နိုင်ငံတကာ အဖွဲ့အစည်းများထံ တိုက်ရိုက်အကူအညီ တောင်းခံခြင်းကို အစိုးရ ခွင့်ပြုမှ လက်ခံရမည်ဟူသော အချက်သည် NCA နှင့်ကိုက်ညီမှုမရှိဘဲ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ယုံကြည်မှု လျော့စေဟု PPST အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပြောကြား

နိုင်ငံတကာ အဖွဲ့အစည်းများထံ တိုက်ရိုက်အကူအညီ တောင်းခံခြင်းကို အစိုးရ ခွင့်ပြုမှ လက်ခံရမည်ဟူသော အချက်သည် NCA နှင့်ကိုက်ညီမှုမရှိဘဲ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ယုံကြည်မှု လျော့စေဟု PPST အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပြောကြား
PPST ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းငင်း (ဝဲ) အား တွေ့ရစဉ် (Photo : NCA-S EAO)
PPST ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းငင်း (ဝဲ) အား တွေ့ရစဉ် (Photo : NCA-S EAO)
Published 15 October 2019
မင်းနိုင်စိုး

ဒေသဖွံ့ဖြိုးရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများထံ တိုက်ရိုက်အကူအညီ တောင်းခံခြင်းမပြုရန် အစိုးရက NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ကို ပေးပို့ထားသည့် ညွှန်ကြားစာနှင့် ပတ်သက်၍ NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က ကန့်ကွက်ခဲ့ပြီး အစိုးရခွင့်ပြုမှ လက်ခံရမည်ဟူသော အချက်သည် NCA စာချုပ်နှင့် ကိုက်ညီမှုမရှိဘဲ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ယုံကြည်မှုလျော့ပါးစေဟု PPST အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အဖွဲ့မှ ဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားသည်။

NCA ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် PPST အဖွဲ့၏ အစည်း အဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်တွင် အောက် တိုဘာ ၁၀ ရက်မှ ၁၂ ရက်အထိ ပြုလုပ်ခဲ့ပြီး အဆိုပါ အစည်းအဝေးတွင် အစိုးရ၏ ညွှန်ကြားစာအပေါ် ကန့်ကွက်မှုများရှိခဲ့ရာ ယင်းကိစ္စအတွက် အစိုးရထံ PPST အဖွဲ့က အမြန်ဆုံး စာရေးသား ပေးပို့သွားမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားသည်။

“အဲဒီ ငြိမ်းချမ်းရေးကော်မရှင်ကနေ ပြီးတော့ ကျွန်တော်တို့ ၁၀ ဖွဲ့ဆီ ပို့ခဲ့တဲ့စာက နိုင်ငံတကာ အကူအညီ ရယူရေး ကိစ္စနဲ့ ပတ်သက်တဲ့စာပေါ့။ အဲဒီစာထဲမှာပါတဲ့ အကြောင်းအရာတွေက ဒီ NCA မှာ ပြဋ္ဌာန်းထားတဲ့ အချက်တွေနဲ့ ကိုက်ညီမှု မရှိဘူးပေါ့ဗျာ။ အဲဒါကြောင့်မို့ ကျွန်တော်တို့ဘက်ကတော့ အဲဒါကို ကန့်ကွက်တယ်။ မဖြစ်သင့်ဘူးပေါ့ဗျာ။ အဲဒီလိုမျိုး စာရေးသားပေးပို့ လာတဲ့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်ရာမှာ ယုံကြည်မှုကို လျော့ပါးစေနိုင်တာပေါ့။ အဲဒါကြောင့်မို့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အစိုးရဘက်က သေချာ ပြန်စဉ်းစားပါဆိုတဲ့ အနေအထားနဲ့ PPST ကနေပြီးတော့ တရားဝင်စာပေါ့။ စာရေးပြီး အကြောင်းပြန်မှာ ဖြစ်ပါတယ်။ ကျွန်တော်ထင်တယ်။ ဒီတစ်ပတ်အတွင်းမှာပဲ ဖြစ်မယ်ထင်တယ်။ အမြန်ဆုံးလို့တော့ ပြောပါတယ်” ဟု ဗိုလ်မှူးကြီး စိုင်းငင်းက ပြော ကြားသည်။

အစိုးရထံ ပေးပို့မည့် PPST အဖွဲ့၏ စာတွင် အထက်ပါအချက်များ ပါဝင်ထည့်သွင်း ရေးသားသွားမည်ဖြစ်ပြီး NCA စာချုပ်တွင် ညှိနှိုင်းဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်းထားသည့်အတွက် နိုင်ငံတကာ အကူအညီ ရယူရေးနှင့် ပတ်သက်၍ နှစ်ဖက်ညှိနှိုင်းသွားမည်ဟု PPST အဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

“ခုနက ပြောသလို အစိုးရဆီက ခွင့်ပြုချက်ရမှ ဆိုတာမျိုးက NCA ထဲမှာ မပါဘူး။ အဲဒါကြောင့်မို့လို့ အဲဒီလို အရေးအသားနဲ့ ပေးပို့လာတဲ့အတွက် ကျွန်တော်တို့ ၁၀ ဖွဲ့ကလည်း ကိုယ့်အပေါ် ဒီဘက်က NCA လက်မှတ် ရေးထိုးထားတဲ့ ၁၀ ဖွဲ့အပေါ်ကိုများ တဖြည်းဖြည်းနဲ့ အစိုးရဘက်က ကန့်သတ်လာသလားဆိုတဲ့ အမြင်မျိုးလည်းရှိတယ်။ အဲဒီလို အနေအထားမျိုးကျတော့ ကျွန်တော်တို့ဘက်က စိုးရိမ်တယ်လေ။ တော်ကြာ ဒီ NCA ထိုးထားတဲ့ ၁၀ ဖွဲ့ကိုတောင်မှ အစိုးရဘက်က ဒီလောက်တင်းကျပ် လာမယ်ဆိုရင် တဖြည်းဖြည်းနဲ့ ကန့်သတ်မှုတွေ၊ တင်းကျပ်မှုတွေ ရှိလာမယ်ဆိုရင် NCA ပြင်ပ အဝန်းအဝိုင်းမှာရှိနေတဲ့ ကျန်တဲ့ ကိုယ့်ညီနောင် အဖွဲ့အစည်းတွေကလည်း အမြင်တစ်မျိုး မြင်မှာလည်း ကျွန်တော်တို့က စိုးရိမ်တယ်” ဟု ဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားသည်။

အစိုးရနှင့် NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နှစ်ဖက်စလုံး က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အားလုံးပါဝင်ရေးမူကို လက်ခံထားကြပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်ရေးအတွက် သက်ဆိုင်ရာ အစုအဖွဲ့များ တတ်နိုင်သလောက် ပါဝင်မှသာ အောင်မြင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“ဒါကြောင့် ဒီအတောအတွင်းမှာ အစိုးရဘက်က နားလည်မှုလွဲနေတဲ့ အကြောင်းကြားလာတဲ့ သဘောမျိုးက မဖြစ်သင့်ဘူးဆိုတဲ့ အနေအထားမျိုးပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကိစ္စကို ကျွန်တော်တို့ အစိုးရနဲ့ သီးသန့် ထပ်ပြောဖို့ရှိတယ်။ စာနဲ့လည်းပြောမယ်။ အလုပ်အဖွဲ့ ညှိနှိုင်းရေးအဖွဲ့နဲ့ တွေ့တဲ့အခါမှာလည်း ဒီကိစ္စကို ထည့်သွင်းပြီး တရားဝင် ပြန်ပြီးပြောကြားမှာ ဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားသည်။

NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် ၎င်းတို့၏ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် လိုအပ်ချက်များအား ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံခြားသံရုံးများနှင့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (INGO) ထံ တိုက်ရိုက်အကူအညီ တောင်းခံခြင်းမျိုး မလုပ်ဘဲ NRPC သို့ ဦးစွာတင်ပြ၍ ခွင့်ပြုချက် တောင်းခံသွားရန် ငြိမ်းချမ်းရေးကော်မရှင်က NCA လက်မှတ်ရေးထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ကို ညှိနှိုင်းအကြောင်းကြားစာ ပေးပို့ထားသည်။

စက်တင်ဘာ ၃ ရက် ရက်စွဲဖြင့် ငြိမ်းချမ်းရေး ကော်မရှင်ဥက္ကဋ္ဌကိုယ်စား ကော်မရှင်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း) က လက်မှတ်ရေးထိုးကာ NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များထံ ပေးပို့ခဲ့ခြင်းဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် မိမိတို့ဒေသအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လိုအပ်ချက်များအား UN အဖွဲ့အစည်းများ၊ နိုင်ငံခြားသံရုံးများနှင့် INGO များထံသို့ တိုက်ရိုက်ဆက်သွယ်၍ အကူအညီ တောင်းခံခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်ဟု အဆိုပါ ညှိနှိုင်းအကြောင်းကြားစာတွင် ဖော်ပြခဲ့သည်။

 

 

Most Read

Most Recent