အာဖရိကဗင်းနစ်၏ ကံကြမ္မာ

အာဖရိကဗင်းနစ်၏ ကံကြမ္မာ
Published 1 December 2019
မြတ်သစ်

ဂျွန်အီရိုမိုဆီလီသည် နိုင်ဂျီးရီးယားနိုင်ငံ မီဂါမြို့တော် လာဂိုးစ်မြို့ရှိ ရေပေါ် ဆင်းရဲသားရပ်ကွက် မိုကိုကိုမြို့ရှိ ချောင်းမြောင်းများကို စမတ်ဖုန်းဖြင့် မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးနေသည်။ မိုကိုကို အရပ် ဒေသကို နိုင်ဂျီးရီးယားနိုင်ငံနေ ပြည်သူများက ‘အာဖရိကတိုက်၏ ဗင်းနစ်မြို့’ဟု တင် စားခေါ်ဝေါ်ကြသည်။ မိုကိုကိုရှိ ရေလမ်းကြောင်းများသည် သစ်ပင်များ တစ်ဖက်တစ်ချက်တွင် စိုက်ပျိုးထားသော လမ်းမကျယ်နှင့်တူကြောင်း၊ ရေယာဉ်များ၊ လှေများ အဆက်မပြတ် သွားလာနေကြောင်း အီရိုမိုဆီလီက ပြောကြားသည်။ ကွန်ပျူတာဖြင့် စာရင်းအင်းများ အချက်အလက်များကို မှတ်တမ်းတင်နေသော အီရိုမိုဆီလီက ပြောကြားလိုက်သည်။ သူ လိုက်ပါလာသော လှေသည် ရေပေါ်တွင် ဆောက်လုပ်ထားသော သစ်သားအိမ်များအနီး ရောက်နေသည်။

အမှန်တကယ်၌ မိုကိုကိုသည် တရားဝင် မတည်ရှိပေ။ ရေပေါ်အိမ်များတွင် လောလောဆယ် နေထိုင်သူ သုံးသိန်းခန့်ရှိသည်ဟု ခန့်မှန်းထားကြသော်လည်း လူဦးရေ စာရင်းဇယားအတိအကျကို မည်သူမျှ မခန့်မှန်းနိုင်ပေ။ ယိုယွင်းပျက်စီးနေသော ခနော်နီခနော်နဲ့ နေအိမ်များသည် မြို့ပြ တည်ဆောက်ရေးဆိုင်ရာ စီမံကိန်းတွင် မပါရှိ။ မြေပုံထဲတွင်လည်း မပါဝင်။

တောင်အာဖရိက အခြေစိုက်အစိုးရ မဟုတ်သော အရပ်ဘက်လူ့အဖွဲ့အစည်းများက ယခုကဲ့သို့ မေ့လျော့ပစ်ပယ်ခံထားရသည့် အနေအထားမျိုး မဖြစ်စေချင်ကြပေ။ သမိုင်းကြောင်း ပြန်ကြည့်မည်ဆိုပါက ၂၀၁၂ ဇူလိုင်တွင် လာဂိုးစ်ပြည်နယ်အစိုးရက မိုကိုကိုရှိ ခြေတံရှည်အိမ်များကို ဖျက်သိမ်းပစ်ရန် အမိန့်ပေးခဲ့သဖြင့် လူသုံးထောင်ခန့် နေစရာ ပျောက်ကွယ်ခဲ့ရသည်။ ရေပြင်ပေါ်တွင် ခြေတံရှည်နေအိမ်ဖြင့် နေရ သော ပြည်သူများ၏ ဘဝသည် ဘာတစ်ခုမှ မရေရာပေ။ မိုကိုကိုအရပ်သည် အစိုးရက အသိအမှတ်ပြုခြင်း မခံရသောအရပ် ဆင်းရဲ သားရပ်ကွက်ဖြစ်သည်။ အစိုးရတာဝန်ရှိသူများက ဖျက်ပစ်ခဲ့သော်လည်း ပျောက်ကွယ်မသွားဘဲ တစ်စတစ်စများလာခဲ့သည်။ မိုကိုကိုတွင် နေထိုင်မှုများက မိမိတို့ နေထိုင်ရာ ရေပြင်ပါ်မှ အရပ်ကို တရားဝင် မြေပုံစာရင်းထဲ ပါစေလိုသည်။ အရပ်ဘက်အဖွဲ့အ စည်းများကလည်း ဤအရပ်ကို အစိုးရက တရားဝင် အသိအမှတ်ပြုစေချင်ကြသည်။

‘‘ဒီမှာရှိတဲ့ လမ်းတွေမှာ နာမည်မရှိဘူး။ အိမ်တွေမှာလည်း အိမ်နံပါတ်မရှိဘူး။ လူ ၅၀ လောက်က အိမ်နံပါတ်တစ်ခုတည်းကိုပဲ အသုံးပြုနေတာမျိုးရှိတယ်’’ဟု မိုကိုကိုတွင် နေထိုင်သော သက်ကြီးရွယ်အိုတစ်ဦးလည်း ဖြစ်၊ ရပ်ရွာလူကြီးလည်းဖြစ်သူ တယ်ဘတ် ဂျေဂျေက ပြောသည်။

‘‘ငါတို့ ဆင်းရဲနွမ်းပါးသူတွေကို ဘယ်သူကမှ အရာမသွင်းကြဘူး။ အစိုးရတာဝန် ရှိပုဂ္ဂိုလ်တွေလည်း ခြေဦးတောင် မလှည့်ကြဖူး’’ဟု ဂျေဂျေက ရှင်းပြသည်။

စိတ်ကူးယဉ်လွမ်းမောဖွယ် ဗင်းနစ်မြို့တော်နှင့်တူသည်ဟု တင်စားခံရသော မိုကိုကိုကိုသို့ လာရောက်လည်ပတ်သူများအနေ ဖြင့် သာယာလှပသော ရှုခင်းများကို မခံစား ရဘဲ မီးစက်များမှ ထွက်နေသော ဓာတ်ဆီငွေ့ကြောင့် အသက်ရှူကျပ်ကာ ကျန်းမာ ရေးထိခိုက်ကြသလို၊ ငါးမီးကင်ထားသည့် အနံ့ များကလည်း ဆိုးရွားလှသည်။ မိုကိုကို သည် အုပ်ချုပ်ရေးမရှိသော အရပ်ဒေသ ဖြစ်သည်။ ချောင်းကြိုချောင်းကြား ရေလက် ကြားဒေသ ဖြစ်သဖြင့် လျှပ်စစ်မီးလည်းမရ။ သန့်ရှင်းသော သောက်သုံးရေ ပေးဝေသည့် ရေပိုက်လိုင်းလည်းမရှိ။ အစိုးရ စာသင် ကျောင်းလည်း မရှိ။ ဆေးရုံလည်း မရှိ။ ရဲစခန်းလည်း မရှိ။

ဤကဲ့သို့ အုပ်ချုပ်ရေးစနစ်မရှိသော အရပ်ကို တရားဝင် စနစ်တကျ သတ်မှတ် ဖွဲ့စည်းထားသော အရပ်ဒေသတစ်ခုအဖြစ် ရောက်ရှိရေး အစီအစဉ်ကို ပြီးခဲ့သည့် စက်တင်ဘာတွင် စတင်ခဲ့သည်။ အမေရိကန် အခြေစိုက် ပူလစ်ဇာစင်တာနှင့် အကျိုးအမြတ်မကြည့်သော အရပ်ဘက်အဖွဲ့အစည်း တစ်ခုဖြစ်သည့် Humanitarian Open Streen Map တို့က မိုကိုကိုအရပ်နှင့်ပတ်သက် ၍ သုတေသနပြုလုပ်ခဲ့ပြီး လေ့လာတွေ့ရှိမှု များကို လူအများကြည့်ရှုနိုင်ရန် ထုတ်ပြန်ခဲ့ သည်။ ပထမဦးစွာ ယင်းဆင်းရဲသားရပ်ကွက်တွင် နေထိုင်သော လူငယ်များကို ဒရုန်းအသုံးပြု နည်းကို သင်ကြားပေးသည်။ မြေပုံတွင် ထည့်သွင်းရန် လိုအပ်သည့် အ ချက်အလက် များကို မှတ်တမ်းတင်စေသည်။

‘‘ခုလို သုတေသနပြုချက်တွေကြောင့် သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ နိုင်ငံတကာက ပုဂ္ဂိုလ်တွေအနေနဲ့ မိုကိုကိုမှာ ဖြစ်နေတဲ့ ကျန်းမာရေးအခြေအနေတွေ သန့်ရှင်းတဲ့ ရေအခက်အခဲဖြစ်နေတာတွေကို သိ ရှိစေမှာ ဖြစ်ပါတယ်’’ဟု မိုကိုကိုနှင့် ပတ်သက်သည့် စီမံကိန်းကို ဦးဆောင်နေသူတစ်ဦးက ရှင်းပြသည်။

 AFP)

ပထမအဆင့် ဒရုန်းဖြင့် ဓာတ်ပုံပေါင်း ၁၀၀၀ ကျော်ကို မှတ်တမ်းတင်နိုင်ခဲ့သည်။ ယင်းဓာတ်ပုံများကို ပညာရှင်များက စနစ်တကျမှတ်တမ်းတင်ခဲ့ကြသည်။ ဓာတ်ပုံများ ကို ပုံကြီးချဲ့လေ့လာကြသည်။ ဒရုန်းဖြင့် မှတ်တမ်းတင်ခြင်းလုပ်ငန်းကို လုပ်ဆောင် သူများမှာ ဒေသခံလူငယ်များ ဖြစ်ကြပြီး အမျိုးသမီးများလည်း ပါဝင်သည်။ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးသောနေ့၊ တွေ့ရှိရသည့် မြေပြင်အနေအထားများကို အသေးစိတ် မှတ်သားပြီး မြေပုံအဖြစ် စနစ်တကျရေးဆွဲ ကြသည်။

လုပ်အားပေးထဲ ပါဝင်သူတစ်ဦးသည် စမတ်ဖုန်းကို လက်ထဲ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း ရေပြင်မြေပြင်အနေအထားများကို မှတ်တမ်းတင်လျက်ရှိသည်။ Code of Africa ဟု အမည်ပေးထားသော သာမန်ပြည်သူများ၏ဘဝကို ဒစ်ဂျစ်တယ် ဒီမိုကရေစီဖြင့် မြှင့်တင်ရေးလုပ်ငန်းစဉ်သည် နိုင်ဂျီးရီးယားနိုင်ငံ လာဂိုးစ်ရှိ မိုကိုကိုသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ဒစ်ဂျစ်တယ် ဒီမိုကရေစီဆိုသည့် ဝေါဟာရထဲမှာ ဒစ်ဂျစ် တယ် နည်းပညာရပ် အသုံးပြုမှုပါသည်။ အချက်အလက်များကို ဆန်းစစ်လေ့လာ ပြုစုသော ဂျာနယ်လစ်ဇင်လည်း ပါသည်။ အထူးသဖြင့် အမျိုးသမီးငယ်လေးများကို ဒစ်ဂျစ်တယ် ဒီမိုကရေစီလှုပ်ရှားသူများထဲ ပါဝင်စေသည်။

ခေတ်နောက်ကျနေသော လူ့အဖွဲ့အစည်း အစဉ်အလာ အယူအဆများကိုသာ လက်ခံနေသော လူ့အဖွဲ့အစည်းတွင် ဒစ်ဂျစ်တယ်နည်းပညာရပ်ကို အခြေခံပြီး လွတ် လပ်ပွင့်လင်းစွာဖြင့် အချက်အလက်များ ရှာ ဖွေရေးကို လုပ်ဆောင်ဖို့ လက်တွန့်နေကြ သည်။ မိုကိုကိုတွင် နေထိုင်သူများအားလုံး က ယခုပြုလုပ်နေသည့် အစီအစဉ်ကို လက်ခံ သဘောတူခြင်းမရှိကြ။ အချို့က ‘‘ဟုတ်မှ ဟုတ်ပါ့မလား’’ဟု သံသယဝင်နေကြသည်။

‘‘ပြည်သူတွေဟာ တစ်ခါတစ်ခါမှာ သံသယဝင်လေ့ရှိတာ သဘာဝပါပဲ။ သူတို့ လုပ်နေရတဲ့ အလုပ်ဘာလဲဆိုတာ သေသေချာချာ မသိကြဘူး။ ဇဝေဇဝါ ဖြစ်နေကြတယ်။ တချို့ကတော့ မဆန့်ကျင်ရဲလို့သာ လုပ်နေ ကြရတာ။ အဲဒီလို ဖြစ်နေတာကြောင့် ဘာမှ သံသယမရှိကြနဲ့ လုပ်စရာရှိတာ ရဲရဲဝံ့ဝံ့ ယုံ ယုံကြည်ကြည်နဲ့ ဆက်လုပ်ဖို့မှာရတယ်’’ဟု ဒေသခံတစ်ဦးက ပြောကြားသည်။ သူက အသက် ၂၄ နှစ်အရွယ်သာရှိသော အမျိုး သမီးတစ်ဦးဖြစ်သည်။ သူကတော့ တက် တက်<က<ကနှင့် ပါဝင်လုပ်ဆောင်နေရသည့် အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေသည်။

ပြည်သူလူထုအနေဖြင့် သံသယဝင်နေ ကြသည်မှာလည်း အပြစ်မပြောသာပေ။ ၂၀၁၂ တွင် ထိုအာဏာပိုင်များက ရဲများစေလွှတ်ပြီး နေအိမ်များကို ဖျက်ဆီးပစ်ခဲ့ဖူး သည်။ အစိုးရက ရေပြင်ပေါ်ရှိ ဆင်းရဲသား ရပ်ကွက်သည် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသည်ဟု အကြောင်းပြပြီး ရှင်း လင်းပစ်ခဲ့ခြင်းဖြစ်သည်။

‘‘ပြည်သူတွေ မနက်မိုးလင်းတဲ့အခါမှာ ပိုစတာတွေကိုင်ပြီး ဆန္ဒပြခဲ့ကြသည်။ ရဲတပ်ဖွဲ့ တွေကို ထွက်သွားဖို့ ပြောခဲ့ကြတယ်’’ဟု ရပ် ရွာလူကြီးဖြစ်သူ ဂျေဂျေက လွန်ခဲ့သည့် ခုနစ် နှစ်က ဖြစ်ရပ်ကို ပြန်ပြောင်းပြောပြသည်။ ရဲတပ်ဖွဲ့နှင့် ဒေသခံတို့ ပဋိပက္ခဖြစ်ပွားခဲ့မှု ကြောင့် ဒေသခံပြည်သူတစ်ဦး အသက်သေ ဆုံးခဲ့ရသည်။ နေအိမ်အချို့ ဖျက်ဆီးခံရ သည်။ အဓိကရုဏ်းများ ဖြစ်ပွားမှုကြောင့် သက်ဆိုင်ရာ အာဏာပိုင်များကနောက်ဆုတ် သွားခဲ့သည်။

မိုကိုကိုရှိ ပြည်သူများကတော့ ထိတ်လန့်တုန်လှုပ်မှုများဖြင့် နေထိုင်ခဲ့ကြရသည် မှာ ယနေ့အချိန်အထိဖြစ်သည်။ လာဂိုးစ်ရှိ အခြားသော ဆင်းရဲသားရပ်ကွက်များ ဖျက်ဆီးခံရသည်။ ဖျက်ဆီးခံသူအတွက် နေစရာ အစားပြန်ပေးသည်။ လာဂိုးစ်မြို့၏ လူဦးရေက အဆမတန် မြင့်တက်နေသည်။ ဆောက်လုပ်ရေးလုပ်ငန်းရှင်များက မြေများရှာပြီး အိမ်ရာများ ဆောက်လုပ်နေကြသည်။ သူတို့ စီးပွားရေးအတွက် ဆင်းရဲသားပြည်သူများ သည် သူတို့ နေထိုင်သည့် ရပ်ကွက်များမှ နေ၍ ဖယ်ပေးနေကြရသည်။ ဆင်းရဲသား ရပ်ကွက်မှ ဖယ်ရှားခံရသော ပြည်သူများ အစားရသည့်နေရာက မူလနေရာမဟုတ်။ မြို့ထဲမှာ မဟုတ်။ မြို့စွန်မြို့ဖျားနေရာများ မှ အဆင့်တန်းမမီသော အိမ်ရာများဖြစ်ကြ သည်။ တန်ဖိုးနည်းအိမ်ရာဟု ခေါ်ဆိုခြင်းခံ ရသော အိမ်ရာမျှသာဖြစ်သည်။

မိုကိုကိုအခြေအနေသည် အကောင်းဘက် ရှေးရှုစေပါစေဟု ဂျေဂျေ မျှော်လင့်နေသည်။ ရေပြင်ပေါ်တွင် နေထိုင်ကြသော မုုိကိုကိုအရပ်မှ ပြည်သူများသည် ရေလုပ်သားများ ဖြစ်ကြသည်။ သူတို့ကိုသာ ဤအရပ်မှ နှင်ထုတ်မည်ဆိုပါက ကုန်းပေါ်တွင် ဘာမျှ မလုပ်စားတတ်သဖြင့် အသက်သေဖွယ်ရာသာ ရှိတော့သည်ဟု ဂျေဂျေက ပြောသည်။

 

 

Most Read

Most Recent