မြန်မာ့လက်ရွေးစင်အသင်းနှင့် ခြေစမ်းကစားမည့် နီပေါလက်ရွေးစင်အသင်း မန္တလေးမြို့သို့ ယနေ့ (နိုဝင်ဘာ ၅ ရက်) ရောက်ရှိမည်

မြန်မာ့လက်ရွေးစင်အသင်းနှင့် ခြေစမ်းကစားမည့် နီပေါလက်ရွေးစင်အသင်း မန္တလေးမြို့သို့ ယနေ့ (နိုဝင်ဘာ ၅ ရက်) ရောက်ရှိမည်
Photos : ANFA
Photos : ANFA
Published 5 November 2019

နီပေါလက်ရွေးစင်အသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲအကြိုအဖြစ် မြန်မာ့လက်ရွေးစင်အသင်းနှင့် ခြေစမ်းကစားရန် ယနေ့ (နိုဝင်ဘာ ၅ ရက်)တွင် မန္တလေးမြို့သို့ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲမတိုင်မီ နီပေါလက်ရွေးစင်အသင်းနှင့် ခြေစမ်းကစားရန် သဘောတူညီမှုရရှိထားပြီး မန္တလေးမြို့၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် နီပေါအသင်းနှင့် ခြေစမ်းပွဲအပြီးတွင် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲအဖြစ် တာဂျစ်ကစ္စတန်၊ မွန်ဂိုလီးယားအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး အဆိုပါ ပွဲစဉ်များအားလုံးကို မန္တ လေးမြို့၌ ကျင်းပမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်း နှင့် နီပေါလက်ရွေးစင်အသင်းတို့သည် နိုဝင်ဘာ (၇) ရက် ညနေ (၅းဝ၀) နာရီတွင် မန္တလာသီရိကွင်း၌ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

နီပေါအသင်းသည် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့် ခြေစစ်ပွဲတွင် အုပ်စု (B) ၌ သြစတြေးလျ၊ ဂျော်ဒန်၊ ကူဝိတ်၊ တရုတ်တိုင်ပေအသင်းတို့နှင့် ကျရောက်နေပြီး (၄) ပွဲယှဉ်ပြိုင်ကစားထားရာ (၃)မှတ်ရရှိ ထားသည်။

နီပေါအသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ကူဝိတ်အသင်းကို (၀-၇)ဂိုး၊ သြစတြေးလျအသင်းကို (၀-၅) ဂိုး၊ ဂျော်ဒန်အသင်းကို (၀-၃)ဂိုးဖြင့်ရှုံးနိမ့်ထားပြီး တရုတ်တိုင်ပေအသင်းကို အဝေးကွင်း၌  (၂-၀)ဂိုးဖြင့် အနိုင်ရရှိထားသည်။

နီပေါအသင်းသည် အုပ်စုတွင်း၌ အဆင့်(၄)နေရာ ရပ်တည်နေပြီး မြန်မာ့လက်ရွေးစင်အသင်းနှင့်  ခြေစမ်းပွဲအပြီး တွင် နိုဝင်ဘာ (၁၉)ရက်၌ ကူဝိတ်အသင်းနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ဆက်လက်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။    

မြန်မာ့လက်ရွေးစင်အသင်းနှင့် နီပေါလက်ရွေးစင်အသင်းတို့သည် ၂၀၀၈ ခုနှစ်တွင် နောက်ဆုံးတွေ့ဆုံခဲ့ပြီး မြန်မာအသင်းက နီပေါအသင်းကို (၃-၀) ဂိုးဖြင့် အနိုင်ရထားသည်။    

မြန်မာ့လက်ရွေးစင်အသင်း၏ ယခုခြေစမ်းပွဲမှာ နည်းပြချုပ်အ ဖြစ် တစ်ကျော့ပြန်ကိုင်တွယ်သည့် ဂျာမန်လူမျိုး အန်တွန်နီဟေး၏ ပထမဆုံးပွဲဖြစ်လာမည်ဖြစ်သည်။

အန်တွန်နီဟေးသည် ယင်းခြေစမ်းပွဲအပါအဝင် ကမ္ဘာ့ဖလားခြေစစ်ပွဲ(၂)ပွဲအတွက် အပြီးသတ်ကစားသမား (၂၃)ဦးကို ရွေးချယ်ထားပြီး နိုဝင်ဘာ (၄)ရက် ညနေပိုင်းမှစ၍ မန္တလေးမြို့၌ လေ့ကျင့်နေသည်။

 

Most Read

Most Recent