စီးပွားရေးမြို့တော် ရန်ကုန်ရဲ့ တစ်ဖက်ကမ်းမှာရှိတဲ့ ဒလမြို့ကနေ အောက်ပိုင်းကို အချိန် လေးနာရီကျော်ကျော်လောက် စုန်ဆင်းလိုက်မယ်ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ ရေထွက်ကုန်တွေ အကြီးအကျယ် ထွက်ရှိရာဒေသကို ရောက်ရှိမှာပဲ ဖြစ်ပါတယ်။ ကျယ်ပြောလှတဲ့ ကမ်းလွန်ပင်လယ်ပြင်အတွင်း အရပ်ရှစ်မျက်နှာ မည်သည့်အရပ်ကိုပဲ ကြည့်ကြည့် ကမ်းကိုမမြင်ရတဲ့ နေရာမျိုးမှာ လူဦးရေ သောင်းနဲ့ချီပြီးတော့ အလုပ် လုပ်ကိုင်နေကြပါတယ်။ သူတို့ဟာ တစ်နှစ်ကို ရှစ်လလောက် ပင်လယ်ပြင်ကြီးထဲမှာ နေထိုင်ရင်း အလုပ် လုပ်ကိုင်နေကြရတာပါ။ သူတို့ရဲ့ ကြိုးပမ်းမှုတွေဟာ တစ်နိုင်ငံလုံးသာမက ပြည်ပအထိတိုင် တင်ပို့ရောင်းချနိုင်တဲ့ ရေထွက်ကုန်တွေ ဖြစ်လာပါတယ်။ ရိုးရာအစားအစာဖြစ်တဲ့ ငါးပိ၊ ငါးခြောက်၊ ပုစွန်ခြောက် စတဲ့ ရေထွက်ကုန်တွေကို တစ်နိုင်ငံလုံးက ပြည်သူတွေ စားသောက်နိုင်ဖို့ရာ သူတို့ရဲ့အချိန်တွေကို ပေးဆပ်နေရပါတယ်။ ဒါပေမဲ့ သူတို့အတွက် ပြန်လည် ရရှိလာခဲ့ရတာကရော ဘာတွေများ ဖြစ်နေပါသလဲ။
■ တက္ကသိုလ်ကျောင်းသားလေး ပြောပြတဲ့ ပင်လယ်ပြင်က လူသားတွေရဲ့ဘဝ
ဒဂုံတက္ကသိုလ်မှာ သမိုင်းမေဂျာနဲ့ နောက်ဆုံးနှစ် စာမေးပွဲကို ဖြေဆိုထားတဲ့ မြတ်သူရထွန်း တစ်ယောက် အောက်တိုဘာ လဆန်းပိုင်းတုန်းက ရန်ကုန်မြို့လယ်သို့ ထွက်လာခဲ့ပါတယ်။ မိခင်ဖြစ်သူက သူ့ကို မိသားစုစီးပွားရေး လုပ်ငန်းအတွက် လိုအပ်တာတွေ ဝယ်ခိုင်းခဲ့တာလည်း ဖြစ်ပါတယ်။ ဘွဲ့တစ်ခု ရရှိတော့မယ့် မြတ်သူရထွန်းဟာ ကိုယ်ပိုင်အလုပ် တစ်ခုကိုလုပ်ကိုင်ရင်း ကိုယ်ပိုင်ဝင်ငွေကို ရှာလိုတဲ့စိတ် ပြင်းပြနေတဲ့အတွက် သူဟာ မြို့လယ်က ဆူးလေ လူကူးခုံးတံတားပေါ်မှာထိုင်ရင်း လက်မှိုင်ချကာ ငေးမောရင်း ထိုင်နေခဲ့တယ်။
ဒီအချိန်မှာ အမျိုးသမီးတစ်ဦး ရောက်လာခဲ့ပြီး မြတ်သူရထွန်းကို တစ်လလျှင် ကျပ်သိန်း ၂၀ လောက် စုမိနိုင်တယ်ဆိုတဲ့ မက်လောက်စရာ မက်လုံးတစ်ခုကို ပြောပြလာပါတော့တယ်။ အသက် ၂၀ ကျော်အရွယ်အထိ မိသားစု အထောက်အပံ့တွေနဲ့ နေခဲ့တဲ့ လူငယ်တစ်ဦးအတွက် ဒီလိုမက်လုံးဟာ အတော်ကို ထိရောက်ပါတယ်။ မြတ်သူရထွန်း အဲဒီအမျိုးသမီးနဲ့ လိုက်သွားခဲ့ပြီး နောက်မှာတော့ သူ့ဘဝအတွက် မမေ့နိုင်စရာ အဖြစ်အပျက်ကို ကြုံတွေ့လာခဲ့ရပါတော့တယ်။
မြတ်သူရထွန်း တစ်ယောက် အလုပ်ရှာပေးမယ့် အမျိုးသမီးနဲ့အတူ ရန်ကုန်မြို့လယ်ကနေ ဒလဘက်ကမ်းကို ရောက်ရှိလာခဲ့ပါတယ်။ အဲဒီနောက် ဖျာပုံမြို့နယ်အတွင်းမှာရှိပြီး ပင်လယ်ပြင်မှာ ကျားဖောင်လုပ်ငန်း အကြီးအကျယ် လုပ်ကိုင်ကြတဲ့ ခါးပြတ်ကျေးရွာကို ရောက်ရှိခဲ့ပါတယ်။ ဒီနောက်ပိုင်းတော့ မြတ်သူရထွန်းဟာ ပင်လယ်ပြင်ကို ထွက်ခွာလာခဲ့ရပြီး ကျားဖောင်တစ်ခုပေါ်မှာ စတင် အလုပ်လုပ်ကိုင်ခဲ့ရပါတယ်။ သူ့ကို ခေါ်လာတဲ့ သူတွေကတော့ သူ့ရဲ့ လုပ်အားခငွေတွေကို ကြိုတင်ထုတ်ယူကာ ပြန်သွားခဲ့ပြီလည်း ဖြစ်ပါတယ်။
ကမ်းကနေ ရေမိုင် ၂၀ ကျော် ဝေးကွာတဲ့ ပင်လယ်ပြင်အတွင်း မြတ်သူရထွန်းဟာ တစ်ရက်ကို နာရီ ၂၀ လောက်အထိ ကျားဖောင်ပေါ်မှာ အလုပ်လုပ်ကိုင်ခဲ့ရပါတယ်။ လူသုံးယောက် အတူတကွ လုပ်ကိုင်ရတဲ့ ကျားဖောင်တစ်ခုပေါ်က ငါးဖမ်း၊ ငါးထိုး၊ ငါးခွဲစတဲ့ အလုပ်တွေဟာ တက္ကသိုလ်ကျောင်းသား တစ်ဦးအတွက် အလွန်ပင်ပန်းစေတဲ့ အလုပ်တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ ဖျားနာနေချိန်မှာတောင် အလုပ်မလုပ်ဘဲ နေလို့မရခဲ့ပါဘူး။ အလုပ် မလုပ်ဘဲနေပါက ဖောင်ဦးစီးက သူ့ကို ထိုးကြိတ်ရိုက်နှက် ပါတော့တယ်။ ထွက်ပြေးဖို့ရာအတွက်လည်း ကမ်းမမြင်လမ်းမမြင် ပင်လယ်ပြင်ထဲက မည်သို့မျှ လွတ်မြောက်နိုင်မှာ မဟုတ်တဲ့အတွက် သူကြိတ်ခံခဲ့ရပါတယ်။
ပင်လယ်ပြင်မှာ မြတ်သူရထွန်း စတင်ရောက်ရှိနေချိန်မှစပြီး ရန်ကုန်ဘက်က သူ့မိသားစုတွေကလည်း သူ့ကို အပူတပြင်း လိုက်ရှာဖွေနေခဲ့ပါတယ်။ မြတ်သူရထွန်း ပင်လယ်ပြင်အတွင်း ရောက်ရှိအပြီး တစ်လခွဲအကြာမှာတော့ သူ့ရဲ့မိသားစုဟာ သူအလုပ်လုပ်ကိုင်နေရတဲ့ နေရာကို ကိုယ့်အားကိုယ်ကိုး စုံစမ်းရင်း သိရှိလာခဲ့ပါတယ်။ သိလာခဲ့ပေမဲ့ အလွယ်တကူတော့ ပြန်ခေါ်နိုင်ခဲ့ခြင်း မရှိပါဘူး။ မြတ်သူရထွန်းကို အလုပ်ရှာပေးခဲ့တဲ့ ပွဲစားတွေဟာ သူ့ကို ရောင်းကုန်တစ်ခုလို သဘောထားပြီး ရောင်းချခဲ့တာ ဖြစ်တဲ့အတွက် မိသားစုဟာလည်း သူတို့ရဲ့ သွေးသားကို ပြန်လည် ရွေးချယ်ခဲ့ရပါတော့တယ်။
“လူသားဟာ ရောင်းကုန်တစ်ခု မဟုတ်ပါဘူး။ ဒါပေမဲ့ မြတ်သူရထွန်းကတော့ ရောင်းချခံခဲ့ရပါတယ်။ မိသားစုက ပြန်လာရွေးတဲ့အတွက် ကျွန်ပြုခံဘဝကနေ ပြန်လည် လွတ်မြောက်လာခဲ့ပေမယ့် လူမဆန်စွာ နှိပ်စက်ထားတဲ့ ဒဏ်ရာတွေနဲ့အတူ သူအိမ်ကို ပြန်ရောက်လာခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ မြတ်သူရထွန်းရဲ့ အကြောင်းဟာ သတင်းမီဒီယာတွေ၊ လူမှုကွန်ရက်တွေကနေတစ်ဆင့် တစ်နိုင်ငံလုံးအနှံ့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပါတယ်။ ပင်လယ်ပြင်အတွင်းက ခေတ်နောက်ပြန်ဆွဲ လူသားကျွန်ပြုနေမှုတွေကို မြတ်သူရထွန်းရဲ့ ဖြစ်ရပ်မှန် အဖြစ်အပျက်က ပြင်းထန်စွာ ရိုက်ခတ်ခဲ့ပါတော့တယ်။
သူ့ကိုရောင်းချခဲ့တဲ့ လူကုန်ကူးပွဲစား ဗလကြီး၊ နှိပ်စက်ခိုင်းစေခဲ့တဲ့ ဖောင်ဦးစီး ကျော်အောင်တို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ကျန်ရှိတဲ့သူတွေကို ဖမ်းဆီးအရေးယူနိုင်ရန် ရှာဖွေလျက် ရှိနေပါတော့တယ်။ ဒါ့အပြင် မြတ်သူရထွန်းကဲ့သို့ ကြုံတွေ့ခဲ့ရသူ လူငယ်အချို့လည်း ပင်လယ်ပြင် ကျွန်စနစ်အတွင်းကနေ လွတ်မြောက်လာခဲ့ရပါတယ်။
■ မြတ်သူရထွန်း ဖြစ်စဉ်ကြောင့် ဖုံးဖိထားလို့ မရတော့တဲ့ ပင်လယ်ပြင်ထဲက ကျွန်စနစ်
ဖျာပုံမြို့နယ် ပင်လယ်ကမ်းလွန်အတွင်းက ကျားဖောင်လုပ်ငန်းတွေအကြောင်းကို ယခင်နှစ်တွေတုန်းကလည်း ပြည်တွင်းမီဒီယာအချို့က ဂျာနယ်လစ်တွေက စုံစမ်းဖော်ထုတ် ရေးသားခဲ့ဖူးပါတယ်။ တိကျစွာ စုံစမ်းဖော်ထုတ်ထားတဲ့ အချက်အလက်တွေနဲ့ ပြည့်နေတဲ့ အဲဒီသတင်းဆောင်းပါးတွေကြောင့် ဒီကျားဖောင်လုပ်ငန်းတွေရဲ့ အကြောင်းကို ပြည်သူတွေ သိခွင့်ရခဲ့ပေမယ့် တစ်တိုင်းပြည်လုံး အတိုင်းအတာထိတော့ ပျံ့နှံ့ခဲ့ခြင်း မရှိခဲ့ပါဘူး။ ဒီအခြေအနေတွေက ရေးတဲ့သူက ရေးသော်လည်း ကျားဖောင်ပေါ်က အဖြစ်အပျက်တွေက ဆက်လက်၍ ပုံစံမပျက်ဘဲ ဆက်ရှိနေဖို့ကို ဖြစ်စေခဲ့ပါတယ်။
ပင်လယ်ပြင်အတွင်း ရေမိုင် ၂၀ ကျော် ခရီးနှင်ရတဲ့ နေရာက ရာဇဝတ်မှုတွေ၊ လူသားမဆန်မှုတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေ အရေးတယူလုပ်ခြင်းလည်း မရှိခဲ့ပါဘူး။ ဒါပေမဲ့ နိုဝင်ဘာလကုန်ပိုင်းမှာ မြတ်သူရထွန်း ပြန်လည် လွတ်မြောက်လာပြီး သူ့အကြောင်းဟာ တစ်နိုင်ငံလုံးပျံ့နှံ့ သိရှိစေခဲ့တဲ့ နောက်မှာတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေဟာ ဒီဖြစ်စဉ်ကို မျက်ကွယ်ပြုလို့ မရတော့ပါဘူး။ ဒီအတွက်အရေးယူမှုတွေ စုံစမ်းရှာဖွေဖမ်းဆီးမှုတွေ ပြုလုပ်လာခဲ့ရပါတော့တယ်။
သက်ဆိုင်ရာ တာဝန်ရှိသူတွေ အရေးစိုက်လာရတဲ့ မြတ်သူရထွန်းဖြစ်စဉ် ဖြစ်ပွားအပြီးမှာတော့ ပင်လယ်ပြင် ကျွန်စနစ်ကနေ ပြန်လည် လွတ်မြောက်လာခဲ့သူအချို့က သူတို့ရဲ့ အဖြစ်အပျက်တွေကို ထုတ်ဖော် ပြောဆိုခဲ့ကြပါတယ်။ ၂၀၁၈ ခုနှစ်အတွင်းက ရေးမြို့နယ်ဘက်တွင်ရှိသည့် ကျားဖောင်များထံ ရောင်းချခံခဲ့ရသူ အသက် ၃၀ ကျော်အရွယ်ရှိတဲ့ အမျိုးသားတစ်ဦးက သူ့ရဲ့အဖြစ်အပျက်ကို ကျောက်တံတားမြို့နယ် တရားရုံးရှေ့မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ အထွေထွေလုပ်သား တစ်ဦးတဲ့။ အဲဒီအမျိုးသားဟာ ဆိုရင် လသာမြို့နယ်အတွင်းက တန်ဖိုးနည်း ယမကာဆိုင် တစ်ဆိုင်မှာ စားသောက်နေရာကနေ လူကုန်ကူးပွဲစားများက သူ့ကို ခေါ်ဆောင်သွားကာ ပင်လယ်ပြင်အတွင်းက ကျားဖောင်များထံ ရောင်းချခဲ့တာပါ။ တိုက်ဆိုင်စွာနဲ့့ပဲ သူ့ကို လူကုန်ကူးခဲ့တဲ့ ပွဲစားဟာ မြတ်သူရထွန်းကို လူကုန်ကူးခဲ့တဲ့ ပွဲစားဗလကြီး ဖြစ်နေခဲ့တဲ့အတွက် ဗလကြီးကို ရဲတပ်ဖွဲ့က ကျောက်တံတားမြို့နယ် တရားရုံးသို့ ပို့ဆောင်စဉ် လာရောက် ကြည့်ရှုခဲ့ပါတယ်။
အဲဒီနောက်မှာတော့ သူ့ကိုလူကုန်ကူး ရောင်းချခဲ့သူဟာ မြတ်သူရထွန်းကို လူကုန်ကူးခဲ့သူပင် ဖြစ်ကြောင်း တရားရုံးရှေ့မှာ ထုတ်ဖော်ပြောဆိုခဲ့ပြီး မြတ်သူရထွန်း ကြုံတွေ့ခဲ့ရသလိုမျိုး သူကိုယ်တိုင်လည်း ကျားဖောင်များထံမှာ အနှိပ်စက်ခံခဲ့ရဖူးကြောင်း သက်သေပြ ပြောဆိုခဲ့ပါတယ်။ ဒီလိုမျိုး ဆက်တိုက်ဆိုသလို ကျားဖောင်တွေနဲ့ ပတ်သက်တဲ့ ဆိုးရွားတဲ့ အတွေ့အကြုံတွေ ထွက်ပေါ်လာပြီးတဲ့ နောက်တော့ ပင်လယ်ပြင်အတွင်းက လူသားကျွန်ပြုစနစ်ဟာ ဖုံးကွယ်ထားလို့ မရတော့ပါဘူး။ ဒါပေမဲ့ ငြင်းဆိုမှုတွေတော့ ထွက်ပေါ်လာခဲ့ပါတယ်။ အပြစ်တင်မှုတွေလည်း ထွက်ပေါ်လာခဲ့ပါတော့တယ်။
■ မြတ်သူရထွန်းအကြောင်း တိုင်းသိပြည်သိ ဖြစ်သွားလို့ တိုင်းပြည်စီးပွားရေး ထိခိုက်နိုင်တယ် ဆိုလာသူတွေ
တစ်ဖက်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ညှဉ်းပန်း နှိပ်စက်မှုတွေကြောင့် ပင်လယ်ပြင် ကျားဖောင်လုပ်ငန်း တွေဟာ နာမည်ဆိုးနဲ့ ကျော်ကြားပေမယ့် တစ်ဖက်မှာလည်း ပြည်တွင်း စျေးကွက်သာမက ပြည်ပစျေးကွက်အထိ ထိုးဖောက်ထားနိုင်တဲ့ ရေထွက်ကုန်တွေကြောင့် တိုင်းပြည်အတွက် လိုအပ်တဲ့ လုပ်ငန်းတစ်ခုလည်း ဖြစ်နေခဲ့ပါတယ်။ ဒီလိုမျိုး ဆုပ်လည်းဆူး စားလည်းရူးစေနိုင်တဲ့ အခြေအနေကြောင့် ကျားဖောင်လုပ်ငန်းတွေရဲ့ နာမည်ဆိုး၊ သတင်းဆိုးတွေကို ကမ္ဘာက သိသွားခဲ့ရင် အရေးယူပိတ်ဆို့မှုတွေ ပြုလုပ်လာနိုင်တဲ့အတွက် စိုးရိမ်နေသူတွေ ရှိပါတယ်။
ဒီလိုမျိုး စိုးရိမ်နေကြသူတွေဟာ ကျားဖောင်လုပ်ငန်းတွေမှာ ဖြစ်နေတဲ့ လူမဆန်မှုတွေကို ကမ္ဘာကြီးကို အသိပေးလိုခြင်း မရှိပါဘူး။ ဒါ့အတွက်ကြောင့် မြတ်သူရထွန်း ဖြစ်စဉ်ကို သတင်းမီဒီယာတွေက တညီတညာတည်း ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြမှုတွေ ပြုလုပ်လာတာကို အပြစ်တင်ပြောဆိုမှုတွေ ရှိလာပါတော့တယ်။
“ဖျာပုံပင်လယ်ပြင်ဟာ ငရဲခန်းကြီးလို ဖြစ်နေပြီးတော့ မတရားခိုင်းစေမှုတွေ၊ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ လူကုန်ကူးမှုတွေနဲ့ ယိုးဒယားတွေက အင်ဒိုနီးရှားကျွန်းပေါ်မှာ လုပ်ခဲ့သလို ရေးလိုက်တာကြောင့် ကျွန်တော်တို့ရဲ့ နိုင်ငံမှာ ရေလုပ်ငန်းရဲ့ ထွက်ကုန်တွေဟာ ဒီလိုညှဉ်းပန်း နှိပ်စက်ပြီး လူ့အခွင့်အရေးကို ချိုးဖောက်ပြီးတော့ ထုတ်လုပ်နေပါတယ်လို့ ဆိုခဲ့ရင် ကျွန်တော်တို့ရဲ့ ရေးသားတင်ပြမှုတွေဟာ အဲဒီအထိ ရောက်သွားခဲ့ရင် တိုင်းပြည်ရဲ့ စီးပွားရေးနဲ့ ရေလုပ်ငန်းရဲ့ စီးပွားရေးကို အထိနာလိမ်မယ့်”ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ဆိုပါတယ်။
ဒါ့အပြင် ဦးဝင်းကြိုင်က ကျားဖောင်လုပ်ငန်းတွေရဲ့ သဘောသဘာဝတွေကြောင့် ရာဇဝတ်တွေ လူကုန်ကူးမှုတွေ ရှိနေနိုင်ပေမဲ့ ဒီလုပ်ငန်းကြီး တစ်ခုလုံး၏ ဖြစ်တည်မှု အခြေအနေတွေကို ဘက်ပေါင်းစုံကနေ စဉ်းစားပြီး အဖြေရှာရန်နဲ့ များစွာသော လုပ်သားတွေကို အလုပ်အကိုင် ပေးထားနိုင်တဲ့ လုပ်ငန်းတစ်ခု ဖြစ်တာကြောင့် ဒီကျားဖောင်လုပ်ငန်းတွေကို မရှိသင့်ဘူးလို့ မပြောချင်တဲ့အကြောင်း ပြောခဲ့ပါတယ်။
“ဖျာပုံဒေသမှာ လုပ်ငန်းကြီးရဲ့ ဖြစ်တည်မှု၊ လူတွေ လုပ်ကိုင်နေမှု၊ အဲဒီလူတွေရဲ့ အကြောင်းတွေမှာ ဖြစ်တည်နေမှု။ အဲဒီပြဿနာတွေထဲမှာ အလုပ်ရှင်အလုပ်သမား ပြဿနာတွေ မရှိဘူး မပြောလိုဘူး။ ရှိမယ်။ ရာဇတ်ဝတ်မှုတို့လည်းရှိမယ်။ လူကုန်ကူးမှုလည်း မရှိဘူး မပြောနိုင်ဘူး။ ရှိကိုရှိမယ်။ လူလိုတော့ ပွဲစားတွေနဲ့ ရှာရတော့ ပွဲစားတွေ ပါလာတော့ လူကုန်ကူးမှုအပိုင်းတွေ ဖြစ်လာတယ်။ ရှိနိုင်တယ်။ အဲဒီငါးဖမ်းနည်းက ရိုးရာငါးဖမ်းနည်း ဖြစ်တဲ့အတွက် ပင်လယ်ထဲမှာ ခုနစ်လတာ ဖောင်ပေါ်မှာပဲ သွားနေရတဲ့ ငါးဖမ်းနည်း။ ဒီငါးဖမ်းနည်းက လူ့အခွင့်ရေးအရပဲဖြစ်စေ လုပ်ငန်းခွင် သတ်မှတ်ချက်အရပဲဖြစ်စေ ဆက်ရှိသင့်သလား။ မရှိသင့်သလားဆိုတာ အားလုံး ၀ိုင်းစဉ်းစားရမယ်။ လိုင်စင်ထုတ်ပြီး ဒီလုပ်ငန်းကို ဆက်ပြီး ခွင့်ပြုမလား။ မပြုသင့်ဘူးလားဆိုုတာ ဘက်စုံဝိုင်းစဉ်းစားရမယ်။ လူ့အခွင့်အရေးဘက်ကရော လုပ်ငန်းခွင်အခြေအနေရော၊ လုံခြုံမှုအပိုင်းရော ၀ိုင်းစဉ်းစားရမယ်။ ကျွန်တော်တို့က မရှိသင့်ဘူးပြောရင် ကျွန်တော်တို့ တရားခံ ဖြစ်မယ်။ နိုင်ငံရေးသမား မရှိသင့်ဘူးပြောရင် နိုင်ငံရေးသမား မဲမရဘူး။ သဘောက လူတွေအများကြီး အလုပ်လုပ်နေကြတာ။ အားလုံးဝိုင်းပြီး စဉ်းစားပြီး အဖြေထုတ်ရမယ်။ နောက်တစ်ခုက သယံဇာတ ထိန်းသိမ်းရေးကို ဒီငါးဖမ်းနည်းက အနှောင့်အယှက် ဖြစ်နေလား။ ဒါလည်း စဉ်းစားရမယ်။ ဘာမှမဖြစ်ရင် ရပ်တည်ခွင့်ပြုဖို့ လိုမလား။ ဒါမှမဟုတ် ပြုပြင်ပြောင်းလဲရမယ့် အချက်တွေ သူ့အထဲမှာ လက်ရှိဖမ်းနေတဲ့ ဘယ်လိုအချက်တွေနဲ့ စည်းကမ်းချက်တွေ သတ်မှတ်ပြီးတော့ လုပ်ဖို့လိုမလား အားလုံး ၀ိုင်းစဉ်းစားရမယ်”ဟု ဦးဝင်းကြိုင်က ပြောခဲ့ပါတယ်။
■ ဖျာပုံက ကျားဖောင်လုပ်သားတွေ ဘယ်လိုရောက်လာကြတာလဲ။ ဘယ်သူတွေပါနေလဲ။ ဘာတွေဖြစ်နေလဲ
ဖျာပုံဘက်က ပင်လယ်ပြင် ကျားဖောင်လုပ်ငန်းတွေက ထွက်တဲ့ ရေထွက်ကုန်တွေဟာ ပြည်တွင်း စားသောက်ကုန်စျေးကွက်မှာ ရောင်းအားကောင်းပြီး မျက်နှာပန်းလှတဲ့ စျေးကွက်ဝင်ပစ္စည်းတွေ ဖြစ်ပါတယ်။ ဖျာပုံ ပင်လယ်ပြင်ကျားဖောင်လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌရဲ့အဆိုအရ ရန်ကုန်မြို့မှာရှိတဲ့ ဘုရင့်နောင်ပွဲရုံမှာ ရောင်းချနေတဲ့ ရေထွက်ကုန်တွေရဲ့ ထက်ဝက်ခန့်လောက်ဟာ ဖျာပုံ ကျားဖောင်လုပ်ငန်းက တင်ပို့ရောင်းချထားတဲ့ ရေထွက်ကုန်တွေ ဖြစ်တယ်လို့ သိရပါတယ်။
ဒါတွေအပြင် ပြည်ပစျေးကွက်အထိပါ ထိုးဖောက်နိုင်တဲ့ ဒီရေထွက်ကုန်တွေဟာ ရောင်းတမ်းဝင်တာနဲ့အမျှ ထုတ်လုပ်ဖို့လည်း လုပ်သားဦးရေ များစွာ လိုအပ်လာပါတယ်။ စျေးကွက် လိုအပ်ချက် ပြည့်မီနိုင်ဖို့အတွက် ရေထွက်ကုန်တွေကို လုံလုံလောက်လောက် ထုတ်လုပ်ရမှာပါ။ ကြီးမားတဲ့ စျေးကွက်ကြောင့် လိုအပ်တဲ့ပမာဏကို ထုတ်လုပ်နိုင်ဖို့ရာ လုပ်သားများစွာကိုလည်း လိုအပ်လာပါတယ်။ ဦးဝင်းကြိုင်ရဲ့ ပြောကြားမှုတွေအရ ဒီကျားဖောင်လုပ်ငန်းတွေက လုပ်သား သုံးသောင်းလောက် အလုပ်ပေးထားတယ်လို့ သိရပါတယ်။
ကမ်းမမြင်လမ်းမမြင် ပင်လယ်ပြင်အတွင်းမှာ လနဲ့ချီပြီး သွားရောက် လုပ်ကိုင်ရမယ့် ဒီလုပ်ငန်းကို လုပ်ကိုင်ချင်တဲ့သူတွေ ရှိနိုင်ပေမယ့် များသောအားဖြင့် မလုပ်လိုသူတွေက ပိုများနိုင်ပါတယ်။ ဒီလိုအခြေအနေတွေမှာ ရေလုပ်ငန်းရှင်တွေဟာ သူတို့ရဲ့ ကျားဖောင်လုပ်ငန်းတွေမှာ လုပ်ကိုင်ဖို့ လာရောက်သူ မည်သူကိုမဆို လက်ခံပြီး အလုပ်ပေးခဲ့ပါတယ်။ တရားဥပဒေ စိုးမိုးသက်ရောက်မှု သိပ်ပြီးတော့ များများစားစား မရှိနိင်တဲ့ ပင်လယ်ပြင် ကျားဖောင်လုပ်ငန်းမှာ လာရောက် အလုပ်လုပ်နေကြသူတွေထဲမှာ တရားဥပဒေပြင်ပက တရားခံပြေးတွေလည်း ပါဝင်နေတယ်လို့ သိရပါတယ်။
ဒီလို တရားခံပြေးတွေဟာ တရားဥပဒေရဲ့ အပြစ်ပေးမှုကို မခံလိုတဲ့အတွက် တရားဥပဒေနဲ့ ဝေးရာနေရာဖြစ်တဲ့ ပင်လယ်ပြင်ထဲက အလုပ်ကို လာရောက် ရွေးချယ်တဲ့အခါမှာ ရေလုပ်ငန်းရှင်တွေကလည်း သူတို့ရဲ့လုပ်ငန်းမှာ လုပ်သား လိုအပ်ချက်ကြောင့်ဆိုပြီး အလုပ်ပေးခဲ့တာတွေ ရှိတယ်လို့ ဖျာပုံပင်လယ်ပြင် ကျားပိုက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသံချောင်း က ဝန်ခံပြောဆိုခဲ့ပါတယ်။
“ဒါ့အပြင် ရေလုပ်ငန်းရှင်တွေအနေနဲ့ သူတို့အလုပ်မှာ လိုအပ်တဲ့ လုပ်သားတွေကို လိုက်လံရှာဖွေနိုင်ခြင်း မရှိတာကြောင့် အလုပ်ခေါ်ပွဲစားတွေက ခေါ်လာသမျှတွေကို လက်ခံပြီး အလုပ်ပေးခဲ့တယ်လို့ ဆိုခဲ့ပါသေးတယ်။ ဒီအတွက် ကျားဖောင်လုပ်ငန်းမှာ လုပ်ကိုင်နေသူတွေထဲမှာ တက္ကသိုလ် ကျောင်းသားတွေလည်း ပါဝင်နိုင်သလို တရားခံပြေးတွေလည်း ပါဝင်နေနိုင်တဲ့အတွက် ရာဇဝတ်မှုတွေ၊ ညှဉ်းပန်းနှိပ်စက်မှုတွေ ရှိနေရတာ ဖြစ်တယ်လို့ သုံးသပ်ကြည့်လို့ ရပါတယ်။
77184134_449441445982490_3746483178978672640_o.jpg

ရေမိုင် ၂၀ ကျော်တွင်ရှိသည့် ကျားဖောင်လုပ်သားများအတွက် ရိက္ခာပို့သည့်သင်္ဘောကို ဖျာပုံကမ်းခြေတစ်ခုတွင် တွေ့ရစဉ်
ကျားပိုက် လုပ်ငန်းရှင်တွေဘက်ကတော့ ပင်လယ်ပြင်ထဲမှာ ရှစ်လလောက် နေထိုင်ပြီး လုပ်ကိုင်ရသည့် အလုပ်ဖြစ်တဲ့အတွက် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်ပေါ်လာပြီး ရာဇဝတ်မှုတွေကို ကျူးလွန်ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါတွေအပြင် လာရောက်တဲ့ လုပ်သားတွေထဲမှာ မူးယစ်ဆေး စွဲနေတဲ့သူတွေ ပါတဲ့အတွက် ပင်လယ်ပြင်ထဲမှာ အနေကြာလာတဲ့အခါ စိတ်ဖောက်ပြီး ရေထဲခုန်ချတာတွေ ဖြစ်လာတာပါလို့ လုပ်ငန်းရှင်တွေဘက်က ပြောခဲ့ပါတယ်။
ဒီလိုမျိုး ပြောဆိုမှုတွေအပြင် ကျားပိုက်လုပ်ငန်းရှင်တွေကတော့ သူတို့ရဲ့ လုပ်သားတွေကို အချင်းချင်း နှိပ်စက်တာတွေ၊ မလုပ်ဖို့၊ သတ်ဖြတ်တာတွေ၊ ခိုက်ရန်ဖြစ်ပွားခြင်းတွေ မလုပ်ဖို့ရန် ပြောဆိုထားတာတွေရှိပြီး ဒီလိုမျိုးတွေ မဖြစ်လာဖို့ရန်အတွက် ကျားဖောင်တစ်ခုမှာ ဒေသတူ လုပ်သားနှစ်ဦး မထားရှိရန် ပြောထားတာမျိုးတွေ ပြုလုပ်ထားတယ်လို့ ဆိုပါတယ်။ ဒီလိုမျိုး မထားရတာဟာ ဒေသတူနှစ်ဦး ပေါင်းပြီး အခြားကျန်တစ်ဦးကို နှိပ်စက်တာတွေ၊ သတ်ဖြတ်တာတွေ ဖြစ်လာမှာစိုးလို့ဟု ဆိုပါတယ်။
ဒီလိုမျိုးတွေအပြင် လုပ်ငန်းရှင်တွေက သူတို့ရဲ့ လုပ်သားတွေကို လစာကြိုတင် ငွေပေးချေမှုတွေ ပြုလုပ်ထားသည့်အတွက် လစာရယူပြီး ဖြစ်ခြင်းကြောင့် ပေးချေရသည့် ပမာဏအတိုင်း အလုပ်လုပ်ခိုင်းတာ ဖြစ်တယ်လို့ သိရပါတယ်။ ကြိုတင်လစာ ပေးချေငွေတွေကိုတော့ လုပ်သားတွေရဲ့ မိသားစုတွေဆီကို ပေးတာ ဖြစ်တယ်လို့လည်း လုပ်ငန်းရှင်တွေဘက်က ဆိုပါတယ်။
ကျားပိုက်လုပ်ငန်းရှင်တွေက သူတို့ရဲ့ အလုပ်သမားတွေကို လူခေါ်ပွဲစားတွေရဲ့ ရှာဖွေ ပို့ဆောင်မှုကနေ ရရှိပါတယ်။ ပွဲစားတွေ ခေါ်လာတဲ့သူတွေဟာ မည်သူမည်ဝါ ဖြစ်တယ်ဆိုတာကို ခေါ်လာပေးတဲ့ ပွဲစားနဲ့အတူ မှတ်တမ်းတင်ထားတွေ ပြုလုပ်ပါတယ်။ ပွဲစားအများစုကတော့ သူတို့ ခေါ်လာတဲ့ သူတွေဟာ သူတို့ရဲ့ မိသားစုဝင်တွေ ဖြစ်ကြောင်း ပြောတတ်ကြပြီး အဲဒီအတွက် ကြိုတင်လစာငွေတွေ တောင်းခံရင် ပေးလိုက်ရခြင်း ဖြစ်တယ်လို့ လုပ်ငန်းရှင်တွေက သူတို့ အလုပ်သမားရှာဖွေမှုပုံစံကို ပြောခဲ့ပါတယ်။
■ အလုပ်သမား ခေါ်ပေးတာလား၊ လူကုန်ကူး ရောင်းချတာလား
ကျားပိုက်လုပ်ငန်းမှာ လုပ်သားပေါင်း သုံးသောင်းနဲ့ ကျားဖောင် တစ်သောင်းနီးပါး ရှိနေတယ်လို့ သိရပါတယ်။ ဒီအရေအတွက် များစွာထဲကမှာ အလုပ်သမားတွေရဲ့ ကိုယ်ရေးအချက်အလက် တိတိကျကျကို ပေးထားတဲ့ အလုပ်သမားအရေအတွက်က ၁၀ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်လို့ ဖျာပုံ ပင်လယ်ပြင် ကျားပိုက်လုပ်ငန်းရှင်အသင်းဥက္ကဋ္ဌက ပြောခဲ့ပါတယ်။ ဒီအချက်အပြင် အထက်မှာဖော်ပြခဲ့တဲ့ မည်သည့်နေရာက လာသည်ဖြစ်စေ အလုပ်သမားလိုတဲ့အတွက် အလုပ်လုပ်မယ်ဆို အလုပ်ပေးတယ်လို့ သိရတဲ့အတွက် လူခေါ်ပွဲစားတွေအတွက် ကျားပိုက်လုပ်ငန်းဟာ မျက်စိကျစရာနေရာ ဖြစ်နေရပါတယ်။
လုပ်ငန်းရှင်တွေဘက်ကလည်း သေသေချာချာ စိစစ်ခြင်း မရှိတဲ့အတွက် လူခေါ်ပွဲစားခေါ် လူကုန်ကူးသမားတွေဟာ မြတ်သူရထွန်း ကဲ့သို့သော လူငယ်တွေကို နေရာအနှံ့ကနေပြီး ရှာဖွေကာ ကျားပိုက်လုပ်ငန်းတွေကို ပို့ဆောင်လာပါတယ်။ ဒီအခြေအနေကို ကျားပိုက်လုပ်ငန်းရှင်တွေက လူရောင်းချတာ မဟုတ်ကြောင်း၊ သူတို့တွေက အလုပ်သမား ခေါ်လာပေးပြီး မိသားစုဝင်လို့ ပြောတဲ့အတွက်သာ ကြိုတင်ငွေလစာ ပေးလိုက်ခြင်းဖြစ်ကြောင်း ဆိုခဲ့ပါတယ်။
ဒီလိုမျိုး နှစ်ဦးနှစ်ဖက် သဘောတူညီမှုရှိနေတဲ့ အခြေအနေတွေက လူကုန်ကူးမှု ဖြစ်စဉ်များစွာကို ဖြစ်ပေါ်လာစေပြီး အချို့သော လူကုန်ကူးခံရသူများသည် ပင်လယ်ပြင်ထဲမှာ ပျောက်ဆုံးသွားပြီး မိသားစုထံ ပြန်မရောက်လာနိုင်တော့တဲ့ အခြေအနေများ ရှိနေနိုင်တာလည်း ဖြစ်ပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ ကျားပိုက်လုပ်ငန်းရှင်တွေဟာ သူတို့ခေါ်ယူတဲ့ လုပ်သားတွေကို အသေးစိတ် စိစစ်ပြီးမှ မခေါ်ယူခဲ့တာကြောင့် လူပျောက်လာရှာကြတဲ့ မိသားစုတွေအတွက် သူတို့ရဲ့ မိသားစုဝင်တွေ ကျားဖောင်များတွင် ရှိ မရှိကို သိနိုင်ရန်ပင် ခက်ခဲနေတာကို တွေ့ရပါတယ်။
■ ကျားဖောင်လုပ်ရင်း သေဆုံးသူတွေအတွက် လုပ်ငန်းရှင်တွေ ဘာတွေလုပ်ပေးလဲ
ကျားဖောင်လုပ်ငန်း လုပ်ကိုင်ရင်း လုပ်သားအချင်းချင်း ပြဿနာဖြစ်၍ လူသတ်ခြင်း ဖြစ်စေ၊ ရေထဲခုန်ချ ပျောက်ဆုံးသွားခြင်းကြောင့်ဖြစ်စေ စတဲ့ သေဆုံးသူတွေအတွက် လုပ်ငန်းရှင်တွေဘက်က နစ်နာကြေး လေးသိန်းခွဲ ကရုဏာကြေးဖြင့် ပေါင်းကာ စုစုပေါင်း ခြောက်သိန်း သေဆုံးသူတွေရဲ့ မိသားစုတွေကို ပေးတယ်လို့ ဦးသံချောင်းရဲ့ ရှင်းလင်းပြောကြားမှုတွေအရ သိရပါတယ်။ ဒီအခြေအနေတွေအပြင် ရာဇဝတ်မှုကျူးလွန်တဲ့ လုပ်သားကိုလည်း သက်ဆိုင်ရာကို အပ်နှံပါတယ်ဟုလည်း ဆိုခဲ့ပါသေးတယ်။
လူတစ်ဦး သေဆုံးမှုအတွက် ပေးတဲ့ ကျပ်ငွေခြောက်သိန်းဟာ လုပ်ငန်းရှင်ကပေးတဲ့ ကရုဏာကြေး အပါအဝင် ဖြစ်ပါတယ်။ အလယ်အလတ်တန်းစား မိသားစုတစ်စုရဲ့ တစ်လစာ အသုံးစရိတ်လောက်သာရှိတဲ့ ငွေကြေးပမာဏကို ကျားဖောင်လုပ်ငန်းတွေမှာ သေဆုံးရတဲ့ သူတွေအတွက် နစ်နာကြေးအဖြစ် သတ်မှတ်ထားတာလည်း ဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေအတွက် ကျားဖောင် လုပ်ငန်းရှင်တွေက တိကျတဲ့ ဥပဒေ သတ်မှတ်ချက်မျိုးကို ချမှတ်ပေးဖို့က သက်ဆိုင်ရာ တာဝန်ရှိသူတွေ လုပ်ပေးရမှာ ဖြစ်တယ်လို့ ဖြေရှင်းချက်ပေးတာကို တွေ့ရပါတယ်။
ပင်လယ်ပြင်အတွင်း ရှစ်လတာ သွားရောက် လုပ်ကိုင်ရမယ့် ကျားဖောင်လုပ်သား တစ်ဦးရဲ့ လစာဟာ ခြောက်သောင်းကျပ် ဖြစ်တယ်လို့ သိရပါတယ်။ တစ်ရက်ကို နာရီ ၂၀ လောက် လုပ်ကိုင်ရတယ်လို့ ကျားဖောင်လုပ်သားအဖြစ်မှ လွတ်မြောက်လာသူတွေက ပြောကြပေမဲ့ လုပ်ငန်းရှင်တွေကတော့ လုပ်သားတစ်ဦးကို တစ်ရက်လျှင် ရှစ်နာရီသာ အလုပ်ခိုင်းခြင်း ဖြစ်တယ်လို့ လုပ်ငန်းရှင်အချို့က အခိုင်အမာ ပြောကြပါတယ်။
တစ်လ ခြောက်သောင်းဆိုသည့် လစာဟာ တစ်ရက်လျှင် ပျမ်းမျှ ၂၀၀၀ ကျပ်ရရှိခြင်း ဖြစ်သည့်အတွက် လုပ်သားတစ်ဦးအတွက် အလွန်ကို နည်းပါးတယ်လို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင် လုပ်ငန်းရှင်တွေက ပင်လယ်ပြင်အတွင်းက လုပ်သားတွေရဲ့ ကျန်းမာရေးအတွက် စောင့်ရှောက်မှုတွေ ပြုလုပ်ပေးထားပါတယ်လို့ ဆိုကြပေမဲ့ ဝေးကွာတဲ့ ပင်လယ်ပြင်အတွင်း တစ်လလျှင် နှစ်ကြိမ်ခန့်သာ ရိက္ခာထောက်သင်္ဘော ရောက်တဲ့ လုပ်ငန်းအတွက်တော့ သေချာစွာ သိရှိနိုင်ရန် ခက်ခဲတာကို တွေ့ရပါတယ်။
78488148_449441712649130_6091877768927117312_o.jpg

ကျားဖောင်လုပ်သားများနေထိုင်သည့် ခါးပြတ်ရွာကို တွေ့ရစဉ်
အထက်ပါ အချက်အလက်တွေဟာ မြတ်သူရထွန်းဖြစ်စဉ်ရဲ့ ရိုက်ခတ်မှုကြောင့် နိုဝင်ဘာ ၃၀ ရက်မှာ ဖျာပုံ ကျားဖောင်လုပ်ငန်းရှင်အသင်းက ရှင်းလင်းပြောကြားတဲ့ အချက်အလက်တွေလည်း ဖြစ်ပါတယ်။ ပြည်ပအထိ ထိုးဖောက်နေတဲ့ ရေထွက်ကုန်တွေ ရှာဖွေပေးနေတဲ့ လုပ်သားတစ်ဦးရဲ့ လစာဟာ ခြောက်သောင်းကျပ်ခန့် ဖြစ်တယ်လို့ လုပ်ငန်းရှင်တွေကိုယ်တိုင် ပြောကြားခဲ့တာကို တွေ့ရပါတယ်။ အလုပ်သမား ရှာဖွေရာမှာလည်း လူကုန်ကူးပွဲစားတွေ ခေါ်လာသမျှ လက်ခံပေးနေတဲ့ အခြေအနေဖြစ်ကြောင်းလည်း ပြောခဲ့ပါတယ်။
ဖျာပုံမြို့နယ်မှာ ခါးပြတ်ကျေးရွာဟာ ပင်လယ်ကမ်းစပ်မှာ တည်ရှိပြီး ကျားပိုက်လုပ်ငန်း လုပ်ကိုင်တဲ့ ရွာဖြစ်ပါတယ်။ ဒီရွာလေးမှာ လူပျောက်ကြော်ငြာစာ ကပ်ထားသည်များကို ဟိုတစ်စ ဒီတစ်စ တွေ့နိုင်ပါတယ်။ မြတ်သူရထွန်းကဲ့သို့ ပြန်လည် တွေ့ရှိသူတွေရှိသလို ပြန်မလာနိုင်တော့သူတွေလည်း ရှိနိုင်ပါတယ်။ ဒီအခြေအနေတွေအတွက် အလုပ်သမားစာရင်း တိတိကျကျကိုလည်း ကျားဖောင်လုပ်ငန်းတွေမှာ မထားရှိခဲ့ပါဘူး။
ဒီရေလုပ်ငန်းဟာ နိုင်ငံအတွက် အရေးပါတဲ့အတွက် ရပ်တန့်ပစ်ဖို့ မဖြစ်သင့်ပေမဲ့ တိကျသည့် စာရင်းဇယားမျာဖြင့်၊ ဥပဒေများ သတ်မှတ်ကာ ဆောင်ရွက်ဖို့တော့ လိုအပ်နေပြီလည်း ဖြစ်ပါတယ်။ ဒီအခြေအနေအတိုင်းပဲ ဆက်လက်ထားရှိမယ်ဆိုရင် ဖျာပုံ ကျားဖောင်လုပ်ငန်းဟာ လူတွေကို ရောင်းချတဲ့ နေရာတစ်ခုအဖြစ် ဆက်လက် သတ်မှတ်ကြမှာဖြစ်ပြီး ငါးလုပ်ငန်းအဖွဲ့ချုပ် ဦးဝင်းကြိုင် ပြောခဲ့သလို ဒီလိုဖြစ်စဉ်တွေကို ကမ္ဘာက သိသွားလျှင် ပိတ်ဆို့မှုတွေ ရှိလာနိုင်ပါတယ်။
“ဒီလုပ်ငန်း ဖြစ်တည်နေတဲ့အပေါ်မှာ အားနည်းချက်တွေ ရှိလိမ့်မယ်။ အားနည်းချက်တွေအပေါ်မှာ ခေတ််ကာလနဲ့ လျော်ညီအောင် ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ လိုအပ်တယ်ဆိုရင် သက်ဆိုင်ရာတွေနဲ့ လုပ်ငန်း လုပ်ဆောင်သူတွေ လုပ်ကြ။ ဒီလုပ်ငန်းက လုပ်ငန်းသဘောအရ မလုပ်သင့်ဘူးဆိုရင် လိုင်စင်မပေးနဲ့ ဒါပဲရှိတယ်။ ဥပဒေဘောင်ထဲက ဘက်စုံစဉ်းစားရမယ်။ ထွက်ကုန်တွေက အရေးကြီးတယ်။ ဘက်စုံ စဉ်းစားရမယ်။ ပြည်ပပို့ကုန်အထိ သွားတယ်။ လူသုံးသောင်းလောက်ကို အလုပ်ပေးထားတယ်။ သို့သော် အလုပ်အကိုင်နဲ့ ထွက်ကုန်အရ စဉ်းစားရမယ့် အပိုင်းတစ်ခု။ တစ်ဖက်က ဖြစ်ပေါ်နေတဲ့ လူကုန်ကူး ပြဿနာပေါ်မှာ အပိုင်းတစ်ခု စဉ်းစားပြီးတော့ ဒီဘက်က ပြန်စဉ်းစားတော့ လူသုံးသောင်းကို အလုပ်ပေးထားတယ်။ ထွက်ကုန်က ပြည်ပအထိ သွားတယ်။ ငါးစားနပ်ရိက္ခာတွေ ထုတ်နေတယ်။ အဲဒါတွေ ဆုံးရှုံးရင်တော့ နှမြောစရာတွေပေါ့။ ဒီဘက်က ပြဿနာတွေ အများကြီးရှိတယ်လို့ စွပ်စွဲခဲ့ရင်တော့ ပြဿနာတွေကြားထဲ ဒီလုပ်ငန်း ဆက်ရပ်တည်မှုပေးရင်တော့ မှားသွားမှာပေါ့” ဟုဦးဝင်းကြိုင်က ပြောခဲ့ပါတယ်။










