မူမဲ့ နိုင်ငံရေး

မူမဲ့ နိုင်ငံရေး
Published 6 December 2019

မူမဲ့ နိုင်ငံရေးသည် နိုင်ငံရေးဆိုင်ရာ အချောင်သမားဝါဒပင် ဖြစ်သည်။ နိုင်ငံရေးဆိုင်ရာ အချောင်သမားဝါဒဟူသည် ကျင့်ဝတ်ဆိုင်ရာနှင့် နိုင်ငံရေးဆိုင်ရာ အခြေခံသဘောတရားများကို လိုက်နာခြင်းမပြုဘဲ မိမိကို နိုင်ငံရေးအရ ထောက်ခံအားပေးမှုအား ထိန်းထားရန် သို့မဟုတ် နိုင်ငံရေးသြဇာ ကြီးထွားလာရန် ကြိုးပမ်းခြင်းဖြစ်သည်။ နိုင်ငံရေးဆိုင်ရာ အချောင်သမားဝါဒဟူသည့် အသုံးအနှုန်းကို ရှုတ်ချချိုးနှိမ်သောသဘောဖြင့် အသုံးပြုလေ့ရှိကြသည်။ အဘယ့်ကြောင့်ဆိုသော် အချောင်သမားများသည် သဘောတရား စည်းမျဉ်းများ သို့မဟုတ် ကတိပြုထားသော နိုင်ငံရေးဆိုင်ရာ ရည်မှန်းချက်များကို စွန့်ပယ်လိုက်ကြသောကြောင့်ဖြစ်သည်။

ယင်းတွင် ရည်မှန်းချက်နှင့် လုပ်ဆောင်ချက်အကြားရှိ မူရင်းဆက်နွှယ်မှုသည် ပျောက်ဆုံး၍သွားသည်။ လုပ်ဆောင်ချက်များသည် သူ့သဘောသူဆောင်ကာ သူ့ဘာသာဖြစ်သွားခြင်း သို့မဟုတ် မူလက ရည်မှန်းထားသောအရာများမှနေ၍ လုံးဝကွဲပြားခြားနားသွားခြင်းဖြစ်သည်။ လီဆယ်ဖန်တီးလိုက်သည့် နိုင်ငံရေးဆိုင်ရာ ညီညွတ်မှုတစ်ရပ်ကို မြှင့်တင်ရန်သက်သက်အတွက် နိုင်ငံရေးဆိုင်ရာ သဘောတရားစည်းမျဉ်းများသည် ရေရောခံလိုက်ရခြင်း၊ ပြန်လည်ဖွင့်ဆိုခံလိုက်ရခြင်း သို့မဟုတ် လျစ်လျူပြုခံလိုက်ရခြင်းတို့ ဖြစ်သွားသည်။ အကျိုးဆက်အနေဖြင့် တူညီသောအဖွဲ့အစည်းတစ်ရပ်အတွင်း၌ရှိသည့် ရှေ့နောက်ညီညွတ်သော သဘောတရားတစ်ရပ်သည် တဖြည်းဖြည်း ပျောက်ဆုံး၍ သွားတော့သည်။ ယင်းနောက် အဆိုပါအဖွဲ့အစည်းဝင်များသည် အဖွဲ့အစည်းမှ ဖယ်ခွာသွားခြင်း သို့မဟုတ် ယင်းအဖွဲ့အစည်းသည် ကျရှုံးခြင်း၊ အဖွဲ့ကွဲသွားခြင်း သို့မဟုတ် အားနည်းယိုင်လဲသွားခြင်းတို့ ဖြစ်ပေါ်နိုင်သည်။

နိုင်ငံရေးတွင် တစ်ခါတစ်ရံ၌ ယုံကြည်ချက်များ သို့မဟုတ် သဘောတရား စည်းမျဉ်းများအရ ကွဲပြားခြားနားသူတို့အကြားတွင် နိုင်ငံရေးဆိုင်ရာ ညီညွတ်မှုတစ်ရပ်အပေါ် ခိုင်ခိုင်မာမာ ရပ်တည်ရန် လိုသော်လည်း တစ်ခါတစ်ရံ၌ မိမိ၏နိုင်ငံရေးဆိုင်ရာ သဘောတရား စည်းမျဉ်းများပေါ်၌ ခိုင်ခိုင်မာမာ ရပ်တည်ရန်လိုသည်။ အချို့သော ညှိနှိုင်းမှုများကိုမူ ပြုလုပ်ရလေ့ရှိသည်။ နိုင်ငံရေးဆိုင်ရာ သဘောတရားစည်းမျဉ်းများကို အပြည့်အဝ လိုက်လျောမှုမရှိသော၊ ညှိနှိုင်း၍မရသော နည်းလမ်းတစ်ရပ်အတွင်း အခိုင်အမာ သတ်မှတ်ထားပါက ဖြစ်နိုင်ဖွယ်ရလဒ်မှာ ဂိုဏ်းဂဏစွဲဝါဒ၊ အုပ်စုဖွဲ့ဝါဒဖြစ်နိုင်သည်။ အမှန်တကယ် ယုံကြည်သူများထက် ကျော်လွန်သည့် လူအနည်းငယ်မျှသာ ယင်းကဲ့သို့သော တင်းမာသည့် ရပ်တည်ချက်များအပေါ် အခြေခံသော နိုင်ငံရေးဆိုင်ရာကျင့်သုံးမှုတစ်ရပ်ကို ထောက်ခံနိုင်ဖွယ်ရှိသောကြောင့်ဖြစ်သည်။

ပုံမှန်အားဖြင့် နိုင်ငံရေးဆိုင်ရာ သဘောတရားစည်းမျဉ်းများအား ရေးဆွဲထားပုံ၊ ဖွင့်ဆိုထားပုံနှင့် အမှန်တကယ်ကျင့်သုံးပုံတို့၌ အနည်းဆုံးလွတ်လပ်မှုအချို့ ရှိရမည်ဖြစ်သည်။ လူများအနေဖြင့် လိုက်နာကျင့်သုံးရန် စည်းမျဉ်းများနှင့် သဘောတရားများ များပြားလွန်းလျှင် ဖြစ်နိုင်ဖွယ်ရလဒ်မှာ ယင်းသဘောတရား စည်းမျဉ်းများကို လိုက်နာကျင့်သုံးနိုင်ဖွယ် မရှိခြင်းဖြစ်သည်။ ရှုပ်ထွေးသော စည်းမျဉ်းများသည်လည်း အပြုအမူကို ဆက်လက်၍ လမ်းညွှန်ခြင်း မပြုနိုင်တော့ပေ။

မည်သို့ပင်ဆိုစေကာမူ မည်သည့်နိုင်ငံရေးမဆို၌ အထိုက်အလျောက် လွတ်လပ်ခွင့်ရှိရမည်ဖြစ်သော်လည်း သဘောတရားစည်းမျဉ်းများ ကင်းမဲ့သည့် မူမဲ့နိုင်ငံရေးမှာမူ အချောင်သမားဝါဒသာဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဒီဇင်ဘာ ၆ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

 

Most Read

Most Recent