စံနှုန်းနှစ်မျိုးနှင့် ကြောင်သူတော်ဝါဒ

စံနှုန်းနှစ်မျိုးနှင့် ကြောင်သူတော်ဝါဒ
Published 26 November 2019

စံနှုန်းနှစ်မျိုး (Double Standard) ဟူသည် သဘောတရားအရ တူညီသည့် အနေအထားနှစ်ရပ်အတွက် ကွဲပြားခြားနားသော သဘောတရားများကို ကျင့်သုံးခြင်းဖြစ်ပြီး  ဘက်တစ်ဖက်ထက် အခြားဘက်တစ်ဖက်ကို ကင်းလွတ်ခွင့်ပေးသည့် အခါမျိုး၌ အသုံးပြုလေ့ ရှိသည်။ နှစ်ခု သို့မဟုတ် နှစ်ခုထက်ပိုသောလူများ၊ အခြေအနေရပ်များ သို့မဟုတ် ဖြစ်ရပ်များတွင် တူညီသော နည်းလမ်းအတိုင်း ကျင့်သုံး ဆက်ဆံသင့်သော်လည်း ကွဲပြားခြားနားစွာ ကျင့်သုံးဆက်ဆံသည့်အခါ စံနှုန်းနှစ်မျိုးဟူသည့် စကားရပ် ပေါ်ပေါက်လာသည်။ The Double Standard: A Feminist Critique of Feminist Social Science စာအုပ်ကို ရေးသားသူ မာဂရက်အီချလာက တူညီသော အရာနှစ်ခုကို ကွဲပြားခြားနားသော စံနှုန်းများဖြင့် တိုင်းတာခြင်းအား စံနှုန်းနှစ်မျိုးဟု ခေါ်ဆိုကြောင်း ရှင်းပြခဲ့သည်။

တူညီပုံရသော အနေအထားများ၌ ကွဲပြားခြားနားသော သဘောတရားများ ကျင့်သုံးခြင်းသည် စံနှုန်းနှစ်မျိုး ဖြစ်နိုင်သကဲ့သို့ မဖြစ်နိုင်သည့်အခါလည်း ရှိသည်။ စံနှုန်းနှစ်မျိုး ဟုတ် မဟုတ် ဟူသည်ကို အကြောင်းခြင်းရာ များစွာတို့အား စစ်ဆေးကြည့်ရန် လိုအပ်သေးသည်။ တူညီသည်ဟူသော အခြေအနေရပ်များ၌ ယင်းအခြေအနေ နှစ်ရပ်ကြား အပြိုင်ဖြစ်နေသည့် အရာများနှင့် ကွဲပြားခြားနားနေသည့် အရာများကို စစ်ဆေးရမည် ဖြစ်သည်။  ၎င်းအပြင် အဆိုပါ အခြေအနေရပ်များအပေါ် ကျင့်သုံးသင့်သည့် သဘောတရားများကို  ဖော်ဆောင်ပေးသည့် ဒဿနိကဗေဒဆိုင်ရာ သို့မဟုတ် ယုံကြည်မှုဆိုင်ရာစနစ်ကို စစ်ဆေးရမည် ဖြစ်သည်။ အရည်အသွေးဆိုင်ရာ အမှန်တရား သို့မဟုတ် အချက်အလက်အရ  တူညီပုံရသော်လည်း ပိုမိုနီးကပ်စွာ စစ်ဆေးကြည့်သည့်အခါ ဥပမာအားဖြင့်  ရုပ်ပိုင်းဆိုင်ရာ အရှိတရား၊ ကိုယ်ကျင့်တရားဆိုင်ရာဝတ္တရား အစရှိသည်တို့အရ ကွဲပြားခြားနားနေသည့် အခြေအနေရပ်များ၌ စံနှုန်းနှစ်မျိုး ကျင့်သုံးသည်ဟု မဆိုနိုင်ပေ။

ဥပဒေနယ်ပယ်၌ ဥပဒေအရ တန်းတူညီမျှသည့် အခွင့်အရေးရှိသော နှစ်ခု သို့မဟုတ် ယင်းထက်ပိုသော အုပ်စုများအား ကွဲပြားခြားနားသည့် ဒီဂရီ သို့မဟုတ် ဥပဒေကြောင်းအရ ကာကွယ်စောင့်ရှောက်မှု သို့မဟုတ် ကိုယ်စားပြုမှု ပေးသည့်အခါ စံနှုန်းနှစ်မျိုးဟု ခေါ်ဆိုသည်။ ယင်းသည် တရားဥပဒေ ရှေ့မှောက်၌ ဘက်အားလုံးတို့အနေဖြင့် ညီမျှမှုရရှိရမည် ဟူသော နိုင်ငံများစွာတို့၏ တရားစီရင်ရေးအခြေခံကို ချိုးဖောက်သောကြောင့်  စံနှုန်းနှစ်မျိုး ကျင့်သုံးခြင်းကို တရားဥပဒေနှင့်မညီဟု ဆိုနိုင်သည်။ ထို့ကြောင့် စံနှုန်းနှစ်မျိုးကို ဘက်လိုက်သော သို့မဟုတ် တရားမျှတမှုမရှိသော ကျင့်သုံးမှုဟု ဆိုနိုင်သည်။ တရားသူကြီးများနှင့် ခေါင်းဆောင်များအား သမာဓိရှိလိမ့်မည်ဟု မျှော်လင့်ထားသည့် တရားရုံးကဲ့သို့သော နေရာတွင် လူမှုအဆင့်အတန်း၊ ရာထူး၊ လူမျိုး၊ ကျား/မ၊ ကိုးကွယ်ယုံကြည်သည့် ဘာသာ၊ ယောကျ်ားလျာ/မိန်းမလျာဖြစ်ခြင်း၊ အသက်အရွယ် သို့မဟုတ် အခြားကွဲပြားခြားနားမှုများအပေါ် အခြေခံသည့် ဘက်လိုက်ခြင်း သို့မဟုတ် ဦးစားပေးခြင်းတို့ ပြုလုပ်ခြင်း မရှိဘဲ လူအားလုံးအပေါ် တူညီသည့် စံနှုန်းများ ကျင့်သုံးလိမ့်မည်ဟု ပြည်သူလူထုက မျှော်လင့်ထားကြသည်။ နိုင်ငံရေးတွင် နှစ်ဖက် သို့မဟုတ် ယင်းထက်ပိုမိုသော ဘက်များအကြား (လူထုအကျပ်အတည်းအပေါ် တုံ့ပြန်မှု သို့မဟုတ် ရန်ပုံငွေ ခွဲဝေချထားပေးခြင်း ကဲ့သို့သော) ကိစ္စရပ်များတွင် ကွဲပြားခြားနားစွာ ကိုင်တွယ်သည့်အခါ စံနှုန်းနှစ်မျိုးဟု ခေါ်ဆိုသည်။

ကြောင်သူတော်ဝါဒ (Hypocrisy) ဟူသည် စရိုက်အမှန်အကန် သို့မဟုတ် လိုအင်ဆန္ဒ၊ အထုံ၊ ၀ါသနာ အစစ်အမှန်ကို ဖုံးကွယ်လျက် သူတော်ကောင်းတရား သို့မဟုတ် ကောင်းမှုသုစရိုက် ပြုမှုအသွင် ဟန်ဆောင်ခြင်း ဖြစ်သည်။ အထူးသဖြင့် ဘာသာရေး သို့မဟုတ် ကိုယ်ကျင့်တရားဆိုင်ရာ ယုံကြည်မှုများနှင့် ပတ်သက်နေသည်။ ထို့ကြောင့် ကြောင်သူတော်ဝါဒတွင် ယေဘုယျအမြင်အရ စိတ်ရင်းအမှန်ကို ဖုံးကွယ်ဟန်ဆောင်ခြင်း၊ ဟိတ်ဟန်ထုတ်ခြင်းနှင့် အရေခြုံ အယောင်ဆောင်ခြင်းတို့ ပါဝင်သည်။ ကိုယ်ကျင့်တရားဆိုင်ရာ စိတ်ပညာတွင် ကြောင်သူတော်ဝါဒ ဟူသည် လူတစ်ဦးအနေဖြင့် မိမိကိုယ်တိုင် ထုတ်ဖော် ပြောကြားထားသည့် ကိုယ်ကျင့်တရားဆိုင်ရာ စည်းမျဉ်းများနှင့် သဘောတရားများကို မိမိကိုယ်တိုင် လိုက်နာရန် ပျက်ကွက်ခြင်းအား ရည်ညွှန်းသည်။

ဗြိတိသျှ နိုင်ငံရေးတွေးခေါ်ရှင် ဒေးဗစ်ရန်ဆီမန်၏ အဆိုအရ ကြောင်သူတော်ဝါဒဆိုင်ရာ လိမ်လည်လှည့်ဖြားခြင်းနှင့် ပတ်သက်သည့် အခြားအမျိုးအစားများတွင် မိမိ၌ မရှိသည့် သိမှုကို ရှိလေဟန် အခိုင်အမာပြောဆိုခြင်း၊ ရှေ့နောက် ညီညွတ်အောင် တစ်သမတ်တည်း မိမိကိုယ်တိုင် မထိန်းသိမ်းနိုင်သည့် အရာများကို ပြောဆိုခြင်း၊ မိမိ၌ အမှန်တကယ် မရှိသည့် သစ္စာစောင့်သိမှုကို အခိုင်အမာပြောဆိုခြင်းနှင့် မိမိအနေဖြင့် ဆုပ်ကိုင်ထားနိုင်ခြင်း မရှိသည့် မိမိမည်သူမည်ဝါ ဖြစ်ကြောင်း လက္ခဏာရပ်နှင့် ပတ်သက်၍ အခိုင်အမာပြောဆိုခြင်းတို့ ပါဝင်သည်။ အမေရိကန်နိုင်ငံရေးဆိုင်ရာ ဂျာနယ်လစ် မိုက်ကယ်ဂျာဆန်က ပြည်သူလူထုအား အရူးလုပ်၍ နိုင်ငံရေးဆိုင်ရာ အကျိုးအမြတ်ရယူရန်အတွက် မျက်နှာဖုံးတစ်ခုကို တမင်တကာ အသုံးပြုမှုအား နိုင်ငံရေးဆိုင်ရာ ကြောင်သူတော်ဝါဒဟု ခေါ်ဆိုကြောင်း ဖွင့်ဆိုခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ဒီမိုကရေစီစနစ် ကျင့်သုံးသောနိုင်ငံများ၌ ပြည်သူများအနေဖြင့် ရွေးကောက်ပွဲများတွင် မိမိတို့အား ကိုယ်စားပြုမည့် ကိုယ်စားလှယ်များအား မဲပေးရွေးချယ်ရာ၌ စံနှုန်းနှစ်မျိုးဖြင့် ကြောင်သူတော်ဝါဒ ကျင့်သုံးသူများကို အထူးဂရုပြု ရှောင်ရှားရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

နိုဝင်ဘာ ၂၆ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

 

Most Read

Most Recent