အရေးပေါ်ကုသမှုဆေးပညာ သင်ကြားသင်ယူမှုကဏ္ဍ ပိုမိုတိုးတက်စေရန် မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ်များနှင့် အမေရိကန်နိုင်ငံ Stanford University ပူးပေါင်း၍ PPP ပုံစံဖြင့် ဆောင်ရွက်နေ

အရေးပေါ်ကုသမှုဆေးပညာ သင်ကြားသင်ယူမှုကဏ္ဍ ပိုမိုတိုးတက်စေရန် မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ်များနှင့် အမေရိကန်နိုင်ငံ Stanford University ပူးပေါင်း၍ PPP ပုံစံဖြင့် ဆောင်ရွက်နေ
အရေးပေါ်လူနာ တစ်ဦးအား လူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ ပို့ဆောင်ရန် ပြင်ဆင်နေစဉ်
အရေးပေါ်လူနာ တစ်ဦးအား လူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ ပို့ဆောင်ရန် ပြင်ဆင်နေစဉ်
Published 26 October 2019

အရေးပေါ်ကုသမှုဆေးပညာ သင်ကြားသင်ယူမှုကဏ္ဍ ပိုမိုတိုးတက်စေရန် မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ်များနှင့် အမေရိကန်နိုင်ငံ Stanford University တို့ပူးပေါင်းပြီး Public – Private Partnership ပုံစံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ်များနှင့် အမေရိကန်နိုင်ငံ Stanford University တို့ ပူးပေါင်း၍ အရေးပေါ်ကုသမှု ဆေးပညာ လေ့ကျင့်သင်ကြားမှုများ ပြုလုပ်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ဆေးပညာ ဘာသာရပ်အသီးသီးမှ အထူးကုဆရာဝန်များကို ၂၀၁၂ ခုနှစ်တွင် Australian Collage of Emergency Medicine and Royal Australasian Collage of Surgeons Faculty နှင့် ပူးပေါင်း၍ အရေးပေါ်ကုသမှု ဆေးပညာ လေ့ကျင့်သင်ကြားရာမှ အရေးပေါ်ကုသမှု ဆေးပညာရပ်ကို မြန်မာနိုင်ငံတွင် စတင်လေ့ကျင့် သင်ကြားခဲ့ကြောင်း၊ လက်ရှိတွင် ဝန်ထမ်းဆရာဝန်များအား ဘွဲ့လွန်အရေးပေါ် ကုသမှုဆေးပညာ ဒီပလိုမာ သင်တန်းနှင့် မဟာဘွဲ့သင်တန်းများကို လည်းကောင်း၊ ပုဂ္ဂလိက ဆရာဝန်များအား ဘွဲ့လွန်အရေးပေါ် ကုသမှုဆေးပညာ ဒီပလိုမာ သင်တန်းကိုလည်းကောင်း ပြည်တွင်း၌ သင်ကြားပေးလျက် ရှိကြောင်းနှင့် သူနာပြုများအတွက် ဘွဲ့လွန်အရေးပေါ် သူနာပြုစုမှု ပညာဒီပလိုမာ သင်တန်းကိုလည်း ၂၀၁၅ ခုနှစ် မှစတင်၍ လေ့ကျင့်သင်ကြား ပေးလျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ရရှိသည့် အချက်အလက်များအရ သိရသည်။

“လက်ရှိ အရေးပေါ် ကုသမှုဆေးပညာ အထူးကုဆရာဝန်တွေကို ရန်ကုန်ဆေးရုံကြီး၊ မန္တလေးဆေးရုံကြီး၊ နေပြည်တော် ခုတင် (၁၀၀၀) ဆေးရုံကြီး၊ ရန်ကုန်ကလေးဆေးရုံ၊ မြောက်ဥက္ကလာပဆေးရုံနဲ့ အခုနောက်ဆုံး သန်လျင်ပြည်သူ့ဆေးရုံတွေမှာ တာဝန်ချထားတယ်။ အဲဒီဆေးရုံတွေမှာ အရေးပေါ်ကုသမ ှုဌာနတွေလည်း တည်ထောင်ထားတယ်။ Emergency Department တွေကို အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွေအပြင် တိုင်း/ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဆေးရုံတွေနဲ့ အခြားလိုအပ်နေတဲ့ နေရာတွေမှာ အရေးပေါ် ကုသမှုပေးနိုင်တဲ့ဌာနတွေ တည်ထောင်သွားဖို့လည်း ရှိပါတယ်။  ဒီလုပ်ငန်းတွေကို အဆင့်အလိုက် အပိုင်းအလိုက် လုပ်ဆောင်သွားဖို့ ရှိပါတယ်ဟု ဆေးတက္ကသိုလ်(၁)ရန်ကုန်မှ  တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အရေးပေါ် လူနာတင်ယာဉ်စနစ်ကို ၂၀၁၃ ခုနှစ် အရှေ့တောင်အာရှ အားကစားပွဲ ကာလမှစ၍ တည်ထောင်ခဲ့ပြီး ရန်ကုန်-မန္တလေး အမြန်လမ်း တစ်လျှောက်တွင် တာဝန်ချထားကာ Emergency Call Center မှတစ်ဆင့် ချိတ်ဆက်၍ အရေးပေါ်လူနာ သယ်ယူပို့ဆောင် လွှဲပြောင်းခြင်းများကို ဆောင်ရွက်လျက် ရှိကြောင်းနှင့် ရန်ကုန်၊ မန္တလေး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ် တို့တွင်လည်း တိုင်းဒေသကြီး/ပြည်နယ် အစိုးရများ၏ အကူအညီဖြင့် အရေးပေါ် လူနာတင်ယာဉ်စနစ်များ တည်ထောင်သွားရန် စီစဉ်လျက်ရှိပြီး နိုင်ငံတစ်ခုလုံး၏ အရေးပေါ် လူနာတင်ယာဉ် ကွန်ရက်လွှမ်းခြုံမှု ရရှိစေရန် အဆင့်ဆင့် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ဝန်ကြီးဌာနမှ ရန်ကုန်-မန္တလေး အမြန်လမ်းကြီးတစ်လျှောက် ‘အရေးပေါ်လူနာတင်ယာဉ်စနစ်တည်ထောင်ထားရာ ရန်ကုန်-မန္တလေး အမြန်လမ်း တစ်လျှောက်တွင် အရေးပေါ် လူနာတင်ယာဉ်စနစ်ကို ၂၀၁၆ ခုနှစ် သြဂုတ် ၁ ရက်တွင် စတင်ဝန်ဆောင်မှု ပေးလျက်ရှိပြီး အမြန်လမ်းတစ်လျှောက်ရှိ လှည်းကူး၊ ဘုရားကြီး၊ မြို့ချောင်း၊ ဖြူး၊ တောင်ငူ၊ လယ်ဝေး၊ အလယ်ရွာ၊ မိတ္ထီလာ၊ ပြင်စည် (နွားထိုးကြီး) နှင့် တံတားဦး ပြည်သူ့ဆေးရုံများ၌ လူနာတင်ယာဉ်များ ထားရှိအခြေပြု၍ လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

သန်လျင်၊ လှိုင်သာယာ၊ အင်းစိန်၊ သင်္ဃန်းကျွန်းနှင့် ပုသိမ်ပြည်သူ့ဆေးရုံကြီးများရှိ အရေးပေါ် ဆေးကုသဌာနများကို အဆင့်မြှင့်တင်ထားကြောင်း၊ လက်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် ပြည်သူ့ဆေးရုံအချို့ရှိ အရေးပေါ် ဌာနများအား အဆင့်မြှင့်တင်နေပြီး ထိခိုက်ဒဏ်ရာ ရရှိသော လူနာများကို အချိန်မီ အသက်ကယ် ကုသနိုင်ရေးအတွက်  အဆင့်မြှင့်တင်ပြီးသော ဆေးရုံများမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မန္တလေးပြည်သူ့ဆေးရုံကြီး၊ နေပြည်တော်ဆေးရုံကြီးနှင့် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးတို့ ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent