ္ထီးမြို့ဟောင်း မှာ မြို့ရိုး သုံးတန်နှင့်ကျုံး လေးတန်ရှိပြီးကာ မြို့၏တည်ဆောက်ပုံမှာ လေးထောင့်ပုံစံဖြစ် သည့်အတွက် မြန်မာနိုင်ငံရှိ ပျူမြို့ဟောင်း တစ်ခုဖြစ်သော ဗိဿနိုးမြို့ဟောင်း၏ တည် ဆောက်ပုံနှင့်တူညီနေကြောင်း၊ ထို့ကြောင့် မုတ္ထီးမြို့ဟောင်းမှာ ပျူခေတ်ကတည်းက ထွန်းကားခဲ့သလို ပု၊ ပင်း၊ အင်း၊ တောင်၊ ညောင်၊ ကုန်းဘောင်ဟုခေါ်သော ခေတ် ခြောက်ခေတ်စလုံးတွင်လည်း ထွန်းကားခဲ့ ကြောင်း မြို့ဟောင်းပတ်လည်တွင် တူးဖော် လေ့လာရှာဖွေတွေ့ရှိထားခဲ့သောကြောင့် အစီအရင်ခံစာ ရေးသားကာ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်ကာကွယ်ထိန်းသိမ်း ရေးဇုန်အဖြစ် သတ်မှတ်ပေးရန် တိုင်းဒေသကြီးအစိုးရထံတင်ပြထားခဲ့သော်လည်း လက် ရှိအချိန်ထိအကြောင်း မပြန်သေးကြောင်း ဦးအောင်မျိုးက ပြောကြားသည်။
ရှင်မုတ္ထီး ကျေးရွာမှာ ထားဝယ်ဒေသ၏ အထင်ကရ ရှင်ကိုးရှင်ဘုရားများအနက် တစ်ဆူအပါအဝင်ဖြစ်သော ရှင်မုတ္ထီးဘုရား တည်ရှိရာနေရာဖြစ်သည့်အပြင် ထားဝယ်ဒေသ၏ သမိုင်းဝင်မုတ္ထီးမြို့ဟောင်း တည်ရှိရာလည်းဖြစ်ကြောင်း သိရသည်။















