အမေရိကန်နှင့် ကုန်သွယ်ရေးစစ်ပွဲကြောင့် အထိနာခဲ့ပြီး ပြည်တွင်းဝယ်လိုအား အေးစက်နေခဲ့သဖြင့် တတိယသုံးလပတ်တွင် တရုတ်စီးပွားရေး တိုးတက်မှုသည် ဆယ်စုနှစ်သုံးခုအတွင်း အနိမ့်ဆုံးဖြစ်သွားခဲ့ကြောင်း အောက်တိုဘာ ၁၈ တွင် ထုတ်ပြန်ခဲ့သော စာရင်းအင်းများက ဖော်ပြခဲ့သည်။
ကမ္ဘာ့စီးပွားရေးတိုးတက်မှုအတွက် အဓိကတွန်းအားဖြစ်သော တရုတ်၏ တိုးတက်မှု နှေးကွေးခဲ့မှုသည် ကမ္ဘာအတွက်လည်း စိုးရိမ်မှု ထပ်တိုးစေခဲ့သည်။
တရုတ်စီးပွားရေးသည် ဇူလိုင်- စက်တင်ဘာ သုံးလပတ်တွင် ၆ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ၆.၂ ရာခိုင်နှုန်း တိုးတက်ခဲ့သော ဒုတိယသုံးလပတ်ထက် နှေးကွေးသွားခဲ့ကြောင်း အမျိုးသားစာရင်းအင်းဗျူရိုက ထုတ်ပြန်ခဲ့သည်။ ထိုစာရင်းအင်းများအရ တရုတ်စီးပွား ရေးတိုးတက်မှုသည် ၁၉၉၂ ခုနှစ် နောက်ပိုင်း သုံးလပတ် တိုးတက်မှုတွင်အနိမ့်ဆုံးဖြစ်ကြောင်း အေအက်ဖ်ပီက ဖော်ပြခဲ့သည်။
သို့သော်လည်း တစ်နှစ်လုံးတွင် ၆ ရာခိုင်နှုန်းမှ ၆.၅ ရာခိုင်နှုန်းကြား တိုးတက်ရန် တရုတ်အစိုးရက ရည်မှန်းထားမှုအတွင်းတွင် ရှိနေဆဲဖြစ်သည်။ ၂၀၁၈ ခုနှစ်တွင် တရုတ်စီးပွားရေးသည် ၆.၆ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။
တရုတ်စီးပွားရေးသည် တည်ငြိမ်နေကြောင်း စာရင်းများက ဖော်ပြနေသည်ဟု စာရင်းအင်းဗျူရိုပြောခွင့်ရပုဂ္ဂိုလ် မော်ရှန်းယုံက ပြောကြားခဲ့ပြီး ပြည်တွင်းပြည်ပတွင် စီးပွားရေးအခြေအနေ ရှုပ်ထွေးနေသည်ကို သတိပြုရမည်ဟု သတိပေးခဲ့သည်။
ဝန်ဆောင်မှုနှင့် အဆင့်မြင့်နည်းပညာ ထုတ်လုပ်မှုတို့သည် တိုးတက်မှု၏ အဓိက မောင်းနှင်အားများဖြစ်ကြောင်း အလုပ်အကိုင်ရရှိမှုလည်း တိုးတက်နေကြောင်း မော်ရှန်းယုံက ပြောကြားခဲ့သည်။
အခွန်လျှော့ချမှုများ၊ ဘဏ်များက ချေးငွေထုတ်ချေးရန် လွယ်ကူစေရန် ဆောင်ရွက်မှုများကို လုပ်ဆောင်ခဲ့ပြီး စီးပွားရေးကို ထောက်ကန်ရန် ပေကျင်းက ကြိုးပမ်းနေခဲ့သည်။ ကာလလတ်ချေးငွေလုပ်ငန်းများနှင့် ဘဏ်များမှတစ်ဆင့် ဘဏ္ဍာရေးစနစ်တွင်းသို့ ဒေါ်လာ ၂၈ ဘီလျံ ထည့်သွင်းမည် ဖြစ်ကြောင်း တရုတ်ဗဟိုဘဏ်က အောက်တိုဘာ ၁၆ တွင် ကြေညာခဲ့သည်။
သို့သော်လည်း ပြည်တွင်းဝယ်လိုအား နှေးကွေးမှုကို ကာမိရန် ယင်းကြိုးပမ်းမှုများက မလုံလောက်သေးဘဲ ပို့ကုန်နှင့်ရင်းနှီးမြုပ်နှံမှုကို အခြေပြုသော စီးပွားရေးမှ စားသုံးသူအခြေပြု စီးပွားရေးတည်ဆောက်ရန် တရုတ်ခေါင်းဆောင်များ၏ ရုန်းကန်နေရမှုကို တိုးတက်မှုနှေးကွေးခြင်းက သက်သေထူခဲ့သည်။
ကုန်သွယ်ရေး ပဋိပက္ခနှင့် ပြည်တွင်းဝယ်လိုအား ကျဆင်းမှုတို့ကြောင့် ၂၀၁၉ ခုနှစ်အတွက် တရုတ်စီးပွားရေးတိုးတက်မှု ခန့်မှန်းချက်ကို ၆.၂ ရာခိုင်နှုန်းမှ ၆.၁ ရာခိုင်နှုန်းသို့ ပြင်ဆင်လျှော့ချကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က အောက်တိုဘာ ၁၅ တွင် ကြေညာခဲ့သည်။
တရုတ်ကုန်သွယ်ရေး စေ့စပ်ညှိနှိုင်းသူ လျူဟေနှင့်တွေ့ဆုံခဲ့ပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က စည်းကြပ်ခွန် တိုးမြှင့်ထားမှုများကို ယာယီရပ်ဆိုင်းမည့် ပထမအဆင့်သဘောတူညီချက်ကို ပြီးခဲ့သည့်သီတင်းပတ်က ပြောကြားခဲ့သည်။
ယင်းသဘောတူညီချက်သည် ကမ္ဘာစျေးကွက်များအတွက် ကောင်းမွန်သည့် လက္ခဏာဖြစ်ကြောင်း အမျိုးသားစာရင်းအင်း ဗျူရိုပြောခွင့်ရပုဂ္ဂိုလ် မော်ရှန်းယုံက ပြောကြားခဲ့သည်။ ယင်းသဘောတူညီချက်၏ အသေးစိတ်ကို အကောင်အထည်ဖော်ရန် တရုတ်စေ့စပ်ညှိနှိုင်းသူများက အရှိန်မြှင့် ဆောင်ရွက်နေကြောင်း တရုတ်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် ကောင်းဖိန်က အောက်တိုဘာ ၁၇ တွင် ပြောကြားခဲ့သည်။














