စောင့်ကြည့်ရန် လိုအပ်သည့် အကျိုးဆောင်အဖွဲ့များ

စောင့်ကြည့်ရန် လိုအပ်သည့် အကျိုးဆောင်အဖွဲ့များ
Published 29 November 2019

အကျိုးဆောင်အဖွဲ့များ (Advocacy Groups) အား ဖိအားပေးသည့်အုပ်စု၊ လော်ဘီအုပ်စု၊ မဲဆွယ်အုပ်စု၊ အကျိုးစီးပွားဆိုင်ရာအုပ်စု သို့မဟုတ် အထူးအကျိုးစီးပွားအုပ်စုများဟုလည်း ခေါ်ဆိုကြသည်။ လူထုသဘောထား သို့မဟုတ် မူဝါဒ သို့မဟုတ် ယင်းနှစ်ရပ်စလုံးအပေါ် သြဇာသက်ရောက်နိုင်ရန်အလို့ငှာ အကျိုးဆောင်မှု ပုံစံအမျိုးမျိုး အသုံးပြုကြသည့် အုပ်စုများ ဖြစ်ကြသည်။ ၎င်းတို့သည် နိုင်ငံရေး သို့မဟုတ် လူမှုရေးစနစ်များ ဖွံ့ဖြိုးလာရာ၌ ပါဝင်သော်လည်း အုပ်စုတစ်စုစု၊ ဘက်တစ်ခုခုက ၎င်းတို့အလိုရှိရာ ရလဒ်ထွက်ပေါ်ရန် ကြိုးကိုင်လှုပ်ရှားခံရသည့် အဖွဲ့များလည်း ဖြစ်နိုင်သည်။

လှုပ်ရှားလုပ်ဆောင်ရန်အတွက် စေ့ဆော်မှုများသည် နိုင်ငံရေး၊ ဘာသာရေး၊ ကိုယ်ကျင့်တရား၊ ကျန်းမာရေးနှင့် စီးပွားရေး အနေအထားများအရ တူညီမှုများအပေါ်၌ အခြေခံလေ့ရှိသည်။ အဆိုပါ အဖွဲ့များသည် ၎င်းတို့၏ ရည်ရွယ်ချက်များ ပေါက်မြောက်စေရန် ကြိုးပမ်းရာ၌ နည်းလမ်းအမျိုးမျိုးကို အသုံးပြုကြသည်။ ယင်းတွင် လော်ဘီလုပ်ခြင်း၊ မီဒီယာများဖြင့် စည်းရုံးလှုပ်ရှားခြင်း၊ အများပြည်သူ၏ အာရုံစူးစိုက်မှုခံရအောင် စတန့်များ ပြုလုပ်ခြင်း၊ စစ်တမ်းများ ကောက်ခံခြင်း၊ သုတေသနပြုလုပ်ခြင်းနှင့် မူဝါဒရေးရာ တရားဟောခြင်း အစရှိသည်တို့ ပါဝင်သည်။ အချို့သော အဖွဲ့များကို သြဇာကြီးသော အင်အားကြီးသော လုပ်ငန်းစုများ သို့မဟုတ် နိုင်ငံရေးဆိုင်ရာ အကျိုးစီးပွားရှိသော အင်အားစုများက ထောက်ပံ့ထားခြင်း သို့မဟုတ် ကျောထောက်နောက်ခံပြုပေးထားခြင်းတို့ ရှိကြပြီး နိုင်ငံရေးလုပ်ငန်းစဉ် သို့မဟုတ် နိုင်ငံရေး ဖြစ်စဉ်အပေါ် သိသာထင်ရှားသော သြဇာသက်ရောက်မှုကို ဖြစ်စေသည်။

အချို့သော အကျိုးဆောင်အဖွဲ့များသည် အရေးကြီးသော လူမှုရေး သို့မဟုတ် နိုင်ငံရေး အင်စတီကျူးရှင်းများ အဖြစ်သို့ လည်းကောင်း၊ လူမှုရေး လှုပ်ရှားမှုကြီးများ အဖြစ်သို့လည်းကောင်း ဖွံ့ဖြိုး၍လာကြသည်။ အင်အားကောင်းသော အကျိုးဆောင်အဖွဲ့အချို့ကို  ကျဉ်းမြောင်းသည့် စီးပွားရေး အကျိုးအမြတ်အတွက် ဒီမိုကရေစီစနစ်ကို ကြိုးကိုင်ခြယ်လှယ်သည်ဟု စွပ်စွဲကြသည်။ ဥပမာအားဖြင့် အဆိုပါအဖွဲ့များကို ခြစားမှု၊ လိမ်လည်မှု၊ လာဘ်ယူမှုနှင့် အခြားကြီးလေးသည့် ရာဇဝတ်မှုများအတွက် အပြစ်ရှိကြောင်း တွေ့ရှိခဲ့သည်။ ထို့ကြောင့် လော်ဘီလုပ်ခြင်းများကို တိုး၍တိုး၍ စောင့်ကြည့်ထိန်းချုပ်ရန် လိုအပ်လာသည်။ အကျိုးဆောင်အဖွဲ့များက ၎င်းတို့၏ ရည်မှန်းချက်များ ပေါက်မြောက်စေရန်အတွက် လူမှုမီဒီယာများကို အသုံးပြုလာကြပုံကို ဆန်းစစ်လေ့လာရန်အတွက် သုတေသနများကိုလည်း စတင်လုပ်ဆောင်လာသည်။

အဆိုပါ အကျိုးဆောင်အဖွဲ့များ အဓိကအသုံးပြုလေ့ရှိသည့် နည်းလမ်းတစ်ရပ်မှာ ဖိအားပေးနိုင်ငံရေး ဖြစ်သည်။ ဖိအားပေးနိုင်ငံရေး (Pressure Politics) ဟူသည် အထွေထွေသဘောအရ လူအများက လိုလားသော သို့မဟုတ် တောင်းဆိုလိုသော လုပ်ဆောင်ချက်တစ်ရပ်အား နိုင်ငံရေးသမားများက လုပ်ဆောင်လာစေရေး ဆွဲဆောင်ရန်အတွက် လူထုမီဒီယာများနှင့် လူထုဆက်သွယ်ရေး လမ်းကြောင်းများကို အသုံးပြုခြင်းအပေါ်၌ အကြီးအကျယ် မှီခိုနေသည့် နိုင်ငံရေး လုပ်ဆောင်ချက်တစ်ရပ်ကို ရည်ညွှန်းသည်။ သို့သော် ဖိအားပေးနိုင်ငံရေးတွင် အကျပ်ကိုင်ခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် အခြားလက်သီးပုန်း နည်းလမ်းများလည်း ပါဝင်တတ်သည်။ ဖိအားပေးခြင်း၊ အကျပ်ကိုင်ခြင်းနှင့် ကြိုးကိုင်ခြယ်လှယ်ခြင်းတို့ကို အသုံးပြုလာသည်မှာ နှစ်ပေါင်းထောင်ချီကြာခဲ့ပြီဖြစ်သည်။ သို့သော် ဖိအားပေးနိုင်ငံရေး၏ ဇာစ်မြစ်သည် ၁၉ ရာစုအနှောင်းပိုင်းနှင့် ၂၀ ရာစုအစောပိုင်း ဆယ်စုနှစ်နှစ်ခုနှင့်အတွင်း စဉ်းစားချင့်ချိန်မှုရှိသော လှုပ်ရှားမှုများနှင့်သာ အများဆုံး ပတ်သက်သည်။

မည်သို့ပင်ဆိုစေကာမူ နိုင်ငံ၏အကျိုးစီးပွားကို ထိခိုက်စေနိုင်သည့် အကျိုးဆောင်အဖွဲ့များ၏ ဖိအားပေးနိုင်ငံရေးကိုမူ အမြဲမပြတ် စောင့်ကြည့်လေ့လာရန် လိုအပ်မည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

နိုဝင်ဘာ ၂၉ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်