အခုတလော ရာသီဥတုပြောင်းလဲခြင်း နဲ့ပတ်သက်တဲ့ ဆန္ဒပြမှုတွေ ဖြစ်နေကြတယ်။ နယ်သာလန်က Friday of Future ဆိုပြီး အပတ်စဉ် သောကြာနေ့တိုင်း ဆန္ဒပြသံဟာ ကမ္ဘာကြီးမှာ ကျယ်ကျယ်လောင်လောင်နဲ့ အသံတွေ ထွက်လာနေပါတယ်။ ဒီပြဿနာဟာ ကုလသမဂ္ဂကို ရောက်သွားတယ်။ ပြောကြ ဆိုကြ ငြင်းခုံကြတာပေါ့။
“ အာဖရိကတိုက်မှာ မိုးတွေ ခေါင်နေတယ် ”
“ ဘင်္ဂလားဒေ့ရှ်မှာ မုန်တိုင်းတွေ ဝင်တယ် ”
“ ဥရောပမှာ ရေတွေကြီးနေတယ် ”
ဘာတွေလုပ်ကြမလဲ။ အစိုးရတွေ ထိုင်ကြည့်နေကြလား။ ဒီပြဿနာတွေအတွက် သူတို့မှာ တာဝန်ရှိတယ်လို့ မခံစားရဘူးလား။ သဘာဝပတ်ဝန်းကျင် ပညာရှင်တွေက ၁၉၉၇ ခုနှစ်ကတည်းက ဂျပန်နိုင်ငံ ကျိုတိုမြို့မှာ ကမ္ဘာကြီးပူနွေးမှုကို ဆွေးနွေးခဲ့ကြတယ်။ ဘာကြောင့် ကမ္ဘာကြီးပူနွေးရတာလဲဆိုတဲ့ အကြောင်းရင်းကတော့ ကာဗွန်ဒိုင်အောက်ဆိုက်ကြောင့်လို့ တညီတညွတ်တည်း ထွက်ဆိုကြတယ်။
ကာဗွန်ဒိုင်အောက်ဆိုက်ဟာ ကမ္ဘာကြီးကို စောင်နဲ့အုပ်ထားသလို လွှမ်းခြုံထားလိုက်တယ်။ ဒီလိုလွှမ်းခြုံထားလိုက်တဲ့ခါ နေရောင်ခြည်ကို ဝင်ခွင့်ပြုတယ်။ ဒါပေမဲ့ နေရောင်ခြည်ကြောင့် ဖြစ်လာတဲ့ အပူကိုတော့ ဟင်းလင်းပြင်ထဲကို ပြန်ထွက်သွားခွင့် မပြုတော့ဘူး။ ဒါကို ဖန်လုံအိမ်သက်ရောက်မှု (Green House Effect) လို့ ခေါ်တယ်။ တရားခံကို သိပြီဆိုတော့ အရေးယူဖို့ (Action Plan)ကို ချမှတ်ကြတယ်။
တကယ်တော့ ကမ္ဘာကြီးရဲ့လေထုထဲမှာ များပြားလာတဲ့ တရားခံကာဗွန်ဒိုင်အောက်ဆိုက် ဘယ်က ထွက်လာတာလဲဆိုတာ အများက သိကြတယ်။ လေထုထဲကို ကာဗွန်ဒိုင်အောက်ဆိုက်တွေ အလျှံအပယ် ထုတ်လွှတ်နေသူတွေကတော့ ရုပ်ကြွင်းလောင်စာတွေကို မီးရှို့နေကြသူတွေပါပဲ။
၁၇ ရာစုက စလာတဲ့ စက်မှုခေတ်ပြောင်း တော်လှန်ရေးကစပြီး လူတွေဟာ စက်တွေကို ပိုမိုတိုးတက် အသုံးပြုလာကြတယ်။ ဒီအတွက် ရေနံ၊ ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့ စတဲ့ လောင်စာတွေကို သုံးကြတယ်။ ၂၁ ရာစုမှာတော့ မီးကုန်ယမ်းကုန် သုံးလာတယ်။ ဒီလောင်စာတွေကို မီးရှို့တဲ့အခါ အဓိကအားဖြင့် ကာဗွန်ဒိုင်အောက်ဆိုက်တွေ ထွက်လာတာပါပဲ။ ဓာတုဗေဒညီမျှခြင်းနဲ့ ပြရရင်တော့ လောင်စာ + အောက်ဆီဂျင်= ကာဗွန်ဒိုင်အောက်ဆိုက် + ရေ + စွမ်းအင်တို့ပါပဲ။ ဒီတော့ စွမ်းအင်ထွက်ဖို့အတွက် ကာဗွန်ဒိုင်အောက်ဆိုက်လည်း အမြဲထွက်တာကို သတိထားမိနိုင်ပါတယ်။
စက်ရုံတွေ၊ မော်တော်ကားတွေ အားလုံးဟာ စွမ်းအင်ကိုလိုချင်ရင် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်တဲ့ နည်းစဉ်ကို သုံးရပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုက်ကို ထုတ်မှ စွမ်းအင်ထွက်တယ်လို့ ပြောနိုင်ပါတယ်၊၊ ဒါဆိုရင် ကမ္ဘာကြီးပူနွေးခြင်းကို လျှော့ချဖို့ ကာဗွန်ဒိုင်အောက်ဆိုက်ကို လျှော့ချမှဖြစ်မယ်။ ဒီတော့ ကာဗွန်ဒိုင်အောက်ဆိုက် ထွက်ရှိရာ ပင်ရင်းဖြစ်တဲ့ စက်ရုံတွေအားလုံး ပိတ်ဖို့လိုတာပေါ့။ တကယ်တမ်း ဒီလိုဘယ်လိုမှ မဖြစ်နိုင်ဘူး။
ဒီတော့ ကမ္ဘာကြီးပူနွေးမှုကို လျှော့ချဖို့ ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာဆိုတဲ့ အရေးယူဖို့ (Action Plan) ကို အောက်ပါအတိုင်း ချမှတ်ကြတယ်။
၁။ နိုင်ငံတွေဟာ မိမိတို့ သတ်မှတ်ထားတဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ပမာဏထက် ပိုမထုတ်ဖို့။ ပိုထုတ်ရင် လျော်ကြေး (ဒဏ်ငွေ) ဆောင်ဖို့။
၂။ တဖြည်းဖြည်းနဲ့ ရုပ်ကြွင်းလောင်စာတွေကို လျှော့သုံးလာကြပြီး ပြည့်ဖြိုးမြဲစွမ်းအင်ကို သုံးလာကြဖို့။
၃။ သစ်ပင်တွေ စိုက်ပြီး ကာဗွန်ဒိုင်အောက်ဆိုက်ကို လျှော့ချပစ်ဖို့။
၄။ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို (Carbon Credit) ပေးဖို့။
(Carbon Credit) ကတော့ သစ်ပင်တွေကို များများစိုက်ဖို့ အားပေးတာပါ။ သစ်ပင်တွေဟာ ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူတယ်။ အောက်ဆီဂျင်ကို ထုတ်ပေးတယ်။ ဒီတော့ အပင်တွေများတဲ့ နိုင်ငံတွေမှာ ကာဗွန်ဒိုင်အောက်ဆိုက်တွေ နည်းတယ်။ ဒီအတွက် ချမ်းသာတဲ့နိုင်ငံတွေက အပင်တွေများပြီး စက်ရုံတွေနည်းတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေ (Carbon Credit) ကို ဝယ်ကြဖို့ဖြစ်တယ်၊
ဒီတော့ အပင်တွေ စိုက်ပြီး စက်ရုံတွေနည်းတဲ့ နိုင်ငံတွေကလည်း အကျိုးရှိတာကို တွေ့ရပေမယ်။ ဒီကိစ္စကို ညှိနှိုင်းသဘောတူတာကို Kyoto Protocol လို့ခေါ်တယ်။ တကယ်တမ်း သဘောတူညီချက် အပြည့်အဝ မရကြပါဘူး။ ဒါကြောင့် အကြိမ်ကြိမ် ညှိနှိုင်းကြပါတယ်။ ပဲရစ်မှာညှိတဲ့ COP 21 က စပြီး ရာသီဥတုပြောင်းလဲခြင်း အစည်းအဝေးတွေကို လူတွေစိတ်ဝင်စားလာကြတယ်။ အဓိကကတော့ ရာသီဥတုနဲ့ပတ်သက်ပြီး တစ်ကမ္ဘာလုံး သိသိသာသာ ခံစားကြရလာလို့ပါပဲ။
၂၀၁၅ ပြုလုပ်တဲ့ အစည်းအဝေးတွေမှာ အပူချိန်ကို ၂ ဒီဂရီထက် မပိုစေဖို့ အဆို တင်သွင်းခဲ့ကြတယ်။ လွန်ခဲ့တဲ့နှစ်ကတော့ အပူချိန် ၁ ဒသမ ၅ ဒီဂရီထက် မပိုအောင် ကြိုးစားဖို့ ဆုံးဖြတ်ပါတယ်။ ဒါပေမဲ့ မလိုက်နာသူတွေ အများကြီးရှိနေတာကို တွေ့နေရတယ်။ အထူးသဖြင့် အမေရိကန်လို စက်မှုနိုင်ငံတွေက ပဲရစ်မှာပြုလုပ်တဲ့ COP 21 သဘောတူညီချက်ကနေ ထွက်ဖို့ ပြောခဲ့သေးတယ်။ ယနေ့အထိတော့ အသံတွေ ထပ်မထွက်ဘူး။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာကြီး ပူနွေးလာမှုကို သိသိသာသာ ခံစားလာရလို့ပါပဲ။
အမှန်တော့ အစိုးရတွေဟာ တိုင်းပြည်တိုးတက်မှုနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို ချိန်ခွင်ညှာညှိနေတာပဲ ဖြစ်တယ်။ တစ်ဖက်က ကာဗွန်ထုတ်လုပ်မှုကို ကန့်သတ်လိုက်ရင် ကုန်ထုတ်စွမ်းအားတွေ ကျဆင်းသွားမှာကိုလည်း စိုးရိမ်ကြလို့ပါပဲ။ တကယ်တော့ တရုတ်ပြည်လိုနိုင်ငံတွေမှာ သဘာဝပတ်ဝန်းကျင် ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးနေတာကို အားလုံးသိကြပါတယ်။ ကျောက်မီးသွေး အလွန်အကျွံ သုံးစွဲမှုကြောင့် သူ့နိုင်ငံတစ်ဝန်းလုံးဟာ မဲညစ်နေပါတယ်။ ဒါပေမဲ့ တရုတ်လည်း ဒီပြဿနာကို ဖြေရှင်းဖို့ ကြိုးစားနေတယ်။ ကျောက်မီးသွေးသုံး စက်ရုံ ၅၀၀၀ ကျော်ကိုလည်း ပိတ်ပစ်မယ်။ ဒါမှမဟုတ် ပြည့်ဖြိုးမြဲစွမ်းအင်နဲ့ အစားထိုးဖို့ ကြံရွယ်နေပါတယ်။
ဒီနှစ်အတွင်းမှာ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှာ တောမီးအကြီးအကျယ် လောင်တယ်။ ဒီအတိုင်းပဲ သြစတြေးလျတိုက်မှာ တောမီးတွေ လောင်တယ်။ အတော်လေး ပျက်စီးဆုံရှုံးမှုတွေ များတယ်။ ဂျပန်မှာလည်း မုန်တိုင်းအလုံး၂၀ ကျော် တိုက်သွားတယ်။ အနှစ် ၃၀ အတွင်း အဆိုးရွားဆုံး ခံစားကြရတယ်။ နေရာအနှံအပြား ရာသီဥတု ပြောင်းလဲမှုပုံစံမျိုးစုံကို မြင်လာတော့ ခံစားရသူတွေ ထိတ်လန့်လာကြတယ်။
ဘာတွေလုပ်ရမလဲ။ အစိုးရက လုပ်သင့်တာတွေ မလုပ်လို့လား။ သူတို့လုပ်သင့်တာတွေကို မလုပ်ဘူးဆိုပြီး ပြည်သူတွေအကြား သတင်းတွေ ထွက်လာတယ်။ တကယ်တော့ ရာသီဥတုဆိုတာ သဘာဝပဲ မဟုတ်လား။ သဘာဝဘေးဒဏ်ကို ဘယ်သူမှ လွန်ဆန်နိုင်တာမှ မဟုတ်တာပဲ။ ဒီတော့ အစိုးရလည်း ဘာမှမတတ်နိုင်ဘူးပေါ့လို့ ပြောချင်ပြောမှာ ပါပဲ။
ဒီနေရာမှာ ရာသီဥတုပြောင်းလဲခြင်းနဲ့ ပတ်သက်ပြီး အစိုးရမှာ တာဝန်ရှိတယ်။ အစိုးရတွေ သိဖို့လိုတယ်လို့ ပြောချင်တယ်။ မြန်မာပြည်က ကိစ္စကိုပဲကြည့်ပါ။ ဧရာဝတီတိုင်းမှာ မီးသွေးအလွန်အကျွံ ဖုတ်တယ်။ ဘိုကလေး မီးသွေးရယ်လို့ နာမည်ရတဲ့ မီးသွေးတွေဟာ ဧရာဝတီတိုင်း ဒီရေတောတွေကို ခုတ်ပြီး ဖုတ်တဲ့ မီးသွေးတွေပါ။ ဒီရေတောတွေ ပြောင်ကုန်ပြီ။ ဘယ်လိုလုပ်မလဲ။ ပြန်စိုက်ကြဖို့ အကြံပြုကြတယ်။ ဒီရေတောတွေ ဘာလို့ပြန်စိုက်မလဲ။ လယ်ယာမြေတွေက တန်ဖိုးပိုမရှိဘူးလား။
တိမ်တဲ့ဉာဏ် တစ်ထွာတစ်မိုက်လောက်နဲ့ တွေးပြီး လယ်ယာမြေတွေ ဖော်ထုတ်ကြတယ်။ စပါးထွက်တာပေါ့။ ပညာရှင်တွေက ပြောတယ်။ ဒီရေတောတွေမရှိရင် အဆင်မပြေလောက်ဘူး။ ဂေဟစနစ်တွေလည်း ပျက်သုဉ်းကုန်တော့မယ်။ အကြိမ်ကြိမ်အခါခါ ပြောတဲ့အတွက် ဒီဘက်တော့ မစိုက်ပါနဲ့ မိန်းမလှကျွန်းကို (အယားပြေလေး) သွားစိုက်ပါလို့ ခွင့်ပြုခဲ့တယ်။
ကွယ်လွန်သူ သစ်တောကျွမ်းကျင်သူ FREDA မှ ဦးအုန်းဟာ ဒီရေတောစိုက်ဖို့ ကြိုးစားပါတယ်။ သူရဲ့စွမ်းဆောင်ချက်တွေကို သဘောကျလို့ ဂျပန်နိုင်ငံက ဦးအုန်းကို ကမ္ဘာမြေချစ်သူဆုကို ချီးမြှင့်ခဲ့ပါတယ်။ ဦးအုန်းဟာ ရတဲ့ဆုကြေးငွေကို မ,တည်ကာ မြန်မာနိုင်ငံသားထဲမှ သဘာဝပတ်ဝန်းကျင်အတွက် စွမ်းဆောင်နိုင်သူတွေကို ကမ္ဘာမြေချစ်သူဆုကို တီထွင်ဖန်တီးပေးပါတယ်။ ဦးအုန်းဟာ ယမန်နှစ်က ကွယ်လွန်သွားပေမဲ့ သူရဲ့ကမ္ဘာမြေ ချစ်သူဆုကို ယနေ့တိုင်ပေးနေဆဲ ဖြစ်တယ်။
တကယ်တော့ မြန်မာပြည်ကို မုန်တိုင်းဝင်ဖို့ အကြောင်းမရှိပါ။ ဒါပေမဲ့ ဒီရေတောတွေ ပြုန်းတီးသွားပြီးတဲ့နောက် ၂၀၀၈ ခုနှစ်မှာ နာဂစ်မုန်တိုင်း ဝင်ရောက်လာပါတော့တယ်။ ဒီရေတောတွေရဲ့ ကာကွယ်စောင့်ရှောက်မှုက ကင်းလွတ်သွားတဲ့အတွက် ဧရာဝတီတိုင်းဒေသကြီးတစ်ခုလုံးဟာ အသေအပျောက် သိန်းဂဏန်းကျော် သွားပါတယ်။ ထူးခြားတာကတော့ ဒီရေတောတွေရှိနေတဲ့ မိန်းမလှကျွန်းမှာတော့ အသေအပျောက် မရှိခဲ့ပါဘူး။ ဒီရေတောရဲ့တန်ဖိုးကို သိနိုင်ပါတယ်။
မကြာသေးမီက စင်ကာပူမှာပြုလုပ်တဲ့ အစည်းအဝေးတစ်ခုမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာရှင်က “ ရာသီဥတု ပြောင်းလဲခြင်းဆိုတာ တကယ်ဖြစ်နေတာပါ၊ ခင်ဗျားတို့တတွေ ဂရုမစိုက်ရင်တော့ ကမ္ဘာကြီး နောက်ဆုံးအချိန်ကို ရောက်သွားမှာပါ။ ပဲရစ်က သဘောတူညီချက်ကို ဂရုစိုက်ပါ။ကျောက်မီးသွေးကို လောင်စာအဖြစ် သုံးမလား၊ ခင်ဗျားတို့ကလေးတွေ သားစဉ်မြေးဆက်အတွက် အလေးအနက် စဉ်းစားမှာလား။ ခင်ဗျားတို့ လုပ်သင့်တာကတော့ လူမှုအသိုင်းအဝိုင်းအတွက် ဆိုတာကိုမမေ့ပါနဲ့” လို့ ပြောသွားတာပါ။
ဒီလိုပြောသွားတဲ့ ပညာရှင်ကတော့ နမ်ယမ်းတက္ကသိုလ်က ပါမောက္ခဘင်ဂျမင် ဟော်တန်ဖြစ်ပြီး “ မုန်တိုင်းတွေ တိုက်ခိုက်ခြင်း၊ ရေကြီးခြင်းတွေ ဖြစ်ပေါ်ခြင်းနဲ့ တောမီးတွေ ဆက်တိုက်လောင်ကျွမ်းနေတဲ့ ကမ္ဘာကြီးမှာ လောဘတွေ မသတ်နိုင်ရင် လူ့ယဉ်ကျေးမှု အဆုံးသတ်သွားမယ်” ဆိုပြီး သတိပေးတာ ဖြစ်တယ်။ ယနေ့ သြစတြေးလျတိုက်မှာ ဆန္ဒတွေ ပြနေကြတယ်။ သူတို့နိုင်ငံက လူတွေသေပြီး ပစ္စည်းဥစ္စာ ဘီလျံဒေါ်လာဆုံးရှုံးတဲ့ တောမီးလောင်တာဟာ အစိုးရမှာ တာဝန်ရှိတယ်။ ဒါကြောင့် အစိုးရတာဝန်မယူလို့ တာဝန်ယူဖို့ ဆန္ဒပြတာပါပဲ။
ကမ္ဘာ့နေရာအနှံ့မှာလည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုကို ထိထိရောက်ရောက် ဆောင်ရွက်ဖို့ လူတွေလမ်းပေါ်ထွက်ပြီး ဆန္ဒတွေပြနေကြတယ်။ တကယ်တော့ ကျွန်တော်တို့ လူကြီးတွေဟာ ကမ္ဘာကြီးကို လူငယ်တွေဆီက ငှားယူသုံးစွဲနေတာပါ။
ပြန်ပေးရမယ့် အချိန်ရောက်ရင် သူတို့ လက်ထဲကို ပကတိကောင်းမွန်တဲ့ ကမ္ဘာကြီးကို ပေးအပ်နိုင်ဖို့ ကြိုးစားဖို့လိုကြောင်း တင်ပြအပ်ပါတယ်။










