■ လွန်ခဲ့သောကာလ
လွန်ခဲ့သောနှစ်ပေါင်း ၃၀ ကာလ ဆယ်စုနှစ်ဖြင့် ရေတွက်သော် ဆယ်စုနှစ် သုံးစုခန့် ကြာခဲ့ပါပြီ။ ၁၉၇၈ ခုနှစ်ဆီကို ပြန်ပြောင်းကြည့်လျှင် ပြည်သူ့ကျန်းမာရေးစီမံကိန်း ဟူသော ကျန်းမာကြံ့ခိုင်သောဘဝများ ပိုင်ဆိုင်ရေး၊ ရောဂါဘယကင်းရေး၊ ဖြစ်ပွားလာလျှင်လည်း ပြည်သူတို့၏အင်အားဖြင့်ကာကွယ်နိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု ကွာဟချက်များ ကျဉ်းမြောင်းသည်ထက် ကျဉ်းမြောင်းပြီး အခြေခံကျန်းမာ ရေးလုပ်ငန်းများ တစ်နည်းအားဖြင့် ပဏာမ ကျန်းမာရေးစောင့်ရှောက်မှုများ ရရှိခံစားနိုင်ရေးအတွက် ကြိုး ပမ်းဆောင်ရွက်ခဲ့ကြသည်ကို အမှတ်ရမိပါသည်။
ထိုစဉ်က စာရေးသူလို ဆရာဝန်ငယ်များအနေဖြင့် ကျေးလက်ဒေသများကို ကွင်းဆင်းလျက် ကျောက် ဆေးထိုးလုပ်ငန်းကို ကြီးကြပ်ခြင်း၊ တစ်နှစ်လျှင် ဒီဇင်ဘာလရောက်တိုင်း ဘီစီဂျီဆေးထိုးလုပ်ငန်းကို အမျိုးသမီးဆရာမကြီးများနှင့်အတူ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည် များလည်း ရှိခဲ့ပါသည်။ ယနေ့အချိန် ကဲ့သို့ ကာကွယ်ဆေးပေါင်း မြောက်မြားလှစွာ ထိုးရသောအချိန်မဟုတ် သကဲ့သို့ နေ့တွက်ပေး၍ ခရီးစရိတ် တစ်နေ့ ၁၅ ကျပ်ကိုပင် ပြည့်ပြည့် စုံစုံမရသောကာလ။ စက်ဘီးကိုယ်စီစီးလျက် ကျေးရွာ၏ဓလေ့အတိုင်း တစ်အိမ် ဟင်းတစ်ခွက်ပို့သော ထမင်းဝိုင်းတွင် စုံလင်လှသော ငါးပိ၊ တို့စရာ၊ လယ်ကွင်းထဲမှရသောငါး သေးသေးအိုးကပ်၊ လယ်ပုစွန်လုံးကြော်၊ မန်ကျည်းရွက်တို့ဖြင့် ရောမွှေထားသော ကျော်စံကွေးခေါ် ဖားသားများ၊ တစ်ခါတစ်ရံ တော ကောင်အသားများဖြင့် ဗိုက်ခွေးနမ်း မတတ်စားခဲ့ကြရသည့် ဘဝကို လည်းပြန်ပြောင်းသတိရမိပါသည်။’တစ်လုတ်စားဖူး သူ့ကျေးဇူး’ ဟူသော မြန်မာမှုဆုံးမစကားအရ တောသူတောင်သားတို့သည် မိမိ၏ကျေးဇူးရှင်များဟု အစဉ်သတိတရ မှတ်မိနေပါသည်။
ထိုစဉ်ကတော့ အမျိုးသား ကျန်းမာရေးမူဝါဒ (Natioinal Health Policy) ဆိုသည်ကို မကြား ဖူးသော ဒဏ္ဍာရီသဖွယ်ဟု ဆိုရမည် ဖြစ်ပါသည်။
၁၉၈၀ ပတ်ဝန်းကျင်တွင်မူ ပထမအကြိမ် ‘အမျိုးသားကျန်းမာ ရေး မူဝါဒ’ ပြဋ္ဌာန်းဖူးသည်ကိုအမှတ် ရနေမိပါသည်။ ဤနေရာတွင် ဖော်ပြနိုင်ရန် ရှာဖွေသော်လည်းမတွေ့၍ မဖော်ပြနိုင်ပါ။ သို့သော်လည်းထိုစဉ် က ပြည်သူ့ကျန်းမာရေးဘွဲ့လွန်ဖြေတိုင်း မေးလေ့ရှိ၍ အလွတ်ကျက်ထားခဲ့သော်လည်း ယခုတော့ မေ့ ကုန်၍ မဖော်ပြနိုင်ပါ။ အဓိကတစ်ချက်ကတော့ ‘တောနှင့်မြို့ကျန်းမာရေး ကွာဟချက်များကိုကျဉ်းမြောင်း သည်ထက် ကျဉ်းမြောင်းရေးအတွက် ပဏာမ ကျန်းမာရေးစောင့်ရှောက် မှု လုပ်နည်းလုပ်ဟန်များကို အခြေ ခံ၍ ကျန်းမာရေးပေါင်းစည်းအသွင် ဖြင့် ‘ကျန်းမာရေးလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်ရန်’ ဟူသော အဓိပ္ပာယ်ရသည့် ကျန်းမာရေးပေါင်းစည်း ဆောင်ရွက်ခြင်း (Integration of Health Service) ဟူသောမူတစ်ခု ပါဝင်သည်ဟု အမှတ်ရမိနေပါသည်။
ထို့ကြောင့်လည်းစီမံကိန်းဌာန များက ဝန်ထမ်းငယ်များသည် အခြေခံကျန်းမာရေးဝန်ထမ်းအဖြစ် ပြောင်းလဲခြင်းကြောင့် အဆင့်ဆင့် ရာထူးထက်ပြီး ကျန်းမာရေးမှူးများ ဘဝ ရောက်ခဲ့ကြခြင်း ဖြစ်သလို ကျောက်ထိုးဆရာများသည်လည်းကျန်းမာရေးမှူးများဘဝသို့ တက် လှမ်းနိုင်ခြင်းဖြစ်သည်ကို မှတ်မိနေ မိပါသည်။
ပြည်သူ့ကျန်းမာရေးစီမံကိန်း လေးနှစ် သုံးကြိမ်ရေးဆွဲဆောင်ရွက် ခဲ့ကြရာတွင် ၁၉၈၈ ခုနှစ် အပြောင်း အလဲကြောင့် (၁၉၈၆-၁၉၉၀) ဟူ သော တတိယပြည်သူ့ကျန်းမာရေး စီမံကိန်း တစ်ဝက်တစ်ပျက်တွင် ရပ် နားနှောင့်နှေးခဲ့ရသည်မှ အမျိုးသား ကျန်းမာရေးစီမံကိန်း (National Health Plan) ဟုပေါ်ပေါက်လာခဲ့ ခြင်းပင်ဖြစ်ပါသည်။
ထိုကာလသို့ရောက်သောအ ခါ လက်ရှိ အမျိုးသားကျန်းမာရေး မူဝါဒ (၁၉၉၃) သည် ယခင်အမျိုး သား ကျန်းမာရေးစီမံကိန်းကိုအခြေ ခံ၍ ရေးဆွဲကြပြန်ပါသည်။ အဆိုပါ မူဝါဒတွင် အချက်ပေါင်း ၁၅ ချက် ပါရှိပါသည်။ (အဆိုပါ ၁၉၉၃ အမျိုး သားကျန်းမာရေးမူဝါဒကို ဖော်ပြ လိုက်သည်။)
■ အမျိုးသားကျန်းမာရေး မူဝါဒ (၁၉၉၃)
(၁) နိုင်ငံသားအားလုံး ကာယ သုခ၊ စိတ္တသုခပြည့်စေမည့် အား လုံးကျန်းမာသက္ကရာဇ် ၂၀၀၀ ရည် မှန်းချက်ကိုရရှိစေရန် အမျိုးသားကျန်းမာရေးစီမံကိန်းများကို ရေးဆွဲ ပြီး ကျန်းမာရေးလုပ်ငန်းများကို ပဏာမ ကျန်းမာရေးစောင့်ရှောက်မှုကို အခြေခံ၍ အကောင်အထည်ဖော်ရန်။
(၂) မြန်မာနိုင်ငံအတွက် အ သင့်တော်ဆုံး လူဦးရေပမာဏရရှိစေ ရေးအတွက် အမျိုးသားလူဦးရေ မူဝါဒအတိုင်း လိုက်နာဆောင်ရွက်ရန်။
(၃) ပြည်တွင်း၌ ကျွမ်းကျင် သောကျန်းမာရေးဝန်ထမ်း လူအင် အားကို ရေရှည်ကျန်းမာဖွံ့ဖြိုးမှုစီမံ ကိန်း လိုအပ်ချက်နှင့် လိုက်လျောညီ ထွေ မွေးထုတ်ရန်။
(၄) ဆေးဝါးနှင့်ပတ်သက်၍ ထုတ်ပြန်ထားသော တည်ဆဲဥပဒေ များအတိုင်း တိကျစွာလိုက်နာ ဆောင်ရွက်ရန်။
(၅)သမဝါယမ၊ ဖက်စပ်၊ ပုဂ္ဂလိ ကများနှင့် အစိုးရမဟုတ်သောအဖွဲ့ အစည်းများက ဆောင်ရွက်လျက်ရှိ သော ကျန်းမာရေး ကိစ္စများကို ပြောင်းလဲနေသော စီးပွားရေးမူဝါဒ နှင့် လိုက်လျောညီထွေဖြစ်စေရေး အတွက် တွန်းအားပေးရန်။
(၆) ကျန်းမာရေးအသုံးစရိတ်၊ ရန်ပုံငွေရှာဖွေရေး နည်းလမ်းသစ် များကို ဖော်ထုတ်ဆောင်ရွက်ကြရန်။
(၇) ကျန်းမာရေးလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ဆက်နွှယ်မည့်ဝန်ကြီးဌာန အချင်း ချင်း ပူးပေါင်းဆောင်ရွက်ရန်။
(၈) ကျန်းမာရေးနှင့်ပတ်သက် သော ဥပဒေ၊ နည်းဥပဒေများကို အခါအားလျော်စွာ ပြဋ္ဌာန်းဆောင် ရွက်ရန်။
(၉) ပတ်ဝန်းကျင်သန့်ရှင်းရေး လုပ်ငန်းများကို ဆောင်ရွက်ရာ၌ လေထုနှင့် ရေထုညစ်ညမ်းမှု ကာ ကွယ် ထိန်းသိမ်းရေးကိုပါ တိုးချဲ့ ဆောင်ရွက်ရန်။
(၁၀) နိုင်ငံသားများ၏ကြံ့ခိုင်မှု တိုးတက်မြင့်မားလာစေရန် အား ကစားနှင့် ကာယပညာလုပ်ငန်းများ ကို တိုးချဲ့ဆောင်ရွက်စေခြင်း၊ ပြည် သူလူထုမှ တက်ကြွစွာပါဝင်စေရန် တွန်းအားပေးခြင်း၊ ထူးချွန်သော အားကစားနည်းပညာများကိုပြန် လည် ဖော်ထုတ်ခြင်းတို့ကိုဆောင်ရွက်ရန်။
(၁၁) ဆေးပညာရပ်ဆိုင်ရာ သုတေသနလုပ်ငန်းရပ်များကိုအား ပေးဆောင်ရွက်ရာတွင် လတ်တ လော တွေ့ကြုံနေရသော ကျန်းမာ ရေးပြဿနာများကို သုတေသနပြု သည့်အပြင် ကျန်းမာရေးလုပ်ငန်း စနစ် သုတေသနကိုလည်း အရေး ပေးဆောင်ရွက်ရန်။
(၁၂) ကျန်းမာရေးလုပ်ငန်း တိုးချဲ့ဆောင်ရွက်ရာတွင် တိုင်းပြည်၏လိုအပ်ချက်များကို ဖြည့်စွမ်းနိုင်ရေး အတွက် ကျေးလက်ဒေသများသာ မက မဖွံ့ဖြိုးသေးသောနယ်စပ်ဒေသ များကိုလည်း အထူးဦးစားပေး ဆောင်ရွက်ရန်။
(၁၃) နိုင်ငံအတွင်း၌ ဖြစ်ပေါ် လာနိုင်မည့် ကျန်းမာရေးဆိုင်ရာ ပြဿနာရပ်အတွက် ကာကွယ်ကုသ ရေးလုပ်ငန်းများကို ကြိုတင်စဉ်းစား စီမံထားရန်။
(၁၄) မြန်မာ တိုင်းရင်းဆေး ပညာဆောင်ရွက်ချက်များနှင့် သု တေသနလုပ်ငန်းများကို နိုင်ငံတကာ အဆင့်မီသည်အထိ ဆောင်ရွက် ခြင်းကိုအားပေးရန်နှင့် ပြည်သူ့ကျန်း မာရေးလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်ရန်။
(၁၅) အမျိုးသားကျန်းမာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြား နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက် ခြင်းတို့ကို တိုးချဲ့ဆောင်ရွက်ရန်။
■ ယနေ့ကာလ
မူဝါဒတစ်ရပ်ကို ပြုစုပြဋ္ဌာန်း လိုက်သည်နှင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လမ်းညွှန်မှုများ၊ လုပ်နည်းလုပ်ဟန် များသည်လည်း ပူးတွဲစဉ်းစားကြရ မည်ဖြစ်ပါသည်။ ထို့အတူပင် (၁) လက်ရှိပြောင်းလဲနေသော ကျန်းမာ ရေးဆိုင်ရာအခြေအနေ၊ (၂) ဦးစား ပေးသတ်မှတ်မှုများ၊ (၃) လူအများ အပေါ် ဝန်ထုပ်ဝန်ပိုး ဖိစီးနေသော ကျန်းမာရေးပြဿနာများ၊ (၄) ကျန်းမာရေး အပေါ်လွှမ်းမိုးထားသော လူမှုစီးပွားရေးအခြေ အနေများ၊ (၅) လူအများ၏ ကျန်းမာရေးဆိုင်ရာ အပြုအမူ၊ အကျင့်များ စသည့် အ နည်းဆုံးသော အကြောင်းရင်းဖြစ် စဉ်များနှင့် ၎င်းင်းတို့ဖြစ်ပေါ်လာခြင်း၏ အကျိုးဆက်များစသည်တို့ကို လေ့ လာဖော်ထုတ်ကြရမည် ဖြစ်ပါသည်။
ထို့ကြောင့်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကျန်းမာရေးမူဝါဒကို အောက်ပါအတိုင်း ဖွင့်ဆိုထားပါသည်။
“Health Policy refers to decision, plan and actions that are undertaken to achieve specific health care goals within a society.”
ကျန်းမာရေးမူဝါဒဆိုသည်မှာ အဖွဲ့အစည်းတစ်ခု (နိုင်ငံတော်) ၏ ကျန်းမာရေးဆိုင်ရာ မျှော်မှန်းချက် ပန်းတိုင်ကို ရောက်ရှိနိုင်ရေးအတွက် လုပ်ငန်းစဉ်များ ရေးဆွဲဖော်ထုတ်လျက် စီမံကိန်းများ ရေးဆွဲနိုင်ရန်အတွက် လမ်း ညွှန်ဆုံးဖြတ်ချက်တစ်ရပ် ဖြစ်သည်ဟူ ၍ အဓိပ္ပာယ် ဖွင့်ဆိုလိုပါသည်။
ထိုသောအခါ မျှော်မှန်းချက် ပန်းတိုင်သို့ ရောက်ရှိရေးအတွက် အသီးသီးသော လုပ်ငန်းစီမံချက်များသည် ဤအမျိုးသားကျန်းမာရေးမူဝါဒဘောင်အတွင်းမှ ရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်း၊ ဆန်း စစ်ခြင်းဟူသော လုပ်ငန်းစဉ်များကို ဆောင်ရွက်ရန် လိုပါသည်။
ထိုသို့ မဟုတ်မူ အထောက်အပံ့ ပေးသော အဖွဲ့၏အလို၊ စီမံချက် တာဝန်ယူရသူတို့၏ ဆန္ဒများအ တိုင်းဆိုလျှင်တော့ အလွန်ပင်စဉ်း စားရခက် သော အခြေအနေများဟု ဆိုချင်မိပါသည်။

■ မျှော်ရည်မှန်းလျက်
ကျန်းမာရေးမူဝါဒရေးဆွဲကြရာတွင် ကုသရေးကိုပင် အားပြုရေးဆွဲကြသော တိုင်းပြည်များလည်း ရှိသည်ဟုဆိုကြပါသည်။ တကယ်တော့ ‘နိုင်ငံသားတိုင်း ရောဂါကာကွယ်ခြင်း၊ ကျန်းမာရေးမြှင့်တင်ခြင်း၊ ထိရောက်သော၊ အရည်အသွေးပြည့်မီသော ကုသမှုရရှိရေးနှင့်ပြန်လည် သန်စွမ်းရေးအတွက် ထူထောင်ပေး ရေးဟူသော ပြည့်စုံသော ကျန်းမာ ရေး စောင့်ရှောက်မှုကို ပြည်သူတိုင်း ရရှိခံစားနိုင်ရေးအတွက် ဦးတည် မျှော်မှန်းလျက် ရေးဆွဲကြရသည်သာ ဖြစ်ပါသည်။ သို့သော်လည်း နိုင်ငံ တော်၏ တတ်နိုင်သောဘဏ္ဍာငွေ အင်အား၊ အရေးကြီးသော၊ အများ ကိုဒုက္ခပေးနိုင်သော၊ အသက်အန္တ ရာယ်ကိုထိပါးနိုင်သော ကျန်းမာရေး ဆိုင်ရာ ဦးစားပေးပြဿနာများ၊ လွယ်ကူထိရောက်သော၊ နည်းပညာ ရှိသော၊ ဖြေရှင်း၍ရနိုင်သောကျန်း မာရေးပြဿနာ စသောကွဲပြားသော အခြေအနေများကိုအခြေခံ၍ ခွဲခြား မှုမရှိသော၊ မျှတသော၊ လူတိုင်းလက်ခံနိုင်သောနည်းလမ်းကောင်းများ ဖြင့် ရေရှည်တည်တံ့ရေးကို မျှော် ကိုးလျက် ရေးဆွဲကြရသည်သာဖြစ် ပါသည်။ ထိုသို့ရေးဆွဲကြရာတွင် (အထက်ပုံပါ) အခြေခံကျသော ကဏ္ဍအသီးသီးကို ထည့်သွင်းစဉ်းစား၍ ရေးဆွဲကြရမည်ဖြစ်ပါသည်။
■ အခြေခံ သဘောတရားများ
အမျိုးသားကျန်းမာရေးမူဝါဒ များရေးဆွဲသည့်အခါတိုင်း ‘လူတိုင်း လူတိုင်း ကျန်းမာစေရေးအတွက်’ရောဂါကာကွယ်ခြင်း၊ ကျန်းမာရေး မြှင့်တင်ခြင်း၊ ကုသခြင်း၊ ပြန်လည်ထူထောင်ခြင်းဟူသောပြည့်စုံသော ကျန်းမာရေး စောင့်ရှောက်ရေးကို အသားရောင်၊ ဘာသာ၊ လူမျိုး၊ ဆင်း ရဲချမ်းသာမရွေး မခွဲခြားဘဲ ရရှိခံစား စေရန်ဟူ၍ အခြေခံသဘောတရား အဖြစ် ထားရှိလက်ခံကြသည်သာ ဖြစ်ပါသည်။ ထို့အတူနိုင်ငံ၏ထူး ခြားချက်များအရ သီးခြားနေထိုင် သော လူမျိုးစုများ (ဥပမာ-နာဂ၊ ဆလုံ)၊ ဝေးလံခက်ခဲသောဒေသရှိ ပြည်သူများ၊ အကြောင်းအမျိုးမျိုး ကြောင့် ရှောင်တိန်းလျက် ယာယီ အခြေချနေထိုင်ကြရသော ပြည် တွင်း ရွေ့လျားအစုအဖွဲ့များ စသည် တို့အတွက်လည်း ထည့်သွင်းစဉ်းစား ဆောင်ရွက်နိုင်ရေးသည်လည်း အ လေးထားရမည့်ကိစ္စပင် ဖြစ်ပါသည်။
ထို့ကြောင့် ကျင့်ဝတ်ကောင်း များဖြင့် ညီမျှသော၊ အကုန်အကျ နည်းပါးစွာဖြင့် တတ်နိုင်သော စောင့် ရှောက်မှုများကို မိတ်ဖက်အဖွဲ့အ စည်းများ၏ ပါဝင်မှုဖြင့် ခိုင်မာသော၊ ရေရှည်တည်တန့်သောကျန်းမာရေး စနစ်ကောင်းများဖြင့် အကောင်အ ထည်ဖော်ဆောင်နိုင်ကြရမည်လည်း ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ရာ တွင် နိုင်ငံတော်မှ အလုံးစုံသောကုန် ကျစရိတ်ကို ကျခံမည် သို့မဟုတ် မျှဝေကျခံခြင်း၊ အာမခံစနစ်ဖြင့် ကျ ခံစေခြင်းဟူသော ကျန်းမာရေး ဘဏ္ဍာ ငွေဆိုင်ရာမူဝါဒများလည်း ပါဝင်ရန် လိုအပ်မည်ဖြစ်ပါသည်။ ထို့ကြောင့် အခြေခံမူဘောင်အနေဖြင့် အောက် ပါများကိုထည့်သွင်းစဉ်းစားကြရ မည် ဖြစ်ပါကြောင်းဖော်ပြအပ်ပါသည်။
မူဝါဒဆိုင်ရာအခြေခံမူဘောင်
(Policy Principles)
(၁) ပညာရှင်ဆန်သော အတွေး အခေါ်များဖြင့် ကျင့်ဝတ်လိုက်နာ လေး စား သော ပေါင်းစည်းဆောင် ရွက်ခြင်း၊
(၂) မျှတသော၊ ခွဲခြားမှုမရှိ သော စောင့်ရှောက်မှုများကိုဆောင် ရွက်ခြင်း၊
(၃) ပေးသော စောင့်ရှောက် မှုတိုင်းသည် လူတိုင်းတတ်နိုင်သော ဘောင်အတွင်းမှ ဖြစ်နိုင်သမျှဆောင် ရွက်ပေးခြင်း၊
(၄) ကျန်းမာရေး စောင့် ရှောက်မှုတိုင်းသည် လူတိုင်းလူတိုင်း လက်လှမ်းမီစွာဖြင့် ရရှိခံစားစေ နိုင်ခြင်း၊
(၅) အရည်အသွေး ပြည့်မီသော စောင့်ရှောက်မှုများကိုပေးနိုင်ရေး နှင့် စောင့်ရှောက်မှုတိုင်းသည်လူနာကိုအခြေပြု၍ဆောင်ရွက်ပေးခြင်း၊
(၆) လုပ်ငန်းအဆင့်တိုင်း၏ ဆောင် ရွက်မှုများသည် မြင်သာထင် သာရှိပြီး တာဝန်ယူ၊ တာဝန်ခံမှုရှိစေ ခြင်း၊
(၇) မိတ်ဖက်အဖွဲ့အစည်းများ ၏ အင်အားများကိုစုစည်းရယူ၍ အားလုံးပါဝင်ဆောင်ရွက်ခြင်းကို အားပေးအထောက်အကူပြုရန်၊
(၈) စီမံခန့်ခွဲမှုစနစ်ကောင်း တစ်ရပ်အသွင် သဏ္ဍာန်တစ်ရပ်မှာ ဗဟိုဦးစီးချုပ်ကိုင်မှု အားဖြေလျှော့လျက် အဆင့်ဆင့်သောစီမံခန့်ခွဲမှုဆိုင်ရာအဖွဲ့များ၏ လုပ်ပိုင်ခွင့်နှင့်အတူတာဝန်ယူမှုများကိုစနစ်ကျစွာ ဖော်ထုတ်ဆောင်ရွက်ခြင်း၊
(၉) အထက်အဖွဲ့အစည်းများ မှ ညွှန်ကြားဆောင်ရွက်ခြင်း (Reactive) မှ တီထွင်ကြံဆလျက် မိမိတို့အားခွဲဝေပေးထားသော လုပ် ပိုင်ခွင့်၊ တာဝန်ခံမှုဘောင်အတွင်းမှ ပြည်သူတို့၏ ကျန်းမာရေးဖွံ့ဖြိုးတိုး တက်ရေးအတွက် ဦးဆောင်ဦးရွက် ပြု ဆောင်ရွက်ခြင်း (Proactive) ကို အားပေးဆောင်ရွက်စေခြင်း။
■ ပွင့်သောပန်းတိုင်း မွှေးပါစေ
နိုင်ငံတော်ကို အုပ်ချုပ်သော မင်းအစိုးရတို့၏ ထားရှိသော မူသဘောထား၊ ပြောင်းလဲမှုဖြစ်စဉ်များ နှင့်အညီ အသစ်အသစ်သောစိန်ခေါ်မှုများကို ကျော်လွှားရေးတို့ အတွက် မည်သို့သောဌာန၊ အဖွဲ့အစည်းမဆို အချိန်နှင့်တစ်ပြေးညီ မူဝါဒရေးဆွဲပြဋ္ဌာန်းကြခြင်းအတွက် ကြိုဆိုရမည်ဖြစ်ပါသည်။ သို့သော်လည်း အချိန်၊ လူအား၊ ငွေအား၊ ဉာဏ်အားတို့ဖြင့် ရေးဆွဲပြဋ္ဌာန်း ထားသော ဥပဒေတို့သည်လည်းကောင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ရေးဆွဲ ပြဋ္ဌာန်းသော နည်းဥပဒေ၊ ညွှန်ကြား ချက်တို့သည်လည်းကောင်း၊ နိုင်ငံတော်၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးစသည့်ကဏ္ဍအသီးသီးအ တွက် မူဝါဒဆိုင်ရာလမ်းညွှန်မှုပြုနိုင် ရေးအတွက် ရေးဆွဲပြဋ္ဌာန်းသော ဤမည်သောဥပဒေ၊ နည်းဥပဒေ၊ မူဝါဒ၊ လမ်းညွှန်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင် မှသာလျှင် သက်ဝင်လှုပ်ရှားသော၊ ကောင်းမွန်သော ဖြစ်စဉ်တစ်ရပ် ဖြစ်လာမည်သာဖြစ်ပါသည်။ ထိုသို့မဟုတ်မူ ဖိုင်များတွင် တွဲထားသော၊ စာအုပ်များတွင်သာ ရေးထားသော၊ အသက်မဝင်သော အရာဝတ္ထုတစ်ခု မျှသာလျှင် ဖြစ်နေမည်သာဖြစ်ပါ သည်။
ထို့ကြောင့် ရေးဆွဲသောမူဝါဒ၊ ဥပဒေ၊ နည်းဥပဒေများကိုသက်ဝင် လှုပ်ရှားရေးအတွက် ဆောင်ရွက်ကြ မှသာလျှင် ပွင့်သောပန်းတိုင်း မွှေးစေ ကြောင်းကို မျှော်ရည်မှန်းလျက် အရွေ့ ကောင်းတစ်ရပ် ဖြစ်ပါ စေကြောင်း ဆန္ဒပြုလိုက်ရပါသည်။
ကိုးကား
(၁)- National Health Policy of India
Heaven Dahiya– Interna- tional Journal of Recent Scien-tific Research- vol(9), July 2018
(၂)- What is National Health Policy?
Vicene Navarro: Professor of Health Policy, the John Hopkins University, USA.










