အစိုးရနှင့် နိုင်ငံရေးဟူသည့် ဝေါဟာရနှစ်ရပ်တွင် ပြည်သူများနှင့် သက်ဆိုင်ရာ နိုင်ငံတစ်နိုင်ငံအပေါ် လွှမ်းမိုးထားသည့် လုပ်ငန်းစဉ်တို့ ပါဝင်သည်။ ယင်းဝေါဟာရ နှစ်ရပ်စလုံးသည် နိုင်ငံတစ်နိုင်ငံကို ထိန်းချုပ်ထားသည့် စနစ်တစ်ရပ်ကိုပင် ရည်ညွှန်းသည်။ အစိုးရဟူသည် သက်ဆိုင်ရာ နိုင်ငံတစ်နိုင်ငံအပေါ် တာဝန်ယူ အုပ်ချုပ်သည့် လူအုပ်စုတစ်စုအား ရည်ညွှန်းသော လူမှုရေးသိပ္ပံဆိုင်ရာ ဝေါဟာရ ဖြစ်သည်။ ယင်းကဲ့သို့ အုပ်ချုပ်သည့် အဖွဲ့အစည်းများ၏ ဆောင်ရွက်ပုံသည် အကျအန စုစည်းကာ ဖွဲ့စည်းထားခြင်း ဖြစ်သည်။ အခြားတစ်ဖက်၌ နိုင်ငံရေးဟူသည် နိုင်ငံအတွင်းရှိ အကြောင်းကိစ္စအမျိုးမျိုး နှင့်ပတ်သက်၍ အသားတင် ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်သည့် နိုင်ငံကို ကိုယ်စားပြုသူများ သို့မဟုတ် ခန့်အပ်ထားသည့် ခေါင်းဆောင်များ ပါဝင်သော အုပ်စုတစ်စုက ဆောင်ရွက်သည့် လုပ်ငန်းစဉ်ကို ရည်ညွှန်းသည်။ နိုင်ငံရေးဟူသည့် ဝေါဟာရသည် စုစည်းကာ ဖွဲ့စည်းထားသည့် ပုံစံတစ်ရပ်၌ နိုင်ငံကို ထိန်းချုပ်ခြင်းနှင့်သက်ဆိုင်သော ၀ိဇ္ဇာ သို့မဟုတ် သိပ္ပံပညာကို ရည်ညွှန်းဆဲဖြစ်နိုင်သော်လည်း ယခုအခါ နိုင်ငံရေးဟု ခေါ်ဆိုသော ဝေါဟာရသည် အမျိုးမျိုးသော နည်းလမ်းများ၌ ကွဲပြားခြားနား၍ လာသည်။ ထို့ကြောင့် အထက်တွင် ရည်ညွှန်းခဲ့သည့်အတိုင်း အစိုးရဟူသည် နိုင်ငံတစ်နိုင်ငံကို အုပ်ချုပ်သည့် လူများပါဝင်သော အုပ်စုတစ်စုဖြစ်ပြီး နိုင်ငံရေးဟူသည် နိုင်ငံကို အုပ်ချုပ်သည့် လုပ်ငန်းစဉ်များအား ရည်ညွှန်းသည်။
အစိုးရကို မည်သည့်အနေအထား၌မဆို ဆုံးဖြတ်ချက်များအား လက်ဝါးကြီးအုပ်ထားသည့် ခန့်အပ်ခံ သို့မဟုတ် တင်မြှောက်ခံ ခေါင်းဆောင်များစွာတို့ဖြင့် ဖွဲ့စည်းထားပြီး ၎င်းတို့၏ ဆုံးဖြတ်ချက်များသည် တစ်နိုင်ငံလုံးအပေါ်သို့ သက်ရောက်သည်။ ယင်းကဲ့သို့ ရွေးချယ်ထားသော ခေါင်းဆောင်များအား အုပ်ချုပ်ရေး ဗျူရိုကရက်များဟု ခေါ်ဆိုနိုင်သည်။ ယင်းရွေးချယ်ထားသော ခေါင်းဆောင်များသည် သက်ဆိုင်ရာနိုင်ငံတစ်နိုင်ငံ၏ သာမန်ပြည်သူများနှင့် အနေအထားချင်း ကွဲပြားခြားနားသည်။ ဒီမိုကရေစီနိုင်ငံများ၌မူ အစိုးရ၏ ဆုံးဖြတ်ချက်များအပေါ် နိုင်ငံတွင်းရှိ သာမန်ပြည်သူများက တစ်စုံတစ်ရာ အတိုင်းအတာအထိ ဝင်ရောက်စွက်ဖက်နိုင်သည်။ သို့သော် အကြိမ်အများစု၌ နိုင်ငံနှင့်သက်ဆိုင်သော အနေအထားတစ်ရပ်၌ နောက်ဆုံးဆုံးဖြတ်ချက်သည် အစိုးရ၏ လက်ဝယ်တွင်သာ ရှိနေဆဲဖြစ်သောကြောင့် အမှန်တကယ်၌ သာမန်ပြည်သူများအနေဖြင့် ဝင်ရောက်စွက်ဖက်နိုင်မှု နည်းပါးသည်။
အခြားတစ်ဖက်၌ နိုင်ငံရေးဟူသည်မှာမူ ယင်းနှင့် ကွဲပြားခြားနားသည်။ အထက်၌ ဖော်ပြခဲ့သည့်အတိုင်း အစိုးရဟူသည် အုပ်ချုပ်ရေး ဗျူရိုကရက်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ သို့သော် နိုင်ငံရေးတွင်မူ အဓိပ္ပာယ်အရပင်လျှင် အစိုးရနှင့် နိုင်ငံတော်၏ အရေးကိစ္စသက်သက်ဟု အမှန်တကယ် ကန့်သတ်ထားမှု မရှိပေ။ နိုင်ငံ၏ အမျိုးမျိုး သောကဏ္ဍများ၌လည်း နိုင်ငံရေးရှိသည်သာ ဖြစ်၏။ ကျောင်းအုပ်ချုပ်ရေးအဖွဲ့နှင့် ကျောင်းသားများအကြားရှိ ကွာဟချက်အား တံတားထိုးပေးနိုင်ရန်အတွက် စုစည်းပေးသော ကျောင်းသားခေါင်းဆောင်များ ရှိခြင်းအားဖြင့် ကျောင်းများ၌လည်း နိုင်ငံရေး ရှိနိုင်သည်။ ကုမ္ပဏီတစ်ခုတွင် အလုပ်အမှုဆောင်အဖွဲ့ဝင်များ ရှိသောကြောင့် လုပ်ငန်းခွင်တွင်လည်း နိုင်ငံရေးကို တွေ့ရှိရမည်ဖြစ်သည်။ ကုမ္ပဏီတစ်ခု၏ နိုင်ငံရေးပုံစံတွင် ဒါရိုက်တာများဘုတ်အဖွဲ့နှင့် နာယကအဖွဲ့ အစရှိသဖြင့် ပါဝင်နိုင်သည်။ မန်နေဂျာများ၊ အကြံပေးပုဂ္ဂိုလ်များနှင့် အခြားရာထူးကြီးပုဂ္ဂိုလ်များ အစရှိသဖြင့် ရှိနေမှုက ကုမ္ပဏီတစ်ခု၏ အုပ်ချုပ်မှုကို ဖော်ပြနေသည်။ ၎င်းအပြင် ဘာသာရေးကဏ္ဍများတွင်လည်း နိုင်ငံရေးကို တွေ့နိုင်သည်။ ခရစ်ယာန်ဘာသာ ဖြစ်စေ၊ အစ္စလာမ်ဘာသာဖြစ်စေ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းကဏ္ဍ၌ နိုင်ငံရေးကို တွေ့ရှိရမည်သာ ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ဒီမိုကရေစီနိုင်ငံများတွင် ပြည်သူအားလုံးနှင့်သက်ဆိုင်သော အစိုးရ၏ ဆုံးဖြတ်ချက်များအပေါ် သာမန်ပြည်သူများအနေဖြင့် နိုင်ငံရေးအရ ပါဝင်ပတ်သက်ပိုင်ခွင့် ရှိရမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
ဒီဇင်ဘာ ၁ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်









