ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကမ္ဘာပေါ်ရှိ မြို့ပေါင်း ၄၀၀၀ နီးပါး၏ လေထုအရည်အသွေးကို တိုင်းတာခဲ့ရာ ရန်ကုန်မြို့ လေထုရှိ အမှုန်ပစ္စည်းပါဝင်မှုအဆင့်သည် ပုံမှန်ရှိရမည့် လေထုအရည်အသွေးသတ်မှတ်ချက်ထက် ပိုမိုမြင့်မားနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှရရှိသည့် အချက်အလက်အရသိရသည်။
လေထုအရည်အသွေးကို တိုင်းတာခြင်းသည် လေထုညစ်ညမ်းစေသည့်အရာများကို လေ့လာစုံစမ်းသည့် နည်းပညာဆိုင်ရာလုပ်ငန်းစဉ်ဖြစ်ကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကမ္ဘာပေါ်ရှိ မြို့ပေါင်း ၄၀၀၀ နီးပါး၏ နှစ်စဉ်လေထုအရည်အသွေး အချက်အလက်များကို ကမ္ဘာ့အခြေခံအချက်အလက်များတွင် စုစည်းခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် အဓိက လေထုညစ်ညမ်းစေသည့်အရာများကို ရန်ကုန်နှင့်နေပြည်တော်တွင် တိုင်းတာခဲ့ပြီး လေထုညစ်ညမ်းစေမှု တိုင်းတာသည့် နေရာနှစ်ခုမှ အချက်အလက်များသည် ကမ္ဘာ့အခြေခံအချက်အလက်များတွင် ပါဝင်ကြောင်း ၊ လေထုထဲရှိအမှုန်ပစ္စည်း PM 2.5 အဆင့်သည် လေထုညစ်ညမ်းမှုတိုင်းတာရာတွင် အဓိကညွှန်းကိန်းတစ်ခုဖြစ်ရာ ရန်ကုန်တိုင်းတွင် နှစ်စဉ်ပျမ်းမျှ PM 2.5 စုစည်းခြင်းမှာ 35 μg/ m3 ရှိမည်ဟု ခန့်မှန်းထားကြောင်းနှင့် ၎င်းသည်ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ စံလမ်းညွှန်၏ ပတ်ဝန်းကျင်လေထုအရည်အသွေးသတ်မှတ်ချက် 10 μg/m3 ထက် ပိုမိုမြင့်မားနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ကြေညာထားသည်။
လက်ရှိ အိမ်တွင်းလေထုအရည်အသွေး ညစ်ညမ်းမှုကြောင့် နိုင်ငံအတွင်းရှိ ကလေးသူငယ် ၆၂ ရာခိုင်နှုန်းသည် ပြင်းထန်သည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများကြောင့် သေဆုံးနေရကြောင်း၊ ပြီးခဲ့သည့်မေလဆန်းပိုင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနတို့သည် ရန်ကုန်နှင့်မန္တလေးရှိ စည်ပင်သာယာရေးဌာနများ၊ သက်ဆိုင်ရာတက္ကသိုလ်များ၊ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများ၊ အလှူရှင်အဖွဲ့အစည်းများနှင့် အခြားသော ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် အိမ်တွင်းအိမ်ပြင်လေထုညစ်ညမ်းမှုများကြောင့် စိုးရိမ်စရာကျန်းမာရေး အခြေအနေများ မြင့်တက်လာသည်နှင့်အမျှ လက်ရှိအခြေအနေနှင့်ဆိုင်သည့် အချက်အလက်များ ကောက်ယူရန်နှင့် ရှေ့ဆက်လုပ်ဆောင်ရမည့် ဖြေရှင်းနည်းများအတွက် အစီအစဉ်ရေးဆွဲရန် ဆွေးနွေးထားကြောင်း သိရသည်။
“ကလေးသူငယ်တွေကို လေထုညစ်ညမ်းမှုက ကာကွယ်ပေးနိုင်မယ်ဆိုရင် ကလေးငယ်တွေတင် အကျိုးရှိတာမဟုတ်ပါဘူး။ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ကုန်ကျစရိတ်တွေကို လျှော့ချနိုင်မယ်။ လူသားတိုင်းအတွက် ပိုမိုသန့်ရှင်းလုံခြုံတဲ့ ပတ်ဝန်းကျင်တစ်ခုကို ရရှိမှာဖြစ်တဲ့အတွက် လူထုရဲ့ လုပ်ဆောင်နိုင်အားတွေလည်း ပိုမိုတိုးမြှင့်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် လူမှုပတ်ဝန်းကျင်တစ်ခုလုံးကို အကျိုးဖြစ်စေမှာပါ။ လေထုညစ်ညမ်းမှုကြောင့် ကလေးငယ်တွေအပေါ် သက်ရောက်မှုတွေကို ထုတ်ဖော်ပြောကြားပြီးဆောင်ရွက်ဖို့ ကျွန်မတို့ အတူတကွ ဖြေရှင်းလုပ်ကိုင်ကြဖို့အချိန်ပဲဖြစ်ပါတယ်” ဟု ယူနီဆက်(မြန်မာ)၏ ဌာနေကိုယ်စားလှယ် Ms. June Kunugi က ပြောကြားသည်။
တစ်ကမ္ဘာလုံးတွင် အသက်ငါးနှစ်အောက်ကလေးငယ် သေဆုံးသူ ၁၀ ဦးလျှင် တစ်ဦးသည် အိမ်တွင်းနှင့် အိမ်ပြင်လေထုညစ် ညမ်းမှုများနှင့် တိုက်ရိုက်ဆက်နွှယ်နေသည့် နမိုးနီးယားနှင့် အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများဖြင့် သေဆုံးနေရကြောင်း၊ လေထုညစ်ညမ်းမှုသည် ကလေးသူငယ်များ၏ ကျန်းမာရေးကို ခြိမ်းခြောက်နေသည့် အဓိကစိုးရိမ်စရာ အကြောင်းရင်းတစ်ခုဖြစ်လာကြောင်း သိရသည်။
အရှေ့အာရှနှင့် ပစိဖိတ်ဒေသတွင် အသက်ငါးနှစ်အောက်ကလေးငယ်ပေါင်း ၄ ဒသမ ၃ သန်းသည် သတ်မှတ်ထားသည်ထက် ပို၍ခြောက်ဆခန့် လေထုညစ်ညမ်းနေသည့် နေရာဒေသများတွင် နေထိုင်နေကြရပြီး အချို့နိုင်ငံများသည် တိုးတက်မှုရှိလာသော်လည်း အများစုသည် ကျန်းမာရေးဆိုးကျိုးများ၊ လေထုအရည်အသွေးနှင့်ဆိုင်သည့် လုံလောက်သော အချက်အလက်များ အသုံးပြုနိုင်မှုမရှိသဖြင့် လေထုညစ်ညမ်းမှုကို ကိုင်တွယ်ရာတွင် စိန်ခေါ်မှုများနှင့်ကြုံတွေ့နေရကြောင်း ယူနီဆက်မှသိရသည်။















