အာဆင်နယ်အသင်းနည်းပြ အူနိုင်းအမ်မရီက ဂျာမနီကွင်းလယ်လူ အိုဇေးလ်ကို ချန်လှပ်ထားသည့် ဆုံးဖြတ်ချက်အတွက် အသင်း တာဝန်ရှိသူများထံမှ ထောက်ခံမှုရရှိထားကြောင်း တုံ့ပြန်ပြောကြားသည်။
အိုဇေးလ်သည် အာဆင်နယ်အသင်း၏ လစာအများဆုံးကစားသမားဖြစ်သော်လည်း ပဲလေ့စ်အသင်းနှင့်ပွဲမတိုင်မီအထိ နောက်ဆုံး ငါးပွဲဆက်တိုက်လူစာရင်းမှာပင် ရွေးချယ်ခံရခြင်းမရှိဘဲ ချန်လှပ်ခံခဲ့ရသည်။
၎င်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဝက်ဖို့ဒ် နှင့်တစ်ပွဲ၊ လိဂ်ဖလားပြိုင်ပွဲတွင် နော်တင်ဟမ်ဖောရက်စ်နှင့်တစ်ပွဲသာ ပွဲထွက်ကစားခွင့်ရထားသော်လည်း အသင်း၌ဆက်နေ၍ နေရာပြန်ရရန် ကြိုးစားသွားမည်ဖြစ်ကြောင်း လူမှုကွန်ရက်တွင် ရေးသားမှုကြောင့် ပရိသတ်များ၏ ထောက်ခံအားပေးမှုရရှိနေသည်။
သို့ဖြစ်ရာ ပဲလေ့စ်အသင်းနှင့်ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲတွင် အိုဇေးလ်ကို ပြန်လည်ရွေးချယ်ရန် အထက်မှ ဖိအားပေးထားခြင်းရှိမရှိ သတင်းထောက်များက မေးမြန်းစဉ် အူနိုင်းအမ်မရီက ''ကလပ်နဲ့ အသင်း တစ်သားတည်း ဖြစ်ဖို့ဆိုတဲ့ မဟာဗျူဟာအတွက် ကျွန်တော်တို့ သဘောတူထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကလပ်အတွက်ရော အသင်းအတွက်ပါ အရေးကြီးဆုံးက ကောင်းမွန်တဲ့စွမ်းဆောင် ရည်ရရှိဖို့ပါပဲ။ အရင်တုန်းက ကျွန်တော်တို့ ဆုံးဖြတ်ချက်အားလုံးကို ပြောပြပေမဲ့ အခု လောလောဆယ်တော့ သူ့အကြောင်းမပြောသင့်သေးဘူးလို့ထင်တယ်''ဟု ဖြေကြားသည်။