မက္ကဆီကိုတွင် အပြန်အလှန်ပစ်ခတ်မှုအတွင်း အယ်ချပို၏သားဖြစ်သူကို ဖမ်းဆီးရမိ

မက္ကဆီကိုတွင် အပြန်အလှန်ပစ်ခတ်မှုအတွင်း အယ်ချပို၏သားဖြစ်သူကို ဖမ်းဆီးရမိ
  အောက်တိုဘာ ၁၇ ရက်တွင် ကူလီယာကန်မြို့၌ မက္ကဆီကိုရဲများက ကင်းလှည့်နေကြစဉ်
အောက်တိုဘာ ၁၇ ရက်တွင် ကူလီယာကန်မြို့၌ မက္ကဆီကိုရဲများက ကင်းလှည့်နေကြစဉ်
Published 18 October 2019
Ref: AFP

အောက်တိုဘာ ၁၇ ရက်က မက္ကဆီကိုနိုင်ငံ ကူလီယာကန်မြို့တွင် ဖြစ်ပွားခဲ့သော အပြန်အလှန်ပစ်ခတ်မှုအတွင်း မူးယစ်ရာဇာယော်ကွင်းအယ်ချပိုဂုဇ်မန်း၏ သားဖြစ်သူကို မက္ကဆီကိုလုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်။ လူ ၇၅၀၀၀၀ နေထိုင်သော ကူလီယာကန်မြို့တွင် သေနတ်ဖြင့် အပြန်အလှန်ပစ်ခတ်မှု အကြီးအကျယ်ဖြစ်ပွားခဲ့ရာ လမ်းတစ်လျှောက်တွင် မီးလောင်နေသော မော်တော်ယာဉ်များ ပြန့်ကျဲနေပြီး ထိတ်လန့်နေသောဒေသခံအချို့မှာ အကာအကွယ်ယူရန် အပြေးအလွှားဖြစ်ခဲ့ကြသည်။

စစ်သားများက အမေရိကန်တွင် ထောင်ဒဏ်ကျခံနေရသော အယ်ချပို၏ သားတစ်ဦးအား ၎င်း၏မွေးရပ်မြေ ဆီနာလိုအာတွင် ဖမ်းမိခဲ့စဉ် လက်နက်အပြည့်အစုံကိုင်ဆောင်ထားသော သေနတ်သမားများက လုံခြုံရေးတပ်ဖွဲ့များအား အကြီးအကျယ် တိုက်ခိုက်ခဲ့ကြသည်။ နောက်ပိုင်းတွင် အယ်ချပို၏သားအား ပြန်လွှတ်ပေးခဲ့ကြောင်း သတင်းထွက်ခဲ့သည်။

စစ်သားများသည် ပြည်နယ်မြို့တော် ကူလီယာကန်တွင် ပုံမှန်အတိုင်းကင်းလှည့်နေစဉ် ပစ်ခတ်ခံခဲ့ရကြောင်း လုံခြုံရေးဝန်ကြီး အယ်ဖွန်ဆိုဒူရာဇိုက ပြောကြားခဲ့သည်။ ပစ်ခတ်ခံခဲ့ရပြီးနောက် စစ်သားများက နေအိမ်တစ်လုံးထဲ ဝင်ရောက်၍ အကာအကွယ်ယူခဲ့ပြီး ထိုအိမ်ထဲတွင် အယ်ချပို၏သားတစ်ဦးဖြစ်သူ အိုဗီဒီယို ဂူဇ်မန်အပါအဝင် လူလေးဦးအား ဖမ်းမိခဲ့ခြင်းဖြစ်သည်။

ဖခင်ဖြစ်သူ အယ်ချပို ၂၀၁၇ ခုနှစ်တွင် အမေရိကန်သို့လွှဲပြောင်းပေးခံခဲ့ရပြီးနောက်ပိုင်း အိုဗီဒီယို ဂူဇ်မန်က တစ်စိတ်တစ်ပိုင်း ထိန်းချုပ်ထားသော ဆီနာလိုအာမူးယစ်ဆေးဂိုဏ်းမှ သေနတ်သမားများက ယင်းအိမ်ကို ၀ိုင်းရံခဲ့ကြကြောင်း၊ စစ်သားများထက် အင်အားအလွန်အမင်းများပြားသော ထိုသေနတ်သမားများက မြို့၏နေရာအများအပြားတွင်လည်း တိုက်ခိုက်ခဲ့ကြကြောင်း ဒူရာဇိုက ပြောကြားခဲ့သည်။

အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားနေစဉ်အတွင်း ကူလီယာကန်ရှိ Aguaruto အကျဉ်းထောင်မှ အရေအတွက်အတိအကျမသိရသော အကျဉ်းသားအချို့ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း ဆီနာလိုအာပြည်နယ်အစိုးရအဖွဲ့မှ အမည်မဖော်လိုသူ သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

ကူလီယာကန်မြို့တွင်းရှိ နေရာအနှံ့၌ အကျိုးသက်ရောက်မှုကြီးသော ပစ်ခတ်မှုဖြစ်ရပ်များဖြစ်ပွားခဲ့သော်လည်း နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးစေရန် လုပ်ဆောင်နေကြောင်း၊ ဒေသခံများအနေဖြင့် စိတ်အေးအေးထားရန်၊ လမ်းပြင်သို့မထွက်ရန်၊ ပြောင်းလဲနေသော အခြေအနေနှင့်ပတ်သက်၍ တရားဝင်အကြံပြုချက်များကို အာရုံစိုက်ကြရန် ပြည်နယ်အစိုးရအဖွဲ့က တိုက်တွန်းထားသည်။

အသက် ၆၂ နှစ်အရွယ် မူးယစ်ရာဇာ အယ်ချပိုသည် ကိုကင်း၊ ဘိန်းဖြူ၊ မက်သာဖက်တမင်း၊ မာရီဂျူအာနာ စသော မူးယစ်ဆေးတန်ချိန်ရာပေါင်းများစွာကို အမေရိကန်သို့ ရာစုနှစ်၏လေးပုံတစ်ပုံ အချိန်ကာလထိ မှောင်ခိုကူးခဲ့မှုကြောင့် ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခံရသည်။ သို့သော် ၎င်းဦးစီးခဲ့သည့် စီနာလိုအာဂိုဏ်းအဖွဲ့သည် မက္ကဆီကိုနိုင်ငံရှိ အင်အားအတောင့်ဆုံး အဖွဲ့များထဲတွင် ပါဝင်နေဆဲဖြစ်သည်။

အယ်ချပိုကို အမေရိကန်သို့ လွှဲပြောင်းပေးခံခဲ့ရခြင်းက စီနာလိုအာ မူးယစ်ဆေးဝါးဂိုဏ်းအဖွဲ့တွင်း၌ မငြိမ်မသက်ဖြစ်စေခဲ့ပြီး အဖွဲ့ကိုဦးစီးရန် အယ်ချပို၏သားဖြစ်သူ အိုဗီဒီယိုနှင့် အယ်ချပို၏အစ်ကိုဖြစ်သူ အယ်ဖရီဒိုသည် အဖွဲ့ပူးတွဲတည်ထောင်သူ အစ္စမေးအယ်မာယိုဇမ်ဘာဒါနှင့် အာဏာလုပွဲဆင်နွှဲခဲ့ခြင်းကြောင့် လူအများအပြား သေဆုံးခဲ့သည်။ သို့သော် နောက်ပိုင်းတွင် အပစ်အခတ်ရပ်စဲခြင်းဖြင့် အဖွဲ့၏အခြေအနေကို ပြန်ထိန်းထားခဲ့ကြသည်။

ယခုအချိန်တွင် အယ်ချပိုသည် အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ်ရှိ လုံခြုံရေးအတင်းကျပ်ဆုံးချထားရာ ADX ဖက်ဒရယ် အကျဉ်းထောင်တွင် ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျခံနေသည်။    

 

 

Most Read

Most Recent